Thursday, September 13, 2012

အထက်တန်း ရှေ့နေများ လိုင်စင်သက်တမ်း တိုးရန် အခက်ကြုံ

ရန်ကုန်၊ စက်တင်ဘာ ၁၂  အထက်တန်း ရှေ့နေများ၏ တစ်နှစ်စာ ဝင်ငွေခွန်ကို သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီး ဌာနများ၌ အခွန်ဆောင်ထားသော ချလံပါရှိမှသာ လိုင်စင်သက်တမ်း တိုးပေးမည်ဟု ကန့်သတ် ထားသောကြောင့် အခက်ကြုံ နေရကြောင်း အထက်တန်း ရှေ့နေ ဒေါ်ကေသွယ်ဆန်းက ပြောကြားသည်။


အထက်တန်း ရှေ့နေများမှာ တစ်နှစ်ဝင်ငွေ ၁၂ သိန်းထက် ကျော်ပါက အခွန်ဆောင်ရမည် ဆိုသည့် ဥပဒေ ရှိ
သော်လည်း အထက်တန်း ရှေ့နေ အများစုသည် တစ်နှစ်လျှင် ယင်းငွေအောက်သာ ရရှိသောကြောင့် အခွန်မဆောင်သဖြင့် လိုင်စင်သက်တမ်း မတိုးပေးပါက ရှေ့နေအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်တော့မည် မဟုတ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောကြားသည်။

ယခင်နှစ်များက အခွန် မဆောင်သော်လည်း ရှေ့နေ လိုင်စင် သက်တမ်းတိုးပေးမှု ရှိခဲ့ကြောင်း၊ အခွန်ဆောင်ပါက လိုင်စင်သက်တမ်း တိုးပေးရမည်ဟု အခွန်ဌာနက ထုတ်ပြန်လျှင် တရားရေးဌာနအနေနှင့် လိုက်နာရန် မလိုကြောင်း၊ တရားရေးဌာနက ထုတ်ပြန်ပါက တရားရေးဌာန အနေဖြင့် တာဝန်ကို ပူးတွဲလုပ်ဆောင်ရာ ကျနေကြောင်း ၎င်းက ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သုံးသပ် ပြောဆိုသည်။

ပြည်တွင်း အခွန်ဦးစီးဌာန၊ ဦးစီးအရာရှိ ဗိုလ်ကြီးကျော်သူလှိုင်ကို မေးမြန်းရာတွင် မိမိတို့ ဌာန အနေဖြင့် အခွန်ဆောင်မှ လိုင်စင်သက်တမ်း တိုးပေးမည်ဟု ထုတ်ပြန်ထားခြင်း မရှိကြောင်း၊ သက်ဆိုင်ရာ တရားရေးဌာနက အခွန်ရရန် ကူညီပေးသည့် အနေဖြင့် ကန့်သတ်ထားခြင်း ဖြစ်နိုင်ကြောင်း ပြောကြားသည်။

‘’အခွန်ဆောင်မှ သက်တမ်း တိုးပေးမယ်လို့ အခွန်ရုံးက ပြောလိုက်တာ၊ တစ်ယောက်စကား တစ်ယောက်ကြားကြတာ၊ ဘယ်တုန်းက ထုတ်ပြန်တာလဲတော့ မသိဘူး’’ဟု အထက်တန်း ရှေ့နေ ဒေါ်ကေသွယ်ဆန်းက ဆိုသည်။

အခွန်ဆောင်လျှင် သက်တမ်း တိုးပေးမည်ဆိုသော ကန့်သတ်ချက် ရှိသဖြင့် လိုင်စင်သက်တမ်းတိုးရန် အခက်ကြုံနေသော ပဲခူးတိုင်း အနောက်ပိုင်း ပြည်မြို့ရှိ အထက်တန်း ရှေ့နေများသည် ၎င်းတို့၏ အခက်အခဲကို ဆန္ဒဖော်ထုတ်ရန် ဆန္ဒဖော်ထုတ်ခွင့်ကို သက်ဆိုင်ရာသို့ လျှောက်ထားကြောင်း ပြည်မြို့နေ ရှေ့နေတစ်ဦး၏ ယခုလ ၁၁ ရက်နေ့က ဆက်သွယ် ပြောကြားမှု အရ သိရသည်။
 
From -TheVoiceWeekly

No comments:

Post a Comment