Tuesday, September 18, 2012

မြန်မာ့ လွှတ်တော်အမတ်များ အမေရိကန် ဒီမိုကရေစီ လေ့လာ

ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ် (Johns Hopkins University) ရောက် မြန်မာ လွှတ်တော် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဧရာဝတီ)
အခြေခံ ခိုင်မာပြီးဖြစ်သော အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီစနစ်၊ အမေရိကန် လွှတ်တော်နှင့် ဥပဒေပြု လုပ်ငန်းများကို လေ့လာခွင့် ရခဲ့သော မြန်မာ ပါတီစုံ လွှတ်တော် ကိုယ်စားလှယ်များက ရရှိခဲ့သော သင်ခန်းစာများကို အခြေတည်စ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အသုံးချမည်ဟု ပြောဆိုလိုက်သည်။

လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမေရိကန် အတွေ့အကြုံများကို မြန်မာလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာတွင် တွေ့ကြုံလေ့လာရသမျှနှင့် အမေရိကန် ဒီမိုကရေစီစနစ် ရှုထောင့်မှအမြင်တို့ ပါဝင်မည်ဖြစ်ပြီး အထူးသဖြင့် လွှတ်တော်နှစ်ရပ်ပေါင်း ကွန်ဂရက်အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် စနစ်တို့ ပါဝင်မည်ဖြစ်ကြောင်း ပြောသည်။
“ကမ္ဘာကြီး ဘယ်လို ပြောင်းလဲနေတယ် ဆိုတာရယ်နဲ့ ကျနော်တို့ ဘယ်လို အပြောင်းအလဲတွေ နိုင်ငံမှာ လုပ်လို့ ရနိုင်တယ်ဆိုတာကို လွှတ်တော် အမတ်တွေကို လေ့လာစေပါတယ်” ဟု ဦးတီခွန်မြတ်က ဧရာဝတီသို့ ပြောသည်။
မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် ဆီးနိတ်တာများနှင့်လည်း တွေ့ဆုံခဲ့ပြီး ကွန်ဂရက် ကော်မတီများနှင့်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ခရီးစဉ်က အတော်ကို အကျိုးရှိပါတယ်။ နေရာတိုင်းက နွေးနွေးထွေးထွေး ကြိုဆိုကြပြီး လေ့လာစရာတွေလည်း အများကြီးပါ” ဟု ဦးတီခွန်မြတ်က ဆိုသည်။
မြန်မာပြည်တွင် ပြုပြင်ပြောင်းလဲမှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ နောက်ပြန် မလှည့်နိုင်ကြောင်း ဦးတီခွန်မြတ်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ဆိုတာက လွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ တူညီသော ဆန္ဒပါ” ဟု ဆိုသည်။
မြန်မာ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမေရိကန် ဥပဒေပြု အမတ်များ တွေ့ဆုံစဉ် မြန်မာပြည်အပေါ် ဆက်လက်ကျန်ရှိနေသည့် တင်းကျပ်မှုများနှင့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန် ပြောဆိုခဲ့ကြောင်း၊ မကြာမီ အကောင်အထည်ပေါ်မည်ဟု မျှော်လင့်ကြောင်း ဦးတီခွန်မြတ်က ပြောသည်။
ကိုယ်စားလှယ်အဖွဲ့တွင် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နှင့် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) တို့မှ ကိုယ်စားလှယ် ၄ ဦးစီပါဝင်သည်။ ပြည်သူ့လွှတ်တော်မှ ဦးတီခွန်မြတ်၊ ပြည်သူ့ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ ဥပဒေကြမ်း ကော်မတီမှ ဦးစတီဖင်နှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်တို့ ပါဝင်သည်။
အမျိုးသားလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်၊ ဥပဒေမူကြမ်းကော်မတီမှ စစ်တပ်ကိုယ်စားလှယ် ဦးလှထွန်း၊ ပြည်သူ့ငွေစာရင်း ကော်မတီ အဖွဲ့ဝင် ဦးစတီဗင် သာပိုက်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးထွန်းကျော်တို့ ပါဝင်သည်။
ကိုယ်စားလှယ်များ၏ လေ့လာရေး ခရီးစဉ်အတွင်း ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ် (Johns Hopkins University) ရှိ ပေါလ် အိပ်ခ်ျ နစ်ဇ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေးကျောင်း (Paul H. Nitze School of Advanced International Studies) သို့ သွားရောက်လေ့လာခြင်း၊ ဆီးနိတ်တာ ဂျင်မ် ဝက်ဘ် (Jim Webb) နှင့် ဂျိမ်းစ် အင်ဟို့ဖ် (James Inhofe) တို့နှင့် တွေ့ဆုံခြင်း၊ Capitol Hill သို့ သွားရောက်လေ့လာခြင်း၊ ဥပဒေပြု အမတ်များ၊ ရှုထောင့်မျိုးစုံမှ ဥပဒေပြုရေးအတွက် သုံးသပ်ရေး၊ သတင်းစုဆောင်းရေးနှင့် အကောင်အထည်ဖော်ရေး ဆိုင်ရာ ကွန်ဂရက်ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ဒေါက်တာ ဇော်မြင့်မောင်က “အမေရိကန်မှာ ကွန်ဂရက်က အလုပ်လုပ်ပြီး လည်ပတ်နေသလဲဆိုတာကို လေ့လာဖို့ တွေ့ဆုံဆွေးနွေးမှုတွေ အများကြီး လုပ်ခဲ့ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အမေရိကန် ကွန်ဂရက်၌ ချီးကျူးအားကျစရာကောင်းသည်မှာ ဥပဒေပြုသူများသည် ကမ္ဘာ့အကောင်းဆုံး ကျွမ်းကျင်သူများဖြစ်ကြောင်း၊ ကောင်းစွာ လေ့လာသင်ကြားထားသည့် အဆင့်မြင့် ပညာတတ်များဖြစ်ပြီး ကွန်ဂရက်တွင် အရေးပါသည့်နေရာမှ ဆောင်ရွက်နေသူများ ဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။
“ကျနော်တို့မှာ သေချာ လေ့လာသင်ကြားထားတဲ့သူတွေ မရှိဘူး။ အထူးသဖြင့် ဥပဒေပြု အမတ်တွေထဲမှာပေါ့။ အဲဒီတော့ အမျိုးမျိုးလုပ်ရတယ်၊ ကိုယ်တိုင် အင်တာနက်ဆိုင်သွား၊ ဒေါင်းလုဒ်တွေဆွဲချ၊ ကိုယ့်ဖာသာ သုတေသနတွေ လုပ်ရတယ်။ ကျနော်တို့ ဒီမိုကရေစီက အစပျိုးရုံပဲရှိသေးတယ်။ ဒီ (အမေရိကန်) က ဒီမိုကရေစီစနစ်ကနေ သင်ယူဖို့ အများကြီး လိုသေးတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကိုယ်စားလှယ် အဖွဲ့သည် မေရီလန်း (Maryland) ပြည်နယ်ရှိ အန်နာပိုလစ္စ (Annapolis) သို့လည်း သွားရောက်ပြီး နိုင်ငံတော်အဆင့် မူဝါဒရေးရာနှင့် ဖက်ဒရယ်အစိုးရနှင့် ဆက်ဆံရေးအကြောင်းများလည်း ဆွေးနွေးခဲ့သည်။
SAIS မှ အာရှနှင့် အရှေ့တောင်အာရှ လေ့လာရေး ပရိုဂရမ် ဒါရိုက်တာ ကားလ် ဂျက်ဆင်က “စစ်အစိုးရလွှမ်းမိုးတဲ့ အထီးကျန် စီးပွားရေး၊ နိုင်ငံရေးစနစ်အသီးသီးကနေ စီးပွားရေး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာမယ့် ဒီမိုကရေစီပေါ်ထွန်းရေးအတွက် ၂၀၁၀ ကတည်းက ပြည်ထောင်စု မြန်မာနိုင်ငံဟာ မထင်မှတ်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်လာပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား လွှတ်တော်အမတ်များသည်လည်း အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ သြစတြေးလျတို့သို့ လေ့လာရေးခရီးများ သွားရောက်လျက်ရှိကြသည်။ စင်ကာပူနှင့် သြစတြေးလျခရီးစဉ်တို့သို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းဦးဆောင်၍ သွားရောက်လျက်ရှိသည်။

No comments:

Post a Comment