မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအရေးတွင်
အဖမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အမျိုးသမီး ၃ ဦးက
မုံရွာမြို့နယ်မှူးကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခဲ့မှုတွင် အပြစ်တစုံတရာ ဖော်ပြနိုင်ခြင်း မရှိဘဲ
အမျိုးသမီးများအား အကြမ်းဖက် နှိပ်ကွပ်ခြင်းအပေါ် မကျေနပ်သဖြင့်
မုံရွာမြို့နယ်မှူးကို နားလည်တတ်ကျွမ်းသည့် အဖွဲ့စည်းများနှင့် တိုင်ပင်ပြီး
တရားစွဲဆိုသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့ ညနေက ပြန်လည်
လွတ်မြောက်လာသည့် မသွဲ့သွဲ့ဝင်းက ပြောသည်။
‘‘မြို့နယ်မှူးက ကျမကို စခန်းထဲကနေ အတင်းဆွဲထုတ် ခိုင်းတယ်။ ရဲတွေက
စခန်းရဲ့ အပေါ် အချုပ်ထဲကနေ လှေကား အတိုင်း ကျမကို တရွတ်တိုက် ဆွဲခေါ်လာတယ်။
ကျမ ထမီ ကွင်းလုံး ကျွတ်ကျတယ်။ အဲဒီနေရာမှာ မြို့နယ်မှူး အပါအ၀င် ရဲအင်အား
ငါးရာကျော်လောက် ရှိတယ်။ အဲဒီလို ကျမအရှက်ကို ခွဲတဲ့အတွက် မကျေနပ်ဘူး။
မြို့နယ်မှူးကို တရားပြန်စွဲမယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်စွဲမှာ။
ကျမတို့မှာ ဘာအပြစ်မှ မရှိဘဲ ကုတ်ဖဲ့ပြီး ကားပေါ်ကို ဆွဲတင်ခဲ့တာ။ ကျမတို့က
ကားပေါ်ကို အသာတကြည် တက်ပါမယ်လို့ ပြောတာတောင် မရဘူး” ဟု မသွဲ့သွဲ့ဝင်းက
ဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာ သိမ်းထားမှုများကြောင့် အမျိုးသမီး
၁၂ ဦးတို့က မုံရွာမြို့ ဆုတောင်းပြည့် ဘုရားသို့ လာရောက်ဝတ်ပြု
ဆုတောင်းကြရာ အာဏာပိုင်များက အကြောင်းမဲ့ ဖမ်းဆီးပြီး အကြမ်းဖက်မှုများ
ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
‘‘ကျမတို့ ညီအစ်မတွေ အေးအေးဆေးဆေး ဘုရားဖူးတာပါ။ ကျမတို့မှာ ဘာအပြစ်မှ
မရှိဘဲ မြို့နယ်မှူးက ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ အချုပ်ထဲမှာလည်း
မြို့နယ်မှူးကိုယ်တိုင် ကျမတို့ ဆံပင်တွေကို ဆွဲတယ်။ လက်တွေဖိပြီး
ဆွဲလားရမ်းလား လုပ်ခဲ့ပါတယ်။ ရဲနဲ့ ရဲမေတွေက ကျမတို့ကို အတင်းဝင်လုံးလို့
ကျမတို့ အဝတ်တွေ ကျွတ်ခဲ့ရပါတယ်။ ထမီကျွတ်ရက်ကြီး ပါလာတဲ့အတွက်
ထမီပြင်ဝတ်ဖို့ တောင်းပန်တာတောင် ပြင်ဝတ်ခွင့် မပေးခဲ့ပါဘူး” ဟု
ပြန်လွတ်လာခဲ့သည့် မအေးနက်က ဆိုသည်။
ယင်းသို့ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည့်အတွက် မြို့နယ်မှူးကို
သက်ဆိုင်ရာတရားရုံးမှ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း လွတ်မြောက်လာသည့်
စက်တင်ဘာလ ၁၄ ရက်နေ့တွင် ၎င်းက ပြောပြခြင်း ဖြစ်သည်။
‘‘ကျမတို့က မြန်မာလူမျိုး မိန်းမပျိုတွေပါ။ အရှက်တရားနဲ့ လူလုပ်နေတာပါ။
တောသူ တောင်သားလည်း ဖြစ်တယ်။ ကျမတို့က အတင်း ထွက်ပြေးနေတာလည်း မဟုတ်ပါဘူး။
ဒီလိုကျွတ်ကျတဲ့ ထမီလေးတောင်ပြန်ပြီး ပြင်ဝတ်ခွင့်မပေးတာ ကျမတော့
တော်တော်လေးကို ၀မ်းနည်းလို့ မဆုံးပါဘူး၊ ရှက်လို့လည်း မဆုံးဘူး။ လူတွေ
ပြောပြောနေတဲ့ ဒီမိုကရေစီဆိုတာ ဒီလို ထမီလေးတောင် ပြင်ဝတ်ခွင့်
မရှိပါလားဆိုပြီး ကျွန်မတော့ အဲဒီလိုမြင်ပါတယ်” ဟု မအေးနက်က ဆိုသည်။
ယင်းမြို့နယ်မှူးသည် ၂၀၁၀ ပြည့်နှစ်ဝက်မှစပြီး မုံရွာမြို့သို့
ပြောင်းလာခြင်း ဖြစ်ကာ ယခင် ၎င်းတာဝန် ထမ်းဆောင်ခဲ့သည့် မကွေးမြို့တွင်လည်း
Weekely Eleven ဂျာနယ်မှ သတင်းထောက်ကို မကွေးမြို့ ရေကြီးသည့် ဓာတ်ပုံများ
ရိုက်ကူးသည်ဟု ဆိုပြီး ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီးခဲ့သူဖြစ်ကြောင်း
သိရသည်။
မုံရွာမြို့နယ်မှူးနှင့် အမှတ် ၁ ရဲစခန်းမှ အာဏာပိုင် အရာရှိများသည်
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုများကို
ကိုင်တွယ်ဖြေရှင်းရာတွင် အကြမ်းဖက်သည့် နည်းလမ်းများ အသုံးပြုခဲ့ကြောင်း
သိရသည်။
ဆန္ဒပြသည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင်ပင် အဆိုပါမြို့နယ်မှူးက
စာတန်းများကိုင်ဆောင်ပြီး လမ်းလျှောက် ချီတက် ဆန္ဒပြနေကြသည့်
လူအုပ်ကြားထဲဝင်ရောက်ကာ ဆန္ဒပြသူများ ကိုင်ဆောင်လာသည့် စာရွက်များကို
ဝင်ရောက် လုယူဆွဲဖြဲခြင်း၊ ဆဲဆို ကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု
မြင်တွေ့ခဲ့သူများက ပြောသည်။
ထို့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ယာဉ်ထိန်းရဲ ဦးမြသောင်း ကိုယ်တိုင်
ဆန္ဒပြသည့် လူအုပ်ထဲသို့ ကားဖြင့် အတင်းမောင်းနှင် ၀င်ရောက်ခဲ့မှုကြောင့်
ဆန္ဒပြသည့် အထဲတွင် ပါဝင်သည့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု
မုံရွာ ဒေသခံများက ပြောဆိုကြသည်။
မုံရွာ အမှတ် ၁ ရဲစခန်းတွင် အမျိုးသမီး ၁၂ ဦး ဖမ်းဆီးချုပ်နှောင်
ခံထားရစဉ် အချိန်အတွင်း စခန်းအတွင်းရှိ ရဲများနှင့် ရဲမေများက မြို့နယ်မှူး
အမိန့်ဖြင့် အဆိုပါ အမျိုးသမီးများကို ဆံပင်များဆွဲရမ်းခြင်း
ပြုလုပ်ခဲ့သည့်အပြင် စခန်းအပြင်မှ အမျိုးသမီးကြီးတဦး စခန်းတွင်း
ဝင်ရောက်လာကာ အဖမ်းဆီခံထားရသည့် အမျိုးသမီးများကို ကြိမ်းမောင်းခြင်း၊
ဥပဒေမဲ့ ပြုမူခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
အမှတ် ၁ ရဲစခန်းမှ ရဲမေများက ယခုကဲ့သို့ အကြမ်းဖက်ရန် သမ္မတက
စေခိုင်းခြင်း ဖြစ်ကြောင်း၊ မှတ်သားသွားစေရန် ဆုံးမခြင်း ဖြစ်ကြောင်း
အချုပ်ခန်းတွင် ပြောဆိုခဲ့သည်ဟု အဖမ်းဆီးခံခဲ့ရပြီး
ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီး ၃ ဦးက ရှင်းပြသည်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများ ဆက်လက်တိုးချဲ့
လုပ်ကိုင်ရန်အတွက် အနီးအနားရှိ ကျေးရွာ ၄ ရွာကို ရွှေ့ပြောင်းခိုင်းခြင်းမှ
အစပြုကာ ယခုကဲ့သို့ ပြဿနာများ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ ပြောင်းရွှေ့ရန်
ကျန်ရှိနေသည့် ရွာ ၄ ရွာမှ အမျိုးသမီး ၁၂ ဦးသည် စက်တင်ဘာလ ၁၀ ရက်နေ့က
လက်ပန်းတောင်းတောင် ရပ်တန့်ရေး စာတန်းများ ပါသည့် တီရှပ်များ ၀တ်ဆင်ကာ
မုံရွာမြို့သို့ ဘုရားသွားဖူးချိန်တွင် အာဏာပိုင်များက
ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းနေ့က အမျိုးသမီး ၉ ဦးကို
ပြန်လည်လွှတ်ပေးခဲ့သော်လည်း ခေါင်းဆောင်ဟု ယူဆသည့် ၃ ဦးကို ဆက်လက်
ထိန်းသိမ်းထားရာမှ ဒေသခံများနှင့် အသင်းအဖွဲ့များက ၀ိုင်းဝန်းကန့်ကွက်
ဆန္ဒပြသည့်အတွက် ဆူပူမှုများ ပိုမိုဖြစ်ပေါ်ခဲ့သည်။
ဆန္ဒပြသူများကို ညအိပ်လက်ခံခဲ့သည့် မုံရွာမြို့မ ဂါတ်ဘုန်းကြီးကျောင်းကို
အမှတ် ၁ ရဲစခန်းတွင် နေထိုင်သည့် ၀န်ထမ်းများနှင့် မိသားစုများ အနေဖြင့်
ဆွမ်းချိုင့်မပို့ရဟု အမိန့်ထုတ်ပြန်ထားကြောင်း ကြားသိရသည်။
‘‘ဆန္ဒပြတာ ဦးဇင်းတို့ ကျောင်းရှေ့မှာလေ။ ညပိုင်းကြတော့ ဆန္ဒပြတဲ့လူတွေ
ပြန်ဖို့ခက်ခဲတဲ့အတွက် ဦးဇင်းတို့ကျောင်းမှာ တည်းခွင့် ပေးခဲ့တာပါ။
ဦးဇင်းတို့ကို အရင် အမှတ် ၁ ရဲစခန်းက တနေ့ကို ဆွမ်းချိုင့် ၅
ချိုင့်ပို့တယ်။ ဆန္ဒပြပြီး နောက်တရက် ဆွမ်းချိုင့်လည်းသွားပို့ရော
ချိုင့်ထဲမှာ ဆွမ်းတွေ မပါဘဲ ဗလာကြီးဖြစ်နေတယ်။ ဆွမ်းချိုင့်ပို့တဲ့
ကိုရင်က ဘာဖြစ်လို့လဲ မေးတော့ အထက်က ဆွမ်းမလောင်းရဘူး၊ လောင်းရင်
ဖမ်းမယ်ဆိုလို့ ဆွမ်းမထည့်တာပါလို့ ပြောတယ်” ဟု ယင်းကျောင်း တွင်
သီတင်းသုံးနေသည့် ဆရာတော် ဦးရာဇဓမ္မက မိန့်သည်။
ဝက်မှေးကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကိုလည်း အာဏာပိုင်များက
ချိတ်ပိတ်ကာ အတွင်းရှိ ဘုရား ဆင်းတုတော်များနှင့် သာသနာပိုင် ပစ္စည်းများကို
ဖျက်ဆီးနေကြောင်း ၀က်မှေးကျေးရွာ ဒေသခံများက ပြောသည်။
လက်ပံတောင်းတောင်တွင် ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ၀မ်ပေါင်တို့
ပူးပေါင်းကာ ကြေးနီရှာဖွေသည့် လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသည်။ ကြေးနီ
တူးဖော်ရှာဖွေရာတွင် စွန့်ပစ်မြေများကို လယ်ယာမြေများတွင် သွားရောက်
စုပုံခြင်းကြောင့် တောင်သူလယ်သမားများ၏ လယ်မြေများ ပျက်စီးခဲ့ခြင်းမှ
အစပြုကာ ကြေးနီတောင် စီမံကိန်း ရပ်တန့်ပေးရန်အထိ တောင်းဆို ဆန္ဒပြမှုများ
ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကြေးနီထုတ်လုပ်မှု စီမံကိန်းကို ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ
တက်ပြီးချိန်မှ စတင်ပြီး ဂျပန်နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ရာ
ထုတ်လုပ်မှု မအောင်မြင်သောကြောင့် ၁၉၇၄ ခုနှစ် ယူဂိုဆလားဗီးယား နိုင်ငံနှင့်
ပူးပေါင်း လုပ်ဆောင် ခဲ့သေးသည်။
၁၉၇၈ ခုနှစ်တွင် ကြေးစင်တောင်နှင့် စံပယ်တောင် အနီးအနားရှိ
ကျေးရွာများမှ လယ်မြေများကို သိမ်းဆည်းကာ ကြေးနီ ထုတ်လုပ်သည့်
စက်ရုံများတည်ထောင်ခဲ့ပြီး ကြေးနီထုတ်လုပ်မှုအပိုင်းကို တိုးမြှင့်ခဲ့သည်ဟု
ယင်းတောင်ခြေတွင် နေထိုင်သည့် ကံကုန်းကျေးရွာမှ အသက် ၆၃ နှစ်ရှိပြီဖြစ်သော
ဦးဘိုသန်းက ပြောသည်။
‘‘ကြေးနီထုတ်လုပ်တဲ့ စက်ရုံတည်ထောင်ပြီးကတည်းက ကျနော်တို့ ရွာတွေမှာ
သူတို့ စွန့်ပစ်တဲ့ ရေတွေနဲ့ အနံ့အသက် ဆိုးတဲ့ လေထု ဒဏ်ကို အလူးအလဲ
ခံခဲ့ရတာပါ။ လယ်မြေတွေလည်း ပျက်စီး၊ ကျေးရွာမြေတွေလည်း ပျက်ကုန်တယ်။
ကျေးရွာထဲ မှာတောင် သောက်စရာ ရေမရှိ၊ ရေတွင်းတွေ ခန်းကုန်တယ်။ အဲဒီဒဏ်ကို
အခုထိ ကျနော်တို့ ခံနေရတုန်းပါ” ဟု ၎င်းက ရှင်းပြသည်။
၂၀၀၃ ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံနှင့် ပူးပေါင်း၍
ကြေးနီစီမံကိန်းလုပ်ငန်းများကို လုပ်ကိုင်ခြင်းဖြစ်ပြီး လက်ပန်းတောင်း
တောင် ၃၃ လုံးကို သတ္တုသိုက် ရှာဖွေရေး စီမံကိန်းကြီးအဖြစ်သတ်မှတ်၍ ကြေးနီ၊
ရွှေ၊ ပလက်တီနမ်များ ထုတ်လုပ်သွားမည် ဟု သိရသည်။
ယင်းစီမံကိန်း အကြီးကျယ်လုပ်ဆောင်လျှက် ရှိသော်လည်း အနီးအနားရှိ
ဒေသခံများကို အလုပ်အကိုင် အခွင့်အလမ်းများ ပေးမှု နည်းပါးခြင်း၊ ကျေးလက်နေ
တောင်သူများ လုပ်ကိုင်သည့် လယ်မြေများပျက်စီးမှုအတွက် တစုံတရာ
ဖြေရှင်းမပေးခြင်း အပြင် သောက်ရေသုံးရေများ ပြတ်တောက်မှုကြောင့်
ဒေသခံများမှာ ဒုက္ခရောက်လျှက် ရှိသည်။
ထို့ကြောင့် လက်ပန်းတောင်းတောင် အနီးအနားတွင် နေထိုင်ကြသည့် ကျေးရွာ ၂၆
ရွာမှ ဒေသခံများမှာ ကြေးစင်တောင်နှင့် စံပယ်တောင်ကို နမူနာယူပြီး
ယခုကဲ့သို့ ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ချင်းတွင်းမြစ်အား
ညစ်ညမ်းစေနိုင်ခြင်း၊ သာသနာ့ အောင်မြေအား ဖျက်ဆီး နေခြင်း၊
လက်ပံတောင်းတောင် ဒေသ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ မုံရွာမြို့
ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှု ဖြစ်ပေါ် နိုင်ခြင်း တို့ကြောင့် ကြေးနီစီမံကိန်း
လုံးဝမလုပ်ဘဲ အပြီးတိုင် ဖျက်သိမ်းရေးကို ကျေးရွာ ၂၆ ရွာမှ ဒေသခံများနှင့်
မုံရွာ ဒေသခံများ ပူးပေါင်းကာ စီမံကိန်း ရပ်တန့်သွားသည်အထိ
ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
From -ဧရာဝတီ
No comments:
Post a Comment