Wednesday, September 5, 2012

"ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန်းတစ်လုံး ငါးထောင်နှင့်ရောင်းမည်"

From- AF Ijournal
ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် လုပ်ကိုင်ခွင့်ရရှိက သတင်းထုတ်ပြန် ထားသည့်အတိုင်း ဖုန်းတစ်လုံးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ရောင်း ချပေးမည် ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ပြောသည်။
''လုပ်ကိုင်ခွင့်ရရှိဖို့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာပါ။ ဒီအတွက်လည်း အလုံးစုံ နီးပါး ပြင်ဆင်ထား ပြီးပါပြီ။ လောလောဆယ် ငါးထောင်နှုန်း သတ်မှတ် ထားပေမယ့် နောက်ပိုင်း အလကားပေးဖို့ အထိ ဆောင်ရွက်ပေးသွားမှာပါ'' ဟု ရွှေ ပြည်တံခွန် ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြော သည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဆက်သွယ်ရေး ကော်ပိုရေးရှင်း အတွက်ကုမ္ပဏီ နှစ်ခု ကို ရွေးချယ်ထားပြီး ကျန်ရှိနေသည့် ကုမ္ပဏီနှစ်ခုကို တင်ဒါ စနစ်ဖြင့်ခေါ်ယူသွားမည်ဟု သတင်း ထုတ် ပြန်ထားသည်။
ယင်းခေါ်ယူမှုကို ယခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီများလုပ်ကိုင်ခွင့်ကို လာမည့်နှစ်မှစတင်၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦး ထံမှ သိရသည်။
''ငွေကြေးသုံးစွဲနိုင်မှုအပေါ် မူတည်ပြီး ကုမ္ပဏီတွေကို ရွေးချယ်သွားမှာပါ။ လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီအားလုံး ဆက်သွယ်ရေးရဲ့ထိန်းချုပ်မှုအောက်မှာ အမြဲရှိနေရမှာပါ''ဟု ၄င်းက ပြောသည်။
အဆိုပါ ကိစ္စများအတွက် ရွှေပြည်တံခွန်ကုမ္ပဏီမှ ဦးလွင်နိုင်ဦးက ဆက်သွယ်ရေး ၏ ပြဋ္ဌာန်းချက် များနှင့်အညီ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်သူ များ စိတ်ချမ်းမြေ့မည့် စနစ်တစ်ခုဖြစ်၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြောသည်။
ရွှေပြည်တံခွန် ကုမ္ပဏီမှ ၄င်းတို့ ထုတ်လုပ်ရောင်းချမည့် ကျပ်ငါးထောင်တန် ဖုန်းများကို ၂ဝ၁၂ ဇန် နဝါရီလတွင် သတင်းများထုတ်ပြန် ကြေညာခဲ့သော် လည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အဆိုပါကိစ္စအား ဥပဒေအရ သာမက နည်းပညာအရပါ ဖြစ်နိုင်မှုမရှိ၍ ဖုန်းထုတ်လုပ်ရောင်းချခွင့်ကို ခွင့်ပြုပေး ခဲ့ခြင်းမရှိခဲ့ပေ။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဆက်သွယ်ရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှုအတွက် ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် မြန်မာ့ တယ်လီကွန်း နှင့် ရတနာပုံတယ်လီကွန်း ကုမ္ပဏီနှစ်ခုကို ရွေးချယ်ထားပြီး ကျန်ရှိ နေသည့် ကုမ္ပဏီ နှစ်ခုကို Elite နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ကုမ္ပဏီကရရှိမည်ဟု သတင်းများ ထွက်ပေါ် လျက်ရှိသည်။

No comments:

Post a Comment