Monday, September 10, 2012

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုသည် ရေရှည် ဖြစ်သော ပြုပြင်ပြောင်းလဲ ရေး ဖြစ်ရန်လို


နှစ်ပေါင်း နှစ်ဆယ့်လေးနှစ်ကျော် ကြာမှ ပြန်လည်ေ ရာက်ရှိလာခဲ့သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) မှ ဒေါက်တာနိုင်အောင် ၊ ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်း အစိုးရ (အန်စီဂျီယူဘီ) မှဒါက်တာသောင်းထွန်း တို့နှင့် မြန်မာ အင်ဒီပဲန်ဒင့် တို့ တွေ့ဆုံမေးမြန်းထား သည်များမှ ကောက်နုတ်   ဖော်ပြ လိုက်ပါသည်။


ဩဂုတ် ၃၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခဲ့ပြီး လက်ရှိ နိုင်ငံတော် သမ္မတ၏ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေမှုများ နှင့်ပတ်သက်၍ (အေဘီအက်စ်ဒီအက်ဖ်) မှ ဒေါက်တာ နိုင်အောင်က သုံးသပ် ပြောကြားရာတွင် “လက်ရှိ မြန်မာ နိုင်ငံပြုပြင်ပြောင်းလဲမှုတွေ ကြည့်မယ် ဆိုရင်တော့ အရင်ကထက် စာရင် ပြောင်းလဲမှုအတွက် အလင်းရောင် တွေမြင်လာရပြီ။ နောက်ပြီးတော့ အရေးကြီးတဲ့ ခြေလှမ်းတွေ လှမ်း ဖြစ်ပြီ။ အတိုက်အခံတွေနဲ့ စကားပြောလာတာ၊ တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ ဆွေးနွေး လာတာ၊ အပြန်အလှန် ပူးပေါင်းဆွေးနွေး လာတာ၊ နောက်ပြီးတော့ မီဒီယာ လွတ်လပ်ခွင့် ပေးတာတွေ။ လောလောဆယ်မှာ ဆိုလို့ရှိရင် ကျွန်တော်တို့ ပြည်ပမှာရှိတဲ့ အတိုက်အခံတွေနဲ့ ပြန်တွေ့တာ၊ ရှစ်လေးလုံး ပွဲတွေ လုပ်လာတာတွေ အစရှိတဲ့ ပိုပြီးတော့ တာဝန်ယူရတဲ့ စွန့်စားရတဲ့ ခြေလှမ်းမျိုးတွေ လုပ်လာတာကို တွေ့ရတယ်။ လက်တွေ့မှာတော့ တစ်နိုင်ငံလုံးရဲ့အပြောင်းအလဲ တွေကို   ရေရှည် ဖြစ်တဲ့ အပြောင်းအလဲ တွေ လုပ်နိုင်ဖို့ ဆိုရင်တော့ ကျွန်တော်တို့က အားလုံးကို ခြုံငုံ စဉ်းစားပြီးတော့ တစ်အုပ်လုံး ပါနိုင်မယ့် အပြောင်းအလဲတွေ ဖြစ်ဖို့ လိုအပ်တယ်။ ထိပ်ပိုင်းမှာ ပြောင်းလဲနေတာထက် ယန္တရားတစ်စုံလုံးက လိုက်ပါ ဆောင်ရွက်ပြောင်းလဲဖို့ လိုနေသေး တယ်။ ပြည်သူလူထုတွေ ခံစားနိုင်မယ့် သူတို့ကိုယ်တိုင် လက်တွေ့ သိရှိ နိုင်မယ့် ဥပဒေဖြစ်အောင် လုပ်ဖို့လိုနေသေးတယ်။ ဒါတွေကလည်း အခုချက်ခြင်း လုပ်ရမယ် ဖြစ်ရမယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့ အနေနဲ့က အရင်တုန်းက ဆိုရင်တော့ တံခါးပိတ် အစည်းအဝေး ဆုံးဖြတ်ချက် ချလုပ်တာမျိုး ကနေပြီး အခုပညာရှင်တွေ ခေါ်ပြီး လုပ်လာတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ အမြင်ကတော့ ပညာရှင်တွေ အပါအဝင် လူထုအဖွဲ့အစည်း၊ နိုင်ငံရေး အင်အားစုတွေ အပါအဝင် လက်တွဲ အလုပ်လုပ်တယ် ဆိုလို့ရှိရင် ပိုပြီး အားကောင်းလာမယ်လို့ ထင်ပါတယ်”ဟု ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေခြင်း အပေါ် ယင်း၏ သဘောထားကို ပြောသည်။
ဆက်လက်၍ (အန်စီဂျီယူဘီ) မှ ဒေါက်တာ သောင်းထွန်းကလည်း နိုင်ငံတော် သမ္မတ၏ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ချက်များကို သုံးသပ် ပြောကြားရာတွင် “သမ္မတရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ဖော်ပြထားတဲ့ အချက်အလက်တွေ၊ ပြုပြင်ပြောင်းလဲရေး အခြေခံတွေကို ကြိုဆိုပါတယ်။ ပြုပြင် ပြောင်းလဲရေးအတွက် အင်မတန် လုပ်သင့်တဲ့ ကိစ္စပါ။ ပြုပြင် ပြောင်းလဲရေးကို အကောင်အထည် ဖော်တဲ့အခါမှာ ရှေ့မှာ စိန်ခေါ်မှုနဲ့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ တစ်ဖက်မှာ နိုင်ငံရေး အရ၊ ဥပဒေရေး အရ၊ တရားရေး အရ၊ ပြောင်းလဲရေး အရ၊ ပေါ်လစီအရ လုပ်သလို၊ အကောင်အထည် ဖော်မှုပိုင်းမှာ (သို့မဟုတ်) အမြင်သစ်တွေကို စီမံရေးဆွဲတဲ့အခါ လူတန်းစား အလွှာအသီးသီးက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုပါတယ်။ ဒါမှလည်း တည်ငြိမ်ပြီး အောင်မြင်တဲ့ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်မှာပါ”ဟု ပြောသည်။
ယင်းမှ ဆက်လက်၍ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများနှင့် ပတ်သက်၍ ယခုလို ပြောကြားခဲ့သည်။ “နှစ်ပေါင်း ၅ဝ ကျော်ဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့အတွက် ကြောင့်မို့ ဒီလိုမျိုး နိုင်ငံရေး ပြဿနာတွေကို အဖြေရှာတဲ့အခါ တစ်ဖက်စီမှာ သူတို့ရဲ့ရပ်တည်ချက်တွေ အမြင်တွေ ရှိပါတယ်။ အမြင်တွေ ကွဲပြားမှုတွေကို တဖြည်းဖြည်း ကျဉ်းမြောင်းသွားအောင် လုပ်ဖို့လိုမယ်။ ဒီလိုမျိုး ညှိနှိုင်းမယ့်အခါမှာ အထက်ကနေ လက်ခံ နိုင်မယ့် သဘောတူညီချက်မျိုး ရနိုင်အောင် လွတ်လပ်ပြီး သမာသမတ်ရှိတဲ့ ကြားခံညှိနှိုင်းပေးဖို့ လိုမယ်လို့ထင် ပါတယ်။ နောက်တစ်ခုက ပြည်တွင်းစစ်    ပြဿနာဟာ ကျွန်တော်တို့ ဖွံ့ဖြိုးမှုကွာဟတဲ့ ပြဿနာတစ်ခုထဲ မဟုတ်ပါဘူး။ မြန်မာပြည် အလယ်ပိုင်းမှာ ဖွံ့ဖြိုးမှုအဆင့်က ပြည်နယ်တွေထက် စာရင် နိမ့်တယ်။ ဖွံ့ဖြိုးမှု အဆင့် ကွာဟမှုကြောင့် လက်နက်ကိုင် ဖြစ်ပွားတာ မဟုတ်ဘဲ အခွင့်အရေး ပြဿနာကြောင့် ဖြစ်တာပါ။ တန်းတူညီမျှကိစ္စနဲ့ သူတို့ရဲ့ဒေသကို ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ အခွင့်အရေး ကိစ္စတွေကို အသိအမှတ်ပြုတဲ့ ရှုထောင့်ကနေပြီးတော့ ဘယ်လို အသိမှတ်ပြုမလဲ။ ဘယ်လို ကာကွယ်ပေးမလဲ။ ဒါတွေနဲ့ ချဉ်းကပ်မှ အောင်မြင်မယ်လို့ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း သမ္မတအပါအဝင် အခြားသော တွေ့သင့်တွေ့ထိုက်သူ များကိုလည်း တွေ့ဆုံသွားရန် ရှိကြောင်း၊ သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် မည်သည့် အကြောင်းအရာများ အဓိကထား ဆွေးနွေးသွားမည် ဆိုသည်ကိုလည်း (အန်စီဂျီယူဘီ)မှ ဒေါက်တာသောင်းထွန်းက ယခုလို ပြောသည်။
“အဓိက ကတော့ သမ္မတနဲ့ တွေ့ရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တည် ဆောက်ရေး ကဏ္ဍတွေမှာ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ဘယ်ကဏ္ဍကနေ ပြီးတော့ ပံ့ပိုးကူညီ ဆောင်ရွက်နိုင်မလဲ။ ပြည်ပမှာ အနှစ် ၂ဝ ကျော် ကြာပြီးမှ မြန်မာနိုင်ငံထဲကို ပြန်လာကြမယ် ဆိုရင် ဘယ်လို ပုံသဏ္ဍန် ပြန်လာမလဲ ကအစ နေထိုင်မှု ပြဿနာ နိုင်ငံသားအဖြစ် ပြန်လည်ခံယူမှု ပြဿနာ၊ ဒီကိစ္စတွေ ကိုလည်း အားလုံးအတွက် ကျင့်သုံးနိုင်မယ့် လုပ်ထုံးလုပ်နည်း တစ်ရပ်၊ ပေါ်လစီ တစ်ရပ် ရှိဖို့ လိုပါတယ်။ ဒါတွေကို ဆွေးနွေး သွားမှာပါ” ဟု မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်ကို ဖြေကြားခဲ့ပါသည်။
From -MyanmarIndependentJournal

No comments:

Post a Comment