Thursday, September 20, 2012

နောက်ပြန်ဆွဲတွေကို နောက်မှာပဲ ချန်ထားခဲ့ရမယ့် အချိန် (မောင်ဝံသ-ပြောချင်လွန်းလို့)

နောက်ပြန်ဆွဲသူဆိုတာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လက်မခံရုံမက တစ်မိန့်တစ်အာဏာ ခေတ်ဟောင်း စနစ်ဟောင်းကို ပြန်ပြောင်း တသနေသူ၊  အပြောင်းအလဲတွေကို ကန့်လန့်တိုက်နေသူကို ခေါ်ပါတယ်။ သူတို့တွေကို တချို့က ကွန်ဆာဗေးတစ်တွေလို့ ခေါ်တယ်။ တကယ်ကတော့ သူတို့တွေဟာ ကွန်ဆာဗေးတစ် ဆိုတဲ့ စကားလုံးနဲ့တောင် မတန်ပါဘူး။ ကွန်ဆာဗေးတစ်တွေက ရှေးရိုးစွဲ နိုင်ငံရေး သမားတွေ ဖြစ်ပါတယ်။ အဆင့်ရှိပါတယ်။ အပြောင်းအလဲကို ကန့်လန့်တိုက်နေသူ တွေက ခေတ်ပြောင်းနေတာကိုတောင် မြင်အောင် မကြည့်တတ်ဘဲ သူတို့ ထင်သလို လုပ်ချင်ရာ လုပ်နိုင်ခဲ့တဲ့ခေတ်ကို ပြန်သွားချင်သူတွေ၊ ပြန်သွားလို့ရဦးမယ်လို့ ထင်နေသူတွေ ဖြစ်တယ်။


ယခင်  လုပ်နည်းတွေကို  မကြိုက်တော့ဘူး 
“ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျွန်တော်တို့ အစိုးရရဲ့ အောက်ခြေ ရပ်ကွက်ကျေးရွာ အဆင့်မှ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်မှ ပြည်ထောင်စုအဆင့်အထိ ရှေးယခင် လုပ်နည်းလုပ်ဟန်တွေအတိုင်း လုပ်ကိုင် ဆောင်ရွက်နေကြတာကို မကြိုက်တော့ဘူး ဆိုတဲ့ အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Reform  ကို ထိထိရောက်ရောက် ပြောင်းလဲ လုပ်ရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်”
        ၁၁ မေ ၂၀၁၂ နေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမို ထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးမှာ ပြောကြားခဲ့တဲ့ သမ်္မတကြီး ဦးသိန်းစိန်ရဲ့ အမှာစကားကို နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ထဲက ကောက်နုတ်ပြီး ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေးခဲ့တယ်ဗျ။

လူတွေ မကောင်းရင်  မအောင်မြင်နိုင်
အဲဒီ မေ ၁၁ မိန့်ခွန်းထဲက “ယခု ကောင်းမွန်တဲ့ မူတွေ ချပေးပြီး ဖြစ်ပါတယ်၊ မူတွေ ကောင်းသော်လည်း လူတွေ မကောင်းရင် မအောင်မြင်နိုင်ပါဘူး၊ တိုးတက်လိုတဲ့ အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်ပြန် ဆွဲလိုသူတွေကိုတော့ နောက်မှာ ချန်ထားခဲ့ရပါမယ်”ဆိုတဲ့ စာပိုဒ်ကို ဖတ်လိုက်ရတော့ ကျွန်တော် အရမ်း စိတ်ဝင်စားသွားတယ်ဗျာ။
        “စကားပြောရာမှာ အေးဆေးညင်သာသလောက် သိမ်မွေ့နူးညံ့ပုံရတဲ့ နိုင်ငံတော်သမ္မတဟာ သည်လို စကားလုံးမျိုးကို အတော် သုံးခဲပါတယ်၊ ယခု သည်လို ပြောလိုက်ပြီဆိုတော့ တကယ်ပဲ နောက်ချန်ထားခဲ့ဖို့ ဆုံးဖြတ်ပြီးပုံရပါတယ်”
        လို့ ၁၈၊ ၅၊ ၂၀၁၂ နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ကျွန်တော် ဆောင်းပါး ရေးခဲ့ပြီးနောက်  ယခု လေးလမျှ အကြာမှာ တကယ် စပြီး အကောင်အထည်ဖော်တာ တွေ့ရပြီဗျာ။ 
        ရှေ့စကား နောက်စကား ဆက်စပ် ပြောရရင်ဖြင့် ခေတ်နောက်ပြန် ဆွဲသူတွေထဲမှာ “အစိုးရရဲ့ အောက်ခြေ ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်မှ ပြည်ထောင်စုအဆင့်အထိ” ပါနိုင်တယ်လို့ တွက်ဆ ခဲ့တယ်ဗျ။ သည်တော့ ပြုပြင်ပြောင်းလဲရေးတွေကို ခြေလှမ်းရဲရဲနဲ့ ရှေ့တိုးသွားခြင်းနဲ့ တစ်ပြိုင်တည်းမှာ အဆင့်တိုင်းက ခေတ်နောက်ပြန်ဆွဲသူတွေကို နောက်ချန်ထားခဲ့တဲ့ အလုပ်ကိုလည်း ဆက်လုပ်သွားလိမ့်မယ်လို့ မျှော်လင့်ရတယ်ဗျ။ ၁၈၊ ၀၅၊ ၁၂
        ဆက်လက်ပြီး ခေတ်နောက်ပြန်ဆွဲတွေနဲ့ ပတ်သက်လို့ ကျွန်တော် ရေးခဲ့တာလေးတွေထဲက သင့်နိုးရာအချို့ကို ကောက်နုတ် တင်ဆက်ပေးလိုက်ပါတယ်။

ဖယောင်းတိုင်မီးနဲ့  ကျွန်တော်
ဟောဗျ၊ ကျွန်တော် သည်ဆောင်းပါးလေး ရေးနေတုန်း မီးပြတ်သွားတယ်ဗျာ။ ကျွန်တော်စာရေးရင် ကွန်ပျူတာနဲ့ ရေးတာကြာပြီ။  ခုရက်ပိုင်းတွေမှာ မီးက ပြတ်သလား မမေးနဲ့၊ ဘက်ထရီအား ပြန်ပြည့်လောက်အောင် မီးက မလာတော့ ယူပီအက်စ်နဲ့လည်း ဖွင့်မရတော့ဘူး။ သည်တော့ ဖယောင်းတိုင် ၃-၄ တိုင် ပူးထွန်းပြီး စာရွက်ပေါ်မှာ ဘောလ်ပင်နဲ့ ဆက်ရေးရတယ်ဗျ။  ကျွန်တော့်အိမ်က ဆူးလေဘုရားနဲ့ တစ်ခေါ်လောက်ပဲ ဝေးတယ်။ ညဦးပိုင်းသာဆိုရင် ဖယောင်းတိုင် ကိုင်ပြီး ဆန္ဒပြသူတွေနဲ့ သွားရောက် ပူးပေါင်းဖို့ပဲ ရှိတော့တာပေါ့ဗျာ။ ခုလည်း သည်ဆောင်းပါးနဲ့ ထောက်ခံ လိုက်ပါတယ်။ နိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေ လျှပ်စစ်မီး လုံလောက်စွာ ရရှိအောင် စီစဉ်ပေးဖို့ ဖယောင်းတိုင်မီးလေးတွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ပန်ကြား တောင်းဆို ဆန္ဒပြနေကြခြင်းကို ကျွန်တော် အလေးအနက် ထောက်ခံကြောင်းပါဗျာ။ ၂၃၊ ၀၅၊ ၂၀၁၂

ပြည်ထောင်စု  စစ်စစ်မူ
၁၉၆၁ မှာ ရှမ်းပြည်နယ်နဲ့ ပြည်နယ်အချို့က နိုင်ငံရေးခေါင်းဆောင်တွေက တောင်ကြီးမြို့မှာ ညီလာခံကြီး ကျင်းပပြီး ပြည်ထောင်စုစစ်စစ် ဖက်ဒရယ်မူကို တောင်းဆိုကြတဲ့အခါ ၀န်ကြီးချုပ် ဦးနုက သူတို့အားလုံးကို  ရန်ကုန်ကို ဖိတ်ပြီး အကျေအလည် ဆွေးနွေးတယ်။ ၁၉၆၂ ဖေဖော်ဝါရီလမှာ အသံလွှင့်ရုံကြီးမှာကို ညီလာခံ ကျင်းပပေးပြီး အချေအတင် ဆွေးနွေးခွင့်ပေးတယ်။ ဦးနုရဲ့ သိမ်မွေ့ ညင်သာတဲ့ ကိုင်တွယ်မှုကြောင့် ရှမ်းခေါင်းဆောင်တွေဟာ ပြည်ထောင်စုကနေ ခွဲထွက်သွားမယ်ဆိုတဲ့ စကားကို မပြောတော့တဲ့အထိ အခြေအနေ တိုးတက်လာတယ်။ ဗမာ အပါအ၀င် တိုင်းရင်းသားလူမျိုးအားလုံး တန်းတူရေးနဲ့ ပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးကိုပဲ အလေးထား ပြောကြတော့တယ်။ အဲဒီအခိုက်မှာပဲ ဗိုလ်ချုပ်နေ၀င်းက ကောက်ခါငင်ကာ အာဏာသိမ်းလိုက်တာပါပဲဗျာ။ လက်ညှိုး ထိုးပြတော့ အားလုံး သိကြတဲ့အတိုင်း ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲတော့မှာကို လက်မတင်လေး ကယ်တင်လိုက်ရတဲ့ပုံ။
        ထိန်းသိမ်းခံဘ၀ကနေ ၁၉၆၆ ခုနှစ် စက်တင်ဘာလမှာ  လွတ်ငြိမ်းခွင့်ရလာတဲ့ ဦးနုကို လုပ်သားပြည်သူ့နေ့စဉ် သတင်းထောက်အနေနဲ့ ကျွန်တော် သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဦးနုက “ပြည်ထောင်စုကြီး ပြိုကွဲတော့မယ့် အခြေအနေနဲ့ ကြုံနေရပြီလို့ ကျုပ်ကို ၂ မိနစ်ပဲ ကြိုပြောပါ၊ အာဏာသိမ်းစရာ မလိုပါဘူး၊ ချက်ချင်း အာဏာ လွှဲပေးလိုက်မှာပေါ့၊ အဲသလိုဆိုရင် ခုလို ဒီမိုကရေစီ ပျက်စီးရတဲ့ အခြေအနေ မရောက်တော့ဘူးပေါ့”လို့ ပြောခဲ့တာ ကောင်းကောင်း မှတ်မိနေတယ်ဗျာ။ ၀၈ ၀၆ ၂၀၁၂

ကျပ်တစ်သောင်းတန်  ငွေစက္ကူနှင့်  ဗိုလ်ချုပ်ပုံ
ကျပ်တစ်သောင်းတန် ငွေစက္ကူထုတ်တဲ့ သတင်းကြေညာပြီလို့ ကြားကြားချင်း မေးမိတာက ငွေစက္ကူဒီဇိုင်းမှာ ဘယ်လို ရုပ်ပုံပါသလဲ ဆိုတာပဲဗျ။ ကျွန်တော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ ငွေစက္ကူအပေါ်က ရုပ်ပုံတွေအကြောင်း ဆောင်းပါး ရေးခဲ့ သေးတာကိုး။ သည်တော့ အခု တန်ဖိုးအကြီးဆုံး (လို့ ယူဆရတဲ့) တစ်သောင်းတန် ငွေစက္ကူထုတ်မယ်ဆိုတော့ အများ မျှော်လင့်နေသလို အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့များ ထုတ်လိုက်လေမလားလို့ ထင်မိခဲ့တာဗျ။ ခုတော့ ဆင်ဖြူတော်နှစ်ကောင်ပုံနဲ့ ထုတ်လိုက်တာဆိုတော့ ငွေစက္ကူတွေပေါ်မှာ တိစ္ဆာန်တစ်မျိုး ထပ်မံ တိုးပွားလာတာပဲပေါ့ဗျာ။ x x x
        မင်ဒဲလားနဲ့ ငွေစက္ကူသစ် သတင်းကို ဖတ်လိုက်ရချိန်နဲ့ မရှေးမနှောင်းမှာ လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံ ရိုက်နှိပ်ထားတဲ့ ငွေစက်္ကူတွေ ထုတ်ဝေဖြန့်ချိသွားဖို့ အစီအစဉ် ရှိ,မရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းတဲ့ အကြောင်းနဲ့ သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးက အဲသလို အစီအစဉ် မရှိပါဘူးလို့ ပြန်လည် ဖြေကြားသွားတဲ့အကြောင်း သတင်းစာမှာ ဖတ်လိုက်ရတယ်ဗျ။ ၁၄ ၀၆ ၂၀၁၂

မမြင်လို  မကြားလို  မပြောလို
ခုပုံက ဆရာမနိုင် နှစ်ဆောင်ပြိုင်လို့တောင် ပြောရမယ့် အခြေအနေ ရောက်နေတဲ့ ကိုယ့်ကိုယ်ကိုယ် Ruler လို့ အထင်ရောက်နေသူ (အုပ်ချုပ်ရေး ၀န်ထမ်းအချို့)ဟာ ဒဏ္ဍာရီလာ မျောက်သုံးကောင်လို ဖြစ်နေတယ်ဗျ။ မျက်စိနှစ်ဖက်လုံးကို ပိတ်ထားတဲ့ မျောက်၊ နားနှစ်ဖက်ကို ပိတ်ထားတဲ့ မျောက်နဲ့ ပါးစပ်ကို ပိတ်ထားတဲ့ မျောက်သုံးကောင်တွဲ ရုပ်ပုံတွေကို တွေ့ဖူးကြမှာပါ။ မူရင်း သဘောကတော့ အကုသိုလ်တွေကို မမြင်လို၊ မကြားလို၊ မပြောလိုဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ကြားဖူးတယ်ဗျ။ အခု အောက်ခြေက အုပ်ချုပ်သူ Ruler အချို့ကတော့ အဲသလို သဘော မဟုတ်ပါ။ သမ္မတကြီးရဲ့ အမှာစကားတွေကို မကြားလို၊ အပြောင်းအလဲ ဆိုတာတွေကို မမြင်လို၊ ပြည်သူများရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ဆိုတဲ့ စကားမျိုး မပြောလို ဆိုတာပဲ ဖြစ်လိမ့်မယ်ဗျ။ ၂၂ ၀၆ ၂၀၁၂

၁၅၊ ၉၊ ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၁၂၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၂၀)

No comments:

Post a Comment