Wednesday, September 12, 2012

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီ တရားရုံးသုံးရုံးသို့ ကွင်းဆင်းလေ့လာမည်

ရန်ကုန်၊ စက်တင်ဘာ - ၈ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီက စမ်းသပ်လေ့လာသည့်အနေဖြင့် တရားရုံးသုံးရုံးသို့ ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ထိုကဲ့သို့ လေ့လာဆောင်ရွက်မည
့် အစီအစဉ်နှင့် ပတ်သက်၍ “အဲဒီလို ကွင်းဆင်းတဲ့အခါကျရင် တရားသူကြီးတွေဘက်ကလည်း ကြည့်မယ်၊ ရှေ့နေတွေဘက်ကလည်း ကြည့်မယ်၊ အမှုသည်တွေဘက်ကလည်း ကြည့်မယ်၊ တရားရုံးတွေဟာ တကယ်အလုပ်လုပ်နေတဲ့ နေရာမှာ ဘယ်လိုဖြစ်နေလဲဆိုတာ ကျွန်မတို့လေ့လာဖို့ စီစဉ်ထားပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိအနေအထားတွင် ငွေကြေးအခက်အခဲနှင့် ၀န်ထမ်းအခက်အခဲများ ရှိနေသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်တွေ့ကျကျ လုပ်ဆောင်ရန် ခက်ခဲနေသေးကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီက တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် စက်တင်ဘာလ ၈ ရက်က ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဥပဒေနှင့်ဆိုင်သော ကော်မတီမှ တာဝန်ရှိသူများ၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပေါ့။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတဲ့အခါမှာ ခက်ခဲပေမယ့် နိုင်ငံအတွက် အကျိုးရှိတဲ့ ဒီလုပ်ငန်းကြီး တစ်ခုကိုတော့ စွမ်းဆောင်နိုင်မယ်လို့ ယူဆတဲ့အတွက် ဒီတာဝန်ကိုတော့ ယူပေးပါခင်ဗျလို့ မေတ္တာရပ်ခံခဲ့ပါတယ်။ စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦး စွမ်းဆောင်တဲ့နေရာမှာ သာမန်ပုဂ္ဂိုလ်တစ်ဦးနဲ့တော့ မတူပါဘူး”ဟု ပြောကြားသွားခဲ့သည်။

ထို့အပြင် တရားရေးဆိုင်ရာ ၀န်ထမ်းများနှင့် ပတ်သက်၍ “ဒီကနေ့ တရားရေးမဏ္ဍိုင်အပေါ်မှာ ဘယ်သူမှမရှိရဘူး။ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် တရားစီရင်လို့ ရပါတယ်ဆိုတာ ဘာဖြစ်လို့ ကြောက်နေလဲ။ သူ့ကို ဘယ်သူဖြုတ်လို့ ရမှာလဲ။ မတရားတာ လုပ်ရင်တော့ ဖြုတ်လို့ရလိမ့်မယ်။ ဒီသတ္တိမျိုးနဲ့ ဒီအယူအဆရှိဖို့ လိုတယ်။ လွတ်လပ်စွာ တရားစီရင်နေတာကို ဘယ်အာဏာပိုင်ကနေ ဒါမလုပ်နဲ့ ဒီဟာလုပ် အခုချိန်မှာ လာပြောမလား။ ဟောဒီမှာ ဒီလူလာပြောနေတယ်လို့ ပြောလို့ရနေပြီ”ဟု ဦးရွှေမန်းက ပြောကြားသွားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဆွေးနွေးသူများက ပညာရှင်တရားသူကြီးများ ဖြစ်လာရန်၊ ကျွမ်းကျင်သော ရှေ့နေကြီးများ ဖြစ်လာရန်၊ တရားရုံးများကို ပြည်သူများ မကြောက်ရန်၊ လာဘ်ပေးလာဘ်ယူကိစ္စ မူဝါဒတိတိကျကျ ချမှတ်ရန်၊ အုပ်ချုပ်ရေးဌာနက ၀န်ထမ်းများက ဥပဒေနှင့်အညီ စီမံအုပ်ချုပ် ပညာပေးရေး ပြုလုပ်ရန်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု ပြုလုပ်ရန်တို့ကို အကြံပြုခဲ့ကြသည်။

“ပြည်သူတွေက လက်ခံတယ်ဆိုတဲ့ ဥပဒေဆိုတာ ပြည်သူတွေက မိမိတို့နှလုံးသားနဲ့ နီးစပ်တဲ့ ဥပဒေပါ။ ပြည်သူတွေက ပထမ မိမိတို့နှလုံးသားနဲ့ နီးစပ်ဖို့ဆိုတာ နားလည်မှဖြစ်မယ်။ ဒီဥပဒေဟာ ဘာကြောင့် ပြဋ္ဌာန်းထားတာလဲဆိုတာ ပြည်သူတွေကို နားလည်အောင် ရှင်းပြဖို့ လိုပါတယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့အပြင် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများက မပါမဖြစ် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပြီး ၀ိုင်းဝန်းထိန်းပေးဖို့လိုကြောင်း ပြောကြားသွားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို အဓိက ဆောင်ရွက်သွားမည်ဟု ကြွေးကြော်ထားခဲ့သည်။
From -7DayNewsJournal

No comments:

Post a Comment