Thursday, September 27, 2012

မူးယစ်ဆေးဝါးနှင့် ၀မ်ဟိုင်းအဖွဲ့၏လူမဆန်မှုများ ရပ်တန်းကရပ်မှာလား?



မူးယစ်ဆေးဝါးဆိုတာ တစ်မျိုးသားလုံးကို ဒုက္ခပေးပြီး လူညွန့်တုံးအောင် လုပ်နေတဲ့ အရာဆိုတာ အားလုံး သိကြမှာပါ။ ဒါကိုဘဲ စီးပွားရေး အဖြစ်လုပ်ကိုင်ပြီး အစိုးရအပေါ်အမျိုးမျိုးလှည့်စား အခွင့်အရေးရ ယူ နေသူ ငြိမ်းချမ်းရေးအကြောင်းပြ အဖွဲ့အစည်းတွေကလည်း အများကြီး ပါပဲ။ စစ်မှန်တဲ့ငြိမ်းချမ်းရေး ကိုလိုလားတဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေကတော့ တိုင်းရင်းသားတွေအကျိုးအတွက် တကယ့်ငြိမ်းချမ်းရေးလမ်းကို လျောက်လှမ်း နေကြပေမယ့် ကိုယ်ကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးကိုခုတုံးလုပ်ပြီး နယ်ချဲ့ပြီးမှောင်ခို လုပ်ကိုင် နိုင်ဖို့ အခွင့်အရေး ချောင်းနေတဲ့   ငြိမ်းချမ်းရေးကလည်းရှိလို့နေပြန်ပါတယ်။ ဒီလိုအဖွဲ့အစည်း တွေ ရှိနေလို့ တိုင်းပြည်မှာရှိနေတဲ့ အမျိုးကောင်းသားတွေနဲ့ ကျွန်တော်တို့ ရှမ်းပြည်နယ်က တိုင်းရင်းသား တွေအတွက်ကတော့ ဒုက္ခပင်လယ်ဝေပြီး မူးယစ်ဆေးဝါးနွံထဲက ရုန်းမထွက်နိုင်သူ ဖြစ်နေကြ ရပါတယ်။
နိုင်ငံတကာရဲ့ အလည်မှာ ၀ံ့ဝံ့ထည်ထည်ရပ်တည်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံကို အဖက်ဖက်က ယုံကြည် မှု တွေလျော့လာအောင်လုပ်နေတာကတော့ လုံးဝစဉ်းစားစရာကောင်းနေပါပြီ။ အစိုးရအနေနဲ့ အလိုလိုက် အကြိုက်ဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အတူလက်တွဲဖို့ ကြိုးစားနေတဲ့ အပေါ် အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေတာကတော့ အစိုးရရဲ့ သဘောထား ကြီးမှုအပေါ် စော်ကားရက်လေခြင်းရယ်လို့လည်း တိုင်းရင်းသားတစ်ယောက်အနေနဲ့ တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ အဲ့ဒီလို အခွင့်အရေးကို လက်တဆုံးနှိုက်ပြီး အချောင်လိုက်တဲ့ အဖွဲ့ကတော့ SSPP/SSA (၀မ်ဟိုင်း) အဖွဲ့ပါပဲ။
SSPP/SSA (၀မ်ဟိုင်း)အဖွဲ့က သယ်လာတဲ့ တစ်မျိုးသားလုံး လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးတွေကို လားရှိုး မြို့ နောင်မွန်ကျေးရွာအနီးက ဟန်နားရွာမှာ ဖမ်းမိတယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးတွေဖမ်းဆီး မိတာဟာ အကြိမ်ကြိမ်မကတော့ပေမယ့် ဒီတစ်ခါမူးယစ်ဆေးဝါး ဖမ်းမိတာကတော့ တော်တော်လေးထူး ဆန်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်ဆေးဝါးနဲ့ မပက်သက်တော့ပါဘူးလို့ နိုင်ငံတကာကိုကြေငြာပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ SSPP/SSA (၀မ်ဟိုင်း) အဖွဲ့ဖြစ်နေရုံတင်မကပဲ မူးယစ်ဆေးဝါးတွေပြန်မပေးလို့ အပြစ်မဲ့ ရွာသားတွေကို ဖမ်းပြီးခေါ်သွားပါတယ်တဲ့။ 
တကယ်တော့ မူးယစ်ဆေးဝါး တွေကို ၀မ်ဟိုင်းစီးပွားရေးတာဝန်ခံတွေက သယ်ဆောင်လာပြီး လမ်းမှာ ပြည်သူ့ စစ်တွေနဲ့တွေ့လို့ စစ်ဆေးတော့ အစစ်ဆေးမခံဘဲ ထွက်ပြေးသွားတယ်လို့သိရပါတယ်။ ဖမ်းဆီးခဲ့တဲ့ ပြည်သူ့စစ် အဖွဲ့က အမည်မဖော်လိုတဲ့ သူတစ်ဦးက ရှမ်းသတင်းဌာနကို အောက်ပါအတိုင်း သတင်းပေးပို့ လာပါတယ်။
" ကျွန်တော်တို့ရဲ့အဖွဲ့တွေက (၀မ်ဟိုင်း)အဖွဲ့ မူးယစ်ဆေးဝါးသယ်လာမယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ရက်လောက် ကတည်းက ပြောထားတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း သူတို့လာမယ့်လမ်းကို စောင့်နေတာပေါ့ ။ စက်တင်ဘာ ၂၆ရက်နေ့ကျတော့ သူတို့ဆီက အဖွဲ့တွေ နောင်မွန်ရွာနားရောက်နေပြီ ဆိုတာသိလို့ ကျွန်တော် တို့ လူကြီးခေါင်းဆောင်ပြီးတော့သွားစောင့်နေကြတယ်။ ဟန်နားရွာ ဗြုံးကျင်းဟောင်း နားရောက် တော့ မြွေရေ ခွံအိတ်(၈) အိတ်လောက်ကို ကားပေါ်ကချပြိးလူတစ်ယောက်စောင့်နေတာတွေ့တယ် ။
 ကျွန်တော်တို့လည်း သူဘာလုပ်မလည်းဆိုတာစောင့်ကြည့်ရင်းနဲ့ ခဏနေတော့ ထော်လာဂျီတစ်စီး   ရောက် လာပြီး အဲ့ဒီအိတ်တွေကို ကားပေါ်တင်ဖို့လုပ်နေတုန်း ဖမ်းလိုက်တာပါ။ အဲ့ဒီမှာပဲ သူတို့က အဖမ်းမခံပဲ ကားမောင်း ပြေးတော့ သေနတ် နဲ့ပစ်ပြီးဖမ်းခဲ့ရတယ်ဗျ။ ဖမ်းမိတဲ့လူတွေကိုတော့   နောင်မွန်ရဲစခန်းကို အပ်ခဲ့တယ်" လို့ပြောပါတယ်။ 

ဒါပေမယ့် မူးယစ်ဆေးဝါးတွေကို အဖမ်းခံရတာနဲ့ ပက်သက်ပြီး SSPP/SSA (၀မ်ဟိုင်း)အဖွဲ့က သိသွားတဲ့အခါ သူတို့ရဲ့ အဖမ်းခံရတဲ့ လူတွေနဲ့ ကားတွေကိုပြန်အပ်ဖို့ ပြည်သူ့စစ်တွေကိုပြောတယ် လို့ပြောပါတယ်။ တကယ် လို့ မပေးဘူးဆိုရင် သူတို့အနေနဲ့ အင်အားသုံးပြီး အဲ့ဒီရွာက ပြည်သူ့စစ်တွေကို တိုက်ခိုက်သွား မယ်လို့ ပြောဆို ခဲ့တာနဲ့ပက်သက်ပြီး ရှမ်းသတင်းကို ဒီလိုပြောလာပါတယ်။
" ဖမ်းမိတာက ၂၆ရက်နေ့ နေ့လည် ၁၂ကျော်လောက်ကပါ။ ၂ချက်ထိုးလောက်ကျတော့ SSPP/SSA (၀မ်ဟိုင်း) အဖွဲ့က လူ ၅၀ ကျော်လောက်ရောက်လာပြီး သူ့လူတွေပြန်မလွတ်ပေးရင် ရွာသားတွေကိုဖမ်းခေါ် သွားမယ် ။ လိုချင်ရင် သူ့လူတွေနဲ့လာလဲဆိုပြီး ကျွန်တော်တို့ရွာက လူတစ်ယောက်ကိုဖမ်းသွားတယ်ဗျ။ အဲ့ဒီအချိန်မှာ အင်အားချင်းကလည်းမမျှတော့ ကျွန်တော်တို့လည်း   ပြန်မတိုက်နိုင်ဘူး။ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့ဖြစ်နေတာဆိုတော့ စစ်တပ်ကလည်း သမ္မတကြီးအမိန့် နဲ့ ကာချုပ်အမိန့်မရဘဲ ဘာမှမလုပ်ရဲဘူးပေါ့ဗျာ။ တကယ်တော့ စီးပွားရေး လုပ်တယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမယ့် တစ်မျိုးသားလုံး အညွှန့် တုံးပြီး အမျိုးပျောက်မယ့် ဒီလိုမူးယစ်ဆေးဝါးတွေသယ်ဆောင်လာတာကိုတော့ လက်ပိုက်ပြီးကြည့် မနေနိုင် ပါဘူး။မှန်ကန်တဲ့ စီးပွားရေးဆိုရင်တော့ ကျွန်တော်တို့ဘက်ကလည်း ရွာကိုလာရင် တတ်နိုင်သလောက် ကူညီဖို့ တိုင်ပင်ထားကြပါတယ်။ ဒါကြောင့် တာဝန်သိစွာနဲ့လုပ်ရတာပါ" လို့ပြောပါတယ်။
SSPP/SSA (၀မ်ဟိုင်း)အဖွဲ့ဟာ မူးယစ်ဆေးဝါးတွေကို မလုပ်တော့ပါဘူးလို့ ကတိခံပြီး ပြည်နယ် /   ပြည်ထောင် စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး၊ အပစ်အခတ်ရပ်စဲထားတာတောင်မှ ဒီလို ငြိမ်းချမ်းရေး ပျက်ပြားစေ မယ့် လုပ်ရပ်တွေကိုလုပ်ဆောင်နေတာဟာ စဉ်းတော့စဉ်းစားစရာပါပဲ။ အစိုးရအနေနဲ့ ကလည်း အလျော့ပေး အလို လိုက်တာများလွန်းတော့ အမိုက်စော်ကား   လေသလားလို့တောင်စဉ်းစားမိပါတယ်။ တကယ်တော့ အခုအချိန် ဟာ ချစ်ကြည်ရင်းနှီးမှုနဲ့ တည်ဆောက်ရမယ့်အချိန်ပါ။ ဒီလို ငြိမ်းချမ်းရေးယူဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်း တစ်ခုအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေကို လုပ်နေတာ ၊ ဘာမှအပြစ်မရှိတဲ့ ရွာသူရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး အနိုင်ကျင့်မင်းမူ မင်းမဲ့စရိုက်ဆန်ဆန်လုပ်နေတာကို SSPP/SSA (၀မ်ဟိုင်း)တို့ စွန့်လွှတ် သင့်နေပါပြီ။ မိုက်တွင်းတွေလည်းနက်ခဲ့ပြီးပါပြီ။ သူတို့ကြောင့် ဘ၀ပျက်ခဲ့ရတဲ့ ရှမ်းတိုင်းရင်းသားတွေလည်း ဒုနဲ့ဒေးပါပဲ။ ရှမ်းပြည်နယ်ကောင်းစားရေးလို့ကြွေးကြော်ပြီး ရှမ်းပြည်နယ် တပ်မတော်လို့ ဖွဲ့ထားတဲ့သူတွေက ရှမ်းပြည်နယ်အတွက်ကောင်းရာကောင်းကြောင်းမစဉ်းစားပဲ ကိုယ်ကျိုး စီးပွားအတွက် ရှမ်းပြည်နယ်ကြီးကို မူးယစ်နယ်မြေဖြစ်အောင်လုပ်နေတာကတော့ သေသွားတဲ့   စော်ဘွားတွေ အစား တကယ့်ရင်နာစရာ ကောင်းလှ ပါတယ်။ စရိုက်ဟောင်းကိုမပြင်ပဲ ဘ၀သစ်ထူထောင်ဖို့ ကြိုးစားနေ တာဟာ ကျွန်တော်တို့ ရှမ်းပြည်နယ်က တိုင်းရင်းသားတွေအတွက်တော့ ရင်လေးစရာပါပဲ။ ဘာဖြစ်လို့ လဲဆိုတော့ အခွင့်အရေးသမား SSPP/SSA (၀မ်ဟိုင်း)တို့အတွက် သူတို့တောင်းဆိုမယ့် နယ်မြေတွေ သာပေးလိုက်ရင် ကျွန်တော့်တို့ ရှမ်းပြည်နယ်ကြီး ဟာ မှောင်ခိုနယ်မြေကြီးပြန်ဖြစ်သွားမှာကို အလွန်ပဲကြောက် မိပါတယ်။ ဟိုအရင်က တောင်ပေါ်မြေပြန့် ၅ ရက် ခရီးလောက်သွားလာနေရတာတွေ၊ လမ်းမှာဘယ်အချိန် အဖမ်းခံရမလဲလို့ တွေးနေရတဲ့ အချိန်တွေကို ပြန် မရောက်ချင်တော့ပါဘူး။ 
အမှောင်ထုအောက်က အလင်းကိုဖောက်ထွက်ဖို့ ကြိုးစားပေမယ့် အလင်းရောင်ရဲ့ အေးချမ်းမှုကို မမြင်ဘဲ SSPP/SSA (၀မ်ဟိုင်း)အဖွဲ့အနေနဲ့ သူတို့ရဲ့ကောင်းစားရေးကိုပဲ စဉ်းစား၊ မူးယစ်ဆေးဝါးကို စီးပွားရေး တစ်ခုလို လုပ်ကိုင်နေအုံးမယ်ဆိုရင် SSPP/SSA (၀မ်ဟိုင်း)အဖွဲ့ရဲ့ အနာဂတ်ဟာ ဘယ်လိုများဖြစ်မယ်ဆိုတာ အစိုးရနဲ့ ကိုယ်ကျိုးရှာပြီး မူးယစ်ဆေးဝါးထုတ်လုပ်နေတဲ့ စီးပွားရေးသမား၊ လက်မရွံ့ လူသတ်သမား SSPP/SSA (၀မ်ဟိုင်း)အဖွဲ့တို့ရဲ့ကြား စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။
 
From- shannnews

No comments:

Post a Comment