Thursday, September 27, 2012

ဒု-ဝန်ကြီးများ၏ လစ်လပ်မဲဆန္ဒနယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲလုပ်ရန် မရှိသေး

ရန်ကုန် (မဇ္ဈိမ) ။        ။ ဩဂုတ်လ ၂၇ ရက်နေ့တွင် ဒု-ဝန်ကြီးများအဖြစ် တာဝန်ယူသွားကြ၍ လစ်လပ်သွားသည့် လွှတ်တော်အမတ်နေရာ သုံးနေရာအတွက် ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ် မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် က ပြောသည်။


လွှတ်တော်က တရားဝင် အကြောင်းကြားလာမှသာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရန် စတင်စီစဉ်ရမည်ဖြစ်ပြီး ထိုသို့အကြောင်းကြားလာခဲ့လျှင် ရွေးကောက်ပွဲကျင်းပရန် လိုအပ်သည့် ကော်မရှင် အဖွဲ့များ ဖွဲ့စည်းခြင်း၊ ရုံးလုပ်ငန်း စာရွက်စာတမ်းများ ပြင်ဆင်ခြင်း၊ ဆန္ဒမဲစာရွက်များ ပုံနှိပ်ခြင်း စသည့် လုပ်ငန်းစဉ်များ ရှိနေသေးသဖြင့် ကြားဖြတ်
ရွေးကောက်ပွဲကျင်းပမည့်အချိန်မှာ အကြမ်းဖျဉ်း သတ်မှတ်ရန်ပင် မဖြစ်နိုင်သေးဟု သိရသည်။

“လွှတ်တော်က တရားဝင် အကြောင်းကြားမလာသေးပါဘူး။ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာ နိုင်ငံတော် ဘတ်ဂျက်နဲ့ လုပ်တာဆိုတော့ ဘတ်ဂျက် ကျဖို့လည်း လိုသေးတယ်။ နောက်ပြီး မိုးတွေရွာနေတော့ ပြည်သူတွေမဲထည့်ဖို့ အဆင်မပြေမှာလည်း ထည့်တွေးရပါတယ်” ဟု ညွှန်ကြားရေးမှူးက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ နှင့် ၂၃၄ တို့အရ ဝန်ကြီး (သို့မဟုတ်) ဒု-ဝန်ကြီး အဖြစ် ခန့်အပ်ခြင်းခံရသော လွှတ်တော်အမတ်သည် ယင်းရာထူးကို စတင် တာဝန် ထမ်းဆောင်သည့် နေ့မှစ၍ အမတ်အဖြစ်မှ အလိုအလျောက်
နှုတ်ထွက်ပြီး ဖြစ်သည်။

တောင်ဒဂုံ မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါ်စုစုလှိုင်သည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား
ရေး ဒု-ဝန်ကြီး ဖြစ်လာခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် မရှိသည့် မဲဆန္ဒနယ်တခု၏ အခြေအနေကို “ပြည်သူ့ ကိုယ်စားလှယ် မရှိတော့ရင် ကျနော်တို့ရဲ့ အသံတွေ လွှတ်တော်ထဲ ဘယ်ရောက်တော့မလဲ။ သူမရှိတော့ ကျနော်တို့ အခက်အခဲတွေ ရှိလာရင် ဘယ်သူ့သွားပြောရမလဲ” ဟု တောင်ဒဂုံမြို့နယ်မှ မဲဆန္ဒရှင်တဦးဖြစ်သူ ကိုသန်းထိုက် က မဇ္ဈိမကို ပြောသည်။

ဩဂုတ်လ ၂၇ ရက်နေ့တွင် သမ္မတ က ခန့်အပ်လိုက်သည့် ဒု-ဝန်ကြီးများတွင် ပဲခူးတိုင်း ကံမ မဲဆန္ဒနယ်မှ ဦးပိုက်ထွေးမှာ ပြန်ကြားရေး ဒု-ဝန်ကြီး၊ ထားဝယ်မဲဆန္ဒနယ်မှ ဦးသန်းဆွေမှာ ယဉ်ကျေးမှု ဒု-ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

ယခုအချိန်တွင် လစ်လပ်မဲဆန္ဒနယ် ခြောက်ခုရှိပြီး ဧပြီလက ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲကာလ၌ နယ်မြေ တည်ငြိမ်အေးချမ်းမှုမရှိဟူသော အကြောင်းပြချက်ဖြင့် မကျင်းပနိုင်ခဲ့သော ကချင်ပြည်နယ်မှ မဲဆန္ဒနယ် သုံးခုလည်း ပါဝင်သည်။

No comments:

Post a Comment