Wednesday, September 19, 2012

မဟာရန်ကုန် မြို့ပြဖွံ့ ဖြိုးရေး မဟာဗျူဟာစီမံကိန်းအတွက် နိုင်ငံတော်သမ္မတ ခွင့်ပြုချက်ဖြင့် မြေဧကလေးသောင်း အသုံးပြုခွင့် ရရှိခဲ့ကြောင်း သိရ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည် ဖော်ဆောင်မည့် "မဟာရန်ကုန် မြို့ပြဖွဲ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း" အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ မြေဧကလေးသောင်း အသုံးပြုခွင့်ပေးအပ်ခဲ့သည်ဟု အဆိုပါစီမံကိန်းမှ အကြံပေး ပညာရှင် ဒေါက်တာကျော်လတ် က ပြောကြားသည်။


အဆိုပါ ပြောကြားချက်အား စက်တင်ဘာ တတိယအပတ်တွင် ကျင်းပခဲ့သည့် လှိုင်မြို့နယ်ရှိ ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဋ္ဌာနတွင် ကျင်းပခဲ့သည့် ရှေးဟောင်း မြို့တော်များဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စသည့် ပျူမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မဟာ ရန်ကုန်မြို့ပြဖွဲ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် JICA မှ ပူးပေါင်းရေးဆွဲနေခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ် ရေးဆွဲသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

"မြေဧက ၄၀၀၀၀ ကို သမ္မတ ရဲ့ ခွင့်ပြုချက်နဲ့ ရရှိထားပါတယ်။ စည်ပင်ကလည်း ခွင့်ပြုချက်ရထားတဲ့ စီမံကိန်းကို လက်ဦးမှုယူချင်လို့ အမြန်အကောင် အထည်ဖော်နေပါတယ်" ဟု ဒေါက်တာကျော်လတ်က ပြောကြားခဲ့ပါသည်။

အဆိုပါ မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် အကောင် အထည်ဖော်နိုင်ရန် မြေဧက ၄၀၀၀၀ ရရှိထားပြီး လက်ရှိ ကာလတွင် ရရှိထားသည့် မြေနေရာများ၌ စီမံကိန်း အဆောက်အအုံများ တည်ဆောက် နိုင်ရန် မြေလွာစစ်ဆေးမှုများ ပြုလုပ်နေကာ ရက်ပိုင်းအတွင်း ပြီးစီးမည်ဖြစ်ကြောင်းလည်း ဒေါက်တာကျော်လတ်က ပြောကြားခဲ့ပါသည်။

အဆိုပါ စီမံကိန်းအတွက် ဒေါက်တာကျော်လတ်အား ဆက်လက် မေးမြန်းရာ အကောင်အထည် ဖော်ဆောင်မည့် မြေနေရာ အတိအကျအား မြေဈေးနှုန်းများ မြင့်တက်လာမည် စိုးရိမ်သည့်အတွက် ပြောဆိုနိုင်မှုမရှိကြောင်း ပြောကြား ခဲ့ပါသည်။
From -ElevenMediaGroup

No comments:

Post a Comment