ကချင်ပြည်နယ် ဖားကန့်နယ် မြေအတွင်း နိုင်ငံတော် ကာကွယ်ရေး တပ်မတော်နဲ့
ကေအိုင်အေ ကချင် လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲများပြင်းထန်နေချိန်၊
ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ ရပ်တန့် နေစဉ် ကေအိုင်အို၊
ကေအိုင်အေ အဖွဲ့အစည်းရဲ့အနာဂတ် အခြေအနေတွေနဲ့ပတ်သက်လို့ ကေအိုင်အို
အဖွဲ့အစည်းက ပြောရေးဆိုခွင့် ရှိသူ ဦးလာနန်းနဲ့ ဩဂုတ် ၂၈ ရက်က လိုင်ဇာမှာ
တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။ မေးမြန်းချက်များမှ အချို့ အချက်အလက်များ ကို
ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
မေး- စစ်ပွဲကို ရပ်ဖို့အတွက် ဘယ်လို
နည်းလမ်းတွေ သုံးပြီး ဝိုင်းဝန်းဆောင်ရွက် သင့်သလဲ။ ဘယ်လို ဆောင် ရွက်ဖို့
လိုသလဲ။ အဲဒါလေး ဖြေပေးနိုင်မလား။
ဖြေ- လူထုတွေအားလုံး နိုင်ငံသားတွေ အားလုံး စစ်ပွဲကို အမြန်ဆုံး
ရပ်ချင်တာပဲ။ အားလုံးက အဲလိုဆန္ဒပဲ ရှိကြတယ်။ ကျွန်တော်တို့ဘက်ကလည်း
လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဒီစစ်ပွဲကိုတော့ တိုက်ချင်တာ မဟုတ်ဘူး။
ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ လက်နက်ကိုတော့ စွဲကိုင်ရတဲ့ သဘောပါပဲ။
ဒါကို သိပ်ပြီးမှ ကျွန်တော်တို့ စွဲစွဲလမ်းလမ်းနဲ့ သေနတ်ကိုင်တဲ့ဟာကိုပဲ
ဝါသနာလို စွဲလမ်းတာမျိုး အဲလိုဟာမျိုး ရှိတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဒီလက်ရှိ
အစိုးရပေါ့၊ အစိုးရကနေပြီး သူ့ရဲ့ ဒီတုံ့ပြန်မှု အရေးအကြီးဆုံးပဲလို့
ကျွန်တော် မျှော်လင့်တယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့ဒီပြဿနာ
ဖြေရှင်းတဲ့နေရာမှာ အရင်တုန်း ကလည်း အဲလိုပါပဲ။ ဒီတော်လှန်ရေး အစိုးရ
တော်လှန်ရေး ကောင်စီ အဲလိုပဲ လုပ်ခဲ့ကြတာပဲ။ ပြဿနာကို ညှိနှိုင်း
ဖြေရှင်းတဲ့ ပုံစံမဟုတ်ဘဲနဲ့ ကြောက်ရွံ့အောင် တစ်ခုခုနဲ့
ခြိမ်းခြောက်ပြီးမှပဲ တည်ငြိမ်မှုကို ရနိုင်တယ် ဆိုတဲ့ဟာမျိုး အစိုးရ
အဆက်ဆက်က အဲလို မျှော်မှန်းထားတယ်။ အခု အစိုးရကလည်း ဒီပုံစံအတိုင်းပဲ
သွားနေတုန်းပဲ ဖြစ်တယ်။ ပြဿနာကို ကိုင်တွယ်ပုံ ကိုင်တွယ်နည်းက
နဂိုအတိုင်းဖြစ်တယ်။ အခုဒီစစ်ပွဲတွေ ရပ်ဖို့ဆိုတဲ့နေရာမှာတော့ ဒီဟာကို
ဇောက်ထိုးကို ပြောင်းပြန် ပြောင်းလဲဖို့ တော့ လုံးဝပေါ့ ဘယ်လိုပြောမလဲ U
Turn တော့ လုပ်ရမယ်။ လုံးဝကို ပြောင်းလဲရမယ်။ အဲဒီလိုသာ
မပြောင်းလဲသရွေ့ကတော့ စစ်ပွဲက တစ်နေရာမှာ ငြိမ်သွားပေမယ့် တစ်နေရာမှာတော့
ဆက်ဖြစ်နေမှာပဲ။ နောက်အကြိမ်ကြိမ်မှာပဲ အဲဒီငြိမ်သွားတဲ့ နေရာမှာလည်း
တိုက်ပွဲက ပိုပြီး ပြင်းထန်လာနိုင်တဲ့ ဒေသတွေ ဖြစ်လာနိုင်စရာတွေ
အကြောင်းရှိတယ်။ အခုဒီလွန်ခဲ့တဲ့ ၁၂ ရက်တုန်းက ဒုသမ္မတ ဦးစိုင်းမောက်ခမ်း
ကနေပြီးတော့ ပြောဆိုတဲ့ အပိုင်းမှာလည်း သူ ပြောတာတွေ ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီရဲ့ ပထမဆုံးအကြိမ် အစည်းအဝေး
ပေါ့ဗျာ။ သူအဲဒီမှာ ပြောသွားတဲ့ ပြောဆိုမှုတွေကို ကြည့်တဲ့အခါမှာလည်း
ဒီပုံစံဟာ နှစ်ဦးနှစ်ဖက် အကျေအလည် ညှိနှိုင်းတဲ့ ပုံစံ မဟုတ်ဘူး။ သူတို့
လိုချင်တဲ့ပုံစံမျိုး ဆွဲခေါ်သွားမှာ ဆိုတဲ့ဟာမျိုး ပေါ့နော်။
ဒီငြိမ်းချမ်းရေး ဆိုတဲ့ လမ်းကြောင်းကို အဲလိုပြောလာကြတယ်။
အဲလိုပြောတဲ့ဟာကို ကြည့်တဲ့အခါမှာ ဒီပုံစံဟာ သူတို့သည်
စစ်ပွဲမဖြစ်ခင်တုန်းက ၂ဝဝ၈-၂ဝဝ၉ မှာ သူတို့ပြောဆိုနေတုန်းက ပြောဆိုပုံနဲ့
တစ်ထေရာတည်း ဖြစ်နေတယ်။ ဒါကြောင့်မို့ စစ်ပွဲက ဘယ်လို ပျောက်သွားမယ်၊
ဘယ်လိုပျက်ပြယ် သွားမယ်၊ ဘယ်လို ဒီစစ်ပွဲတွေ ချုပ်ငြိမ်းသွားမယ်
ဆိုတဲ့ဟာမှာ အဓိကတော့ အစိုးရရဲ့ ဒီပြဿနာကိုဘယ်လို ဖြေရှင်းသလဲဆိုတဲ့
ဖြေရှင်းပုံ နည်းလမ်းသာ အဓိကကျတယ်လို့ပဲ ကျွန်တော်ထင်တယ်။ ဒါကြောင့်မို့
အခုလည်း ဒီတချို့နေရာမှာ တချို့ဒေသတွေမှာ တိုက်ပွဲတွေက ငြိမ်နေတယ်။
ဒါပေမယ့် လုံးဝ ချုပ်ငြိမ်းသွားတာ မဟုတ်ဘူး။ အပစ်အခတ် ရပ်ဆိုင်းရေး
လုပ်တဲ့အဖွဲ့တွေမှာ အလုပ်ထဲမှာလည်း ဒီ သို့လောသို့လော ပေါ့ဗျာ။ အခု
ဘယ်လိုဖြစ်လာမလဲ ဆိုတဲ့ဟာမျိုး အာမခံချက် သိပ်မရှိတဲ့ သဘောတူချက်နဲ့
လုပ်ထားကြတယ်။ ဒါကလည်း ဘာလည်းဆိုတော့ အစိုးရရဲ့ ဒီငြိမ်းချမ်းရေး
ဖော်ဆောင်မှုလမ်းစဉ်မှာ သူတို့ကြိုက်တဲ့ ပုံစံနဲ့ပဲ ဆွဲခေါ်သွားမယ်
ဆိုတဲ့ပုံစံ နောက်ပြီးတော့ ငြိမ်းချမ်းရေး လမ်းကြောင်း မရောက် ရောက်အောင်
ခေါ်သွားမယ် ဆွဲသွားမယ်ဆိုတဲ့ ပုံစံဖြစ်နေတယ်။ အဲဒီမှာ သူတို့ပြောတဲ့
အတိုင်း ပါပဲ။ ငြိမ်းချမ်းရေး လမ်းကြောင်းကို ရောက်အောင် သွားမယ် ဆိုတဲ့
ကိစ္စမှာ တစ်ဖက်က နေပြီးတော့ ဆွဲတင်လို့တော့ မရဘူး။ အဲဒီလို
ဖိအားပေးပြီးတော့ စစ်ရေးနဲ့ ဖိအားပေး ပြီးမှပဲ ငြိမ်းချမ်းရေး
လမ်းကြောင်းကို ရောက်သွားစေရင် အာမခံချက်ရှိတဲ့လုပ်ငန်းတွေလို့ ကျွန်တော်
မမျှော်လင့်ဘူး။ ဒါကြောင့်မို့ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဆွေးနွေးပြီးမှပဲ
နိုင်ငံရေး အပေးအယူပေါ့ဗျာ၊ လုပ်ရင်းမှပဲ ဒီတဖြည်းဖြည်းနဲ့ တည်ငြိမ်တဲ့
အဆင့်တွေကို ရောက်ရှိသွားမယ်လို့ ကျွန်တော်မျှော်လင့် ထားတယ်။
သမ္မတဦးစိုင်းမောက် ခမ်းပြောတဲ့အထဲမှာ အဲလိုဟာတွေပါ သွားတယ်။ ငြိမ်းချမ်းရေး
လမ်းကြောင်း ကို ရောက်အောင် ခေါ်သွားမယ် ဆိုတဲ့ဟာမျိုး၊ နောက်ပြီး
ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် လုပ်မယ်ဆိုတဲ့
ဟာမျိုးဆိုရင်တော့ ကျွန်တော်တို့ဘက်က တိုင်းရင်းသား အဖွဲ့တွေကလည်း
သူတို့ရဲ့ ပြောဆိုချက်ပေါ်မှာ သံသယတွေ အများကြီး ပေါ်လာစရာ ရှိတယ်။
မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ နေရာမှာ ဖိအားပေးတဲ့ ပုံစံတွေ ပေါ်လာတယ်။
နောက်တစ်ခုကတော့ အဲဒီ အယူအဆနဲ့ ဆက်ဆက်ပြီးမှပဲ ဘီဂျီအက်ဖ် ပေါ့၊
ခုနကပြောတဲ့ မေးခွန်းထဲမှာပါတဲ့ Border Guard Force နယ်ခြားစောင့်တပ်
ဆိုတဲ့နေရာမှာလည်း သူတို့ Border Guard Force ဆိုတဲ့ ကျွန်တော်တို့ ၂ဝဝ၉
ခုနှစ် တုန်းကစပြီး ပြောဆိုတဲ့အပိုင်း ဒီပုံစံကလည်း အခု အရပ်သား အစိုးရရဲ့
ဒီနိုင်ငံရေး လမ်းစဉ်နဲ့ တစ်ပုံစံတည်း ဖြစ်နေတယ်။ ဒါကလည်းဘယ်လိုမှ
ဒီခေါင်းစဉ်က အခုငြိမ်းချမ်းရေးလို့ ပြောတာပေါ့။ အရင်တုန်းကတော့ Border
Guard Force နယ်ခြားစောင့်တပ် ပေါ့နော်။ ခေါင်းစဉ်သာ ပြောင်းသွားတာပါ။
အတွင်းမှာရှိတဲ့ လုပ်ဆောင်ပုံ အဆင့်တွေကတော့ ပုံစံတစ်ထေရာတည်း ဖြစ်နေတယ်။
အဲဒီကိစ္စဟာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးက အဲဒီ Border
Guard Force ရဲ့ လုပ်ငန်းစဉ်အဆင့်တွေ အားလုံးက သိရှိနားလည်ပြီးသား
ဖြစ်တယ်။ ဒါကြောင့်မို သမ္မတရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၃ ဆင့်ပေါ့ဗျာ။
အဲဒီ ၃ ဆင့်က အဲဒီပုံစံပဲ သွားနေတယ် ဆိုတော့၊ အဲဒီပုံစံပဲသွား မယ်ဆိုရင်
စစ်ပွဲတွေကတော့ ပြီးဆုံးနိုင်စရာ အကြောင်း မရှိဘူး။ တချို့နေရာမှာ
တိုက်ပွဲတွေက ခေတ္တခဏ ငြိမ်နေတယ် ဆိုပေမယ့် တစ်ချိန်ချိန်မှာ ပြန်ပြီးတော့
ပေါ်လာနိုင်စရာ အကြောင်းတွေ ရှိတယ်။
မေး-အခု ပြည်တွင်းမှာတော့
ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ Civil Society လေးတွေ၊ လှုပ်ရှားတဲ့ အဖွဲ့လေးတွေ
ပေါ်လာ တာလေးတွေ ရှိတယ်။ အဲဒီ အဖွဲ့လေးတွေရဲ့ လှုပ်ရှားမှုလေးတွေ
ပြောပြပေးပါဦး။
ဖြေ- လှုပ်ရှားမှုတွေကတော့ အခု လောလောဆယ်ကတော့ မြန်မာနိုင်ငံ
အတွင်းမှာတော့ ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရကတော့ ပေါ်ပြူလာအဖြစ်ဆုံး
ဝေါဟာရပေါ့ဗျာ။ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆို
ချက်တွေကတော့ အများကြီး များလိမ့်မယ်လို့ ထင်တယ်။ အလွယ်ဆုံး ပြောမယ်ဆိုရင်
အစိုးရရဲ့ ငြိမ်းချမ်းရေး အဓိပ္ပာယ်ဖွင့်ဆိုတာကတော့ လက်နက်ကိုင်
အင်အားစုတွေနဲ့ အပစ်အခတ် ရပ်ဆိုင်းရေး လုပ်နိုင်တဲ့ဟာကို
ငြိမ်းချမ်းရေးလို့ပဲ သူတို့ အဓိပ္ပာယ်ဖော်ဆောင်တယ်။ အခုလည်း ပြည်တွင်းမှာ
ရှိတဲ့ ဒီ Border Guard Force တွေကနေပြီးတော့ သူတို့ ငြိမ်းချမ်းရေးဆိုတဲ့
လှုပ်ရှားမှုတွေ ပုံစံအမျိုးမျိုးတွေနဲ့ တွေ့နေရတယ်။ သူတို့လိုချင်တဲ့
ငြိမ်းချမ်းရေးဆိုတာ ပြည်တွင်းမှာ တိုက်ပွဲစစ်ပွဲတွေ
ချုပ်ငြိမ်းရေးတစ်ခုပဲလား။ သူတို့ ဘာကို ရည်ရွယ်ပြီး လှုပ်ရှားကြလဲ ဆိုတာ
ကျွန်တော်တို့ နားမလည်ဘူး။ ဒီငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ
ကိုယ့်ရဲ့ခံယူချက်ပေါ့။ အဖွဲ့တစ်ဖွဲ့လူမျိုးတစ်စု နောက်ပြီးတော့
ဒီအဖွဲ့အစည်းငယ် တွေက သူတို့ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တော့ ရှိလိမ့်မယ်
ထင်တယ်။ သူတို့ တိုင်းရင်းသားတွေ ပြောဆိုနေတဲ့
ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာတော့ ဒီ တိုက်ပွဲတွေ ချုပ်ငြိမ်းသွားတယ်
ဆိုတဲ့ဟာ ငြိမ်းချမ်းရေး မသတ်မှတ်ဘူး ပေါ့ဗျာ။ တိုင်းရင်းသားတွေ အားလုံးရဲ့
ဒီ လိုလားတောင့်တတဲ့ အမြဲတမ်း ပြောဆိုနေတဲ့ ဟာကလည်း အခုမှထွင်ပြီးမှပဲ
ပြောဆိုတဲ့ဟာတွေ၊ ပြောဆို ဆွေးနွေးတာတွေ တောင်းဆိုတာတွေ မဟုတ်ပါဘူး။
အရင်တုန်းက ကတိကဝတ် ပြုခဲ့ကြတဲ့အပေါ်မှာ အခြေခံ ပြီးတော့မှပဲ အားလုံးကလည်း
ညီတူညီမျှ တန်းတူ အခွင့်အရေးတွေ တန်းတူ အခွင့်အရေး ဆိုတဲ့နေရာမှာ
သူ့ရဲ့အသေးစိတ်တွေ အများကြီး ရှိပါတယ်။ အခုအပိုင်း ကိုယ့်ကြမ္မာ
ကိုယ်ဖန်တီးခွင့် ဆိုတဲ့ဟာမျိုးပေါ့။ ဒါတွေအားလုံး သက်ဆိုင်တာပဲ။ ဒီကိစ္စသာ
ငြိမ်းချမ်းရေးဆိုတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဖွင့်ဆိုတဲ့
ငြိမ်းချမ်းရေးနဲ့ ဒီလက်ရှိ အစိုးရရဲ့အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ အများကြီး
ကွဲပြားသလို မြင်တယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေး ဆိုတဲ့
လှုပ်ရှားမှုတွေကတော့ အကောင်းဆုံး ဒီအချိန်မှာတော့ အများဆုံး လုပ်ရမယ့်
ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဒီငြိမ်းချမ်းရေး ဆိုတဲ့နေရာမှာ လက်နက်ကိုင်
အားလုံးဟာ တိုက်ပွဲကို လက်မှတ် ရေးထိုးသွားစေချင် တာမျိုး မဟုတ်ဘဲနဲ့
ပြည်တွင်းမှာရော အမှန်တကယ်ပဲ တိုက်ပွဲမဖြစ်တဲ့အတွင်းပိုင်းမှာရော
ဘယ်လိုငြိမ်းချမ်းရေး တည်ငြိမ်မှုရအောင် ကြိုးစားမယ်ဆိုတဲ့ အပိုင်းကို
အာရုံစူးစိုက်ဖို့တော့ လိုတယ်။ အခုအားလုံးက ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ
အားလုံးက တိုက်ပွဲတွေ အမြန်ချုပ်ငြိမ်းဖို့ ဆိုတဲ့ဟာ တစ်ခုထဲ စဉ်းစားတယ်။
တိုက်ပွဲတွေက ရက်ရှည်ကြာလာတယ် အချိန်ကြာလာတယ်။ အဲလိုဟာမျိုး တွေကြောင့်
ဒုက္ခသည်တွေက အများကြီး ဒုက္ခ ခံစားရတာမျိုး အထူးသဖြင့် အမျိုးသမီးနဲ့
ကလေးငယ်တွေရယ် သက်ကြီးရွယ်အိုတွေရယ် ဒုက္ခခံစားရတယ်။ ဒါကြောင့်မို့
အများဆုံး ဒီအပစ်အခတ် ရပ်စဲကြပါ။ ငြိမ်းချမ်းသွားမယ် ဆိုတဲ့ဟာ
အဲဒီပုံစံနဲ့ပဲလုပ်မယ် ဆိုတဲ့ဟာ ကျွန်တော်တို့ တိုင်းရင်းသား တွေဘက်က
ပြန်ကြည့် မယ်ဆိုရင် နည်းနည်းတော့ လိုအပ်ချက်တွေ ရှိသေးတယ်လို့ ထင်တယ်။
ဒါကြောင့်မို့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ အားလုံးကလည်း
ဝိုင်းတွန်းပေးရမှာ ကတော့ ခုနက ကျွန်တော် ပြောတဲ့အပိုင်းပါပဲ။ တွေ့ဆုံ
ဆွေးနွေးမှု၊ ပြေလည်မှု ရအောင် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်ဖို့ တွန်းအား
ပေးဖို့တော့ လိုမယ်လို့ ထင်တယ်။ အဓိပ္ပာယ်တော့ အများကြီး ရှိပါတယ်။
ဒီငြိမ်းဖို့ နေရာမှာ ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရ တစ်လုံးတည်းတော့
မဖြစ်ဘူး။ အဲဒီငြိမ်းချမ်းရေးဆိုတဲ့ ဒီလိုမျိုး အချက်အလက်တွေ ပါရမယ်ဆိုတဲ့
သူ့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့။ ဒါ တွေက အများကြီးလိုမယ်လို့ ထင် ပါတယ်။
ကျွန်တော်တို့ ၉၄ ခုနှစ် တုန်းကလည်း အပစ်အခတ် ရပ်စဲရေး လုပ်တဲ့ကိစ္စမှာလည်း
ဒီနဝတစစ် အစိုးရက ငြိမ်းချမ်းရေး ရပြီလို့ပဲ ပြောကြတယ်။ အမှန်တကယ် ကတော့
အဲဒါငြိမ်းချမ်းရေး မဟုတ်ဘူး။ ငြိမ်းချမ်းရေး မဖြစ်တဲ့အတွက် ဒီတိုက်ပွဲ
ပြန်ဖြစ်နေတယ်။ ဖြစ်ခဲ့တယ် အခြေအနေ တင်းမာဖြစ်တယ်။ နောက်ပြီးတော့
တချို့အဖွဲ့တွေကတော့ အားလုံးလက်နက်တွေ အပ်ပြီးမှပဲ အလင်းဝင်
သွားတာမျိုးပေါ့။ အဲဒါမျိုး ဝင်သွားတာမျိုး ရှိတယ်။ အဲဒါမျိုးကျရင်တော့
ထာဝရ ငြိမ်းချမ်းရေး ရသွားတယ်လို့ ပြောကြတယ်။ ဒါကြောင့် လက်နက်တစ်ခုကိုပဲ
လက်နက်စွဲကိုင်မှု တစ်ခုကြောင့်ပဲ ငြိမ်းချမ်းရေး မရဘူးဆိုတဲ့ အဓိပ္ပာယ်
ဖွင့်ဆိုချက်နဲ့ သွားမယ် ဆိုရင်တော့ ဒီလမ်းကြောင်းက ရေရှည်မှာတော့
သိပ်ပြီးတော့ အာမခံချက်ရှိနိုင် မယ်မထင်ဘူး။ လက်နက် မကိုင်ရလည်း
ဒီလူထုတွေကလည်း ငြိမ်းချမ်းရေး ရဖို့ လိုတယ်။ လိုအပ်ချက်တွေ
အများကြီးရှိတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာလည်း တိုင်းဒေသကြီး အများကြီး
ရှိတာပဲ။ လူထုတွေက ဘယ်လောက်ထိ လွတ်လပ်ခွင့် ရှိသလဲ။ လွတ်လပ်ခွင့် ပေါ်မှာပဲ
မူတည်ပြီး၊ လွတ်လပ်ခွင့်ပေါ်မှာပဲ ကျွန်တော်တို့ ကလည်း ငြိမ်းချမ်းရေးကို
တိုင်းတာလို့လည်း ရတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဆိုတဲ့ကိစ္စကတော့
မြန်မာနိုင်ငံမှာ အားလုံးရဲ့ ပါးစပ်နှုတ်ဖျားပေါ်မှာ ပြောဆိုနေတဲ့ ဝေါဟာရ
တစ်လုံးပေါ့။ ဒါပေမယ့် အဲဒီကိစ္စ ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုပြီးမှပဲ
ငြိမ်းချမ်းရေး လမ်းကြောင်းကို ရောက်အောင် ဘယ်လိုသွားရမယ် ဆိုတဲ့ဟာက
အရေးကြီးဆုံးလို့ ကျွန်တော် ပြောချင်တယ်။ အခုလည်း ဒီရန်ကုန် မှာဒီ Myanmar
Peace Center ဆိုတဲ့ ဟာကို ဒါလည်း ငြိမ်းချမ်းရေးကပဲ အဲဒီမှာ ရုံးတစ်ခု
ဖွင့်ပြီးမှပဲ ဒီအတိုင်းအတာနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး လုပ်မယ်လို့
ပြောတာရှိတယ်။ နိုင်ငံတကာကနေ ကြည့်မယ်ဆိုရင် ဒီကိစ္စကတော့
လုပ်သင့်တဲ့ကိစ္စပေါ့။ ဒါ လုပ်ကို လုပ်ရမယ့် လုပ်ငန်းတစ်ခုလို့
ပြောဆိုကြတယ်။ ဒါပေမယ့် Myanmar Peace Center ရဲ့ လုပ်ဆောင် ချက်တွေက
ဘယ်ကိုသွားတဲ့ ငြိမ်းချမ်းရေးလဲ အဓိက ဒီတိုင်းရင်းသားကြားမှာ ဖြစ်နေတဲ့
တိုက်ပွဲကိုပဲ ငြိမ်သွားအောင် လုပ်တဲ့ လမ်းကြောင်း တစ်ခုပဲလား၊
အဲဒီလုပ်ငန်း တစ်ခုပဲလားဆိုတဲ့ဟာ၊ ဒါကလည်း စဉ်းစား စရာ အချက်ပဲ
ဖြစ်ပါတယ်။ဒါကြောင့် ငြိမ်းချမ်းရေး ဆိုတဲ့ကိစ္စဟာ တိုင်းရင်းသားဒေသ
အဓိကကိုပဲ အားလုံး အာရုံစူးစိုက်အောင် မလုပ်ဘဲနဲ့ အတွင်းမှာ ရှိနေတဲ့
အခက်အခဲကို လူထုတွေရဲ့နစ်နာချက်တွေကို အာရုံ စူးစိုက်ဖို့တော့ လိုမယ်လို့
ထင်ပါတယ်။
မေး- ဒီစစ်ပွဲတွေကို တွေ့ဆုံ
ဆွေးနွေးတဲ့ စားပွဲဝိုင်းတွေပေါ် မရောက်ဘဲနဲ့ ငြိမ်းချမ်းရေးအတွက်
ဖြေရှင်းမှု ဆိုတာ၊ အနာဂတ်မှာ အကျိုးဆက်တွေ ဘာတွေဖြစ်လာနိုင်လဲ။
ဖြေ- ဒီတိုက်ပွဲ ဆက်ရှိနေသရွေ့ကတော့ ဒီမြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာက
နိုင်ငံတကာမှာ ဆက်ပြီးကျဆင်းနေ မှာပဲ။ နောက်ပြီးတော့ ဒီတိုက်ပွဲက
အချိန်ကြာလာနှင့်အမျှ လူထုတွေမှာ ထိခိုက်မှု အများဆုံး ဖြစ်တယ်။ အဲဒီ
တိုင်းရင်းသား တွေမှာပဲ ထိခိုက်တာ။ ပြည်တွင်းမှာရှိတဲ့ မြေပြန့်မှာရှိတဲ့
လူထုတွေနဲ့လည်း ဆက်စပ်မှု ရှိလာ နိုင်မယ်။ ဘာကြောင့်လည်းဆို အဲဒီမှာ
တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေရင် ဒီ စစ်တပ်ကလည်း သူတို့ရဲ့လိုအပ်ချက် အရ
ဒီစစ်တပ် စုဆောင်းတာမျိုး။ နောက်ပြီးတော့ အစစပေါ့ဗျာ။ စားနပ်ရိက္ခာက
အစပေါ့ဗျာ။ သူတို့များများ အကုန်အကျ များလာနိုင်တယ်။ အဲဒီတစ်ခုပေါ့ဗျာ။
နောက်တစ်ခုကတော့ ဒီနယ်စပ် တစ်လျှောက်မှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်
အများစုနဲ့ တိုက်ပွဲဖြစ်နေတဲ့ အတွက်ကြောင့် နယ်စပ်ဒေသရဲ့ လုံခြုံမှုကလည်း
အများကြီး စိုးရိမ်စရာ ရှိလာနိုင်တယ်။ ခြုံပြီးပြောမယ် ဆိုရင်ပေါ့ဗျာ။
ဒီတိုက်ပွဲ ဆက်ပြီး ဖြစ်နေမယ် ဆိုရင်တော့ ဒီမြန်မာနိုင်ငံရဲ့
စီးပွားရေးအရရော၊ နိုင်ငံရေး သိက္ခာတွေပါ အများကြီး ကျဆင်းနေဦးမယ်လို့
ထင်တယ်။
မေး- အခုကျွန်တော်တို့
မြန်မာပြည်တွင်းမှာရှိတဲ့ ပြည်သူတွေ နားလည် နေကြတာက ဒီကချင်ပဋိပက္ခအတွင်း
မှာ တရုတ်ရဲ့အခန်းကဏ္ဍကို စိတ်ဝင်စားနေတဲ့အပေါ်မှာ ဘယ်လိုများ ပြောချင်ပါသလဲ။
ဖြေ- သူတို့ထင်မြင်ချက် ဖြစ်ပါလိမ့်မယ်။ အားလုံးကတော့ တရုတ်ရဲ့
စီးပွားရေး ရင်းနှီးမြှုပ်နှံမှုက ကချင်ဒေသမှာ ကချင်ပြည်နယ်တွေမှာ
ကေအိုင်အေနဲ့ ဆက်စပ်တဲ့ နယ်မြေတွေ အများကြီးမှာ လုပ်နေကြတယ် ဆိုတာ တစ်ခုပဲ
ကြည့်ပါလိမ့်မယ်။ အားလုံးက ထင်သာမြင်သာ ဖြစ်တဲ့ ကိစ္စပါ။ ဒါပေမယ့်
ဒီစစ်ပွဲတွေဟာ အိမ်နီးချင်း နိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှု လုံးဝမရှိဘူး။
ကျွန်တော်တို့ဘက်က ပြောတဲ့ကိစ္စပါ။ကျွန်တော်ဘက်မှာတော့ ဩဇာလွှမ်းမိုးမှုတွေ
မရှိဘူး။ ကျွန်တော်တို့ဘက်က ဒီတရုတ်အစိုးရတို့ အိန္ဒိယအစိုးရတို့ကို
မှီခိုအားထားမှု မရှိဘူး။ ကျွန်တော်က လူထုပေါ်မှာအခြေခံတဲ့ အဖွဲ့အစည်းဖြစ်တဲ့
အတွက်ကြောင့်မို့ လူထုရဲ့အင်အား လူထုရဲ့ အားပေးမှု၊ တွန်းအားပေးမှု၊
စိတ်ဓာတ် ခွန်အားပေးမှု အပေါ်မှာပဲ ကျွန်တော်က ဒီတော်လှန်ရေးကို
သွားကြတဲ့ပုံစံလိုပဲ ပြောလို့ရမယ်။ တရုတ်အစိုးရရဲ့ စီးပွားရေးမှာ
ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့အတွက်ကြောင့် တရုတ်ကနေပြီး ကျွန်တော်တို့ရဲ့
ကေအိုင်အို အဖွဲ့အစည်းကို ဘယ်လောက်အထိ ဖိအားပေးမလဲ။ ဒါမှ မဟုတ်ရင်လည်း
သူတို့ဘက်က စီးပွားရေး လုပ်နိုင်မှု အခွင့်အလမ်း ကိုရဖို့အတွက်
ကျွန်တော်တို့ဘက်ကို မျက်နှာလို မျက်နှာရ အကူအညီ ပေးတာမျိုး ရှိမလားဆိုတဲ့
ကိစ္စပေါ်မှာ ကျွန်တော်တို့က ထည့်သွင်းစဉ်းစား တာမျိုး မရှိဘူး။
အမှန်တကယ်လည်း အဲလိုဟာမျိုးလည်း မဖြစ်ဘူး။ သူတို့ နယ်စပ်တွေနဲ့ ထိစပ်ပြီးမှ
တရုတ် နိုင်ငံနဲ့ ဆက်စပ်နေတဲ့ တော်လှန်ရေးက ဒီလိုပဲ အချိန်ကြာပြီ။
နှစ်ပေါင်း ၃ဝ-၄ဝ လောက် နယ်စပ်မှာရှိခဲ့ကြ တယ်။ ဒါပေမယ့် တရုတ်အစိုးရက
နေပြီး စီးပွားရေး ကူညီပေးတာမျိုး နိုင်ငံရေး ကူညီပေးတာမျိုး နောက်ပြီး
တော့ တခြားဘာမှ စစ်ရေးအရရော ကူညီပေးတာမျိုး မဟုတ်ဘူး။ ကျွန်တော်တို့
ဘက်ကနေသွားပြီး အကူ အညီ တောင်းတာမျိုးတော့ မလုပ်ဘူး။ ကျွန်တော်တို့
စာနဲ့အပေးအယူတော့ လုပ်ခဲ့ကြပါတယ်။ ဒီကိစ္စကတော့ အကူအညီ တောင်းတဲ့ကိစ္စ
မဟုတ်ဘူး။ ဒီနယ်စပ်မှာ ဖြစ်နေတဲ့ ပြဿနာဟာ ရေရှည်မှာ နှစ်ဖက် နှစ်နိုင်ငံရဲ့
အကျိုးစီးပွားတွေ နစ်နာမှု ရှိလာနိုင်တယ် ဆိုတဲ့ဟာပေါ့။ နောက်ပြီးတော့
မြစ်ဆုံ စီမံကိန်းတုန်းက ကိစ္စကိုလည်း စာရေးခဲ့ဖူးပါတယ်။ တိုက်ပွဲက
မဖြစ်သေးဘူး။ ဒီလိုမျိုး ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့အခါ မှာ လူထုတွေရဲ့
သဘောထားကို အလေးမထားဘဲနဲ့ အစုအဖွဲ့တစ်ခုရဲ့ သဘောထားကိုပဲ လိုက်လျောပြီး ဒီ
ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့အခါမှာတော့ ရေရှည်မှာ ဒါတွေဟာ ပြဿနာဖြစ်
လာနိုင်တယ်ဆိုတဲ့ဟာမျိုး။ ဒါ ကျွန်တော်တို့ရဲ့ ဝေဖန်ပြုချက်တွေကတော့
အစကတည်းက ပေးဖူးတာရှိတယ်။ ဒါပေမယ့် တရုတ်အစိုးရနဲ့ ကျွန်တော်တို့က ပြန်လည်
ဆက်သွယ်တာမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ ဘက်က စာတော့ပို့တယ်။ သူတို့
ဘက်ကတော့ လက်ခံတယ် မခံဘူး ကတော့ သူတို့ကဏ္ဍတစ်ခုပဲ။ ကျွန်တော်တို့ရဲ့
အိတ်ဖွင့်ပေးစာပေါ်မှာပဲ လုပ်တယ်။ ဒီကိစ္စကတော့ တိုက်ပွဲပေါ်မှာ သူတို့
ဩဇာလွှမ်းမိုးမှု ဘယ်လောက်ရှိတယ် ဆိုတဲ့ဟာမျိုး သက်ဆိုင်တာမရှိဘူး။
စိုးဝင်းငြိမ်း
No comments:
Post a Comment