Monday, September 17, 2012

ရဲဘော် သုံးကျိတ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏သား ဦးအောင်ကျော်ဇောနှင့် တွေ့ဆုံခြင်း


“တိုင်းပြည်ကို တိုးတက် ပြောင်းလဲ စေချင်တယ်ဆိုရင်၊ နိုင်ငံတကာမှာ မျက်နှာပန်း လှချင်ရင် ပြည်တွင်း စစ်ကို မုချ ရပ်စဲ ရမယ်”မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် တပ်မတော်ဖွဲ့ရန် ဂျပန်နိုင်ငံသို့ စစ်ပညာ သွားရောက် သင်ယူခဲ့သည့် ရဲဘော်သုံးကျိတ် အဖွဲ့ဝင်များတွင် သက်ရှိ ထင်ရှား ကျန်ရှိနေသေးသူ နှစ်ဦး အနက် တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာနို င်ငံ ပြန်လာ ရန် နိုင်ငံတော် သမ္မတက
ခွင့်ပြုထားပြီးဖြစ်ရာ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ မြန်မာနိုင်ငံ ပြန်လာမည့် အစီအစဉ်နှင့် တရုတ် ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံမှု အပေါ် သုံးသပ်ချက်တို့ကို သိရှိနိုင်စေရန် ကိုယ်တိုင် လည်း ကွန်မြူနစ် တစ်ဦးဖြစ်ကာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံတွင် နေထိုင်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၏သား စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော နှင့် ဆက်သွယ် မေးမြန်း ထားသည် များမှ ကော်နုတ် ဖော်ပြ အပ်ပါသည်။
VOICEး မြန်မာ အစိုးရက ဗိုလ်မှူးချုပ် ကျော်ဇောကို မြန်မာနိုင်ငံ ပြန်လာဖို့ ခွင့်ပြုလိုက်ပြီ ဆိုတော့ ဗိုလ်မှူးချုပ် ကျော်ဇောနဲ့ မိသားစုဝင်တွေ မြန်မာနိုင်ငံ ပြန်လာမယ့် အခြေအနေကို သိပါရစေ။
UAKZး ကျွန်တော်တို့ ဘက်က အဓိက ပြဿနာက အဖေ့ ကျန်းမာရေးပဲ။ သွား နိုင် လာနိုင် ဖြစ်လာရင် သွားလို့ရပါတယ်။ ဒါပေမဲ့ အဖေက ICU(Intensive Care Unit) ထဲမှာပဲ ရှိသေးတယ်။ အောက်ဆီဂျင် က ၂၄ နာရီ ပေးထား ရတယ်။ အစာက မစားနိုင်တဲ့ အတွက် နှာခေါင်းထဲက ပိုက်နဲ့ သွင်းနေရတယ်။ စိတ်က ဆောင်နေ ပေမယ့် ချက်ချင်း သွားလို့ လာလို့ မရ သေးပါဘူး။ ဒါပေမဲ့ ဒီသတင်း ကြားပြီး နောက်ပိုင်း ပြည်သူတွေရဲ့ မေတ္တာ ရောင်ပြန် ဟပ်မှုကြောင့် ထင်တယ်။ တစ်နေ့ထက် တစ်နေ့ ပိုကောင်းလာ တယ်။ နှစ်ပတ် သုံးပတ် လောက် အတွင်း မှာ ဝှီးချဲနဲ့ ပြန်သွားနိုင်တဲ့ အခြေအနေ ရောက်လိမ့်မယ် ထင်တယ်။ ICU ထဲ ရောက်တာ တစ်လ နီးပါး ရှိပြီ။ ချက် ချင်း ပြန်ထွက်လို့ မလွယ်ဘူး။ သူ့အဆုတ် က ခဏခဏ ရောင်ရမ်းတဲ့ ဒဏ်ကြောင့်၊ နောက် အသက်အရွယ်ေ ကြာင့် ပြန်ကောင်း ဖို့ အချိန်ယူ ရမယ်။ ထိန်းထိန်း သိမ်းသိမ်း စောင့်ကြည့်ရင် တစ်လလောက် အတွင်း မှာ ပြန်သက်သာ လာမယ် ထင်ပါတယ်။
VOICEး ဗိုလ်မှူးချုပ် ကျော်ဇော က ရွှေတိဂုံ စေတီတော်ကို ဖူးချင်တဲ့ ဆန္ဒ ရှိတယ်လို့ မီဒီယာကနေ ဘယ်လို ဖော်ပြ ဖြစ်သွားတာလဲ။
UAKZး အဖေ ရွှေတိဂုံ ဘုရားဖူးချင် တယ်ဆိုတာ ဧရာဝတီ(အွန်လိုင်း သတင်းမီဒီယာ)က ကိုရန်ပိုင်ကို ပြောဖြစ် သွားတာက သူနဲ့ ကျွန်တော် တိုင်းမှူးအပြောင်းအရွှေ့တွေ ဆွေးနွေးနေတုန်း ခွေးမင် (ကူမင်း) ရောက်နေတယ် ပြောရင်းနဲ့ အဖေ ဆေးရုံတင်ထားရတာ ပြောဖြစ်တယ်။ အဓိက သူ့ကို ပြောဖြစ်တာက အဖေ မတော်တဆ ကွယ်လွန်သွားရင် လူထုကို Message (သတင်း အချက်အလက်)ပြောပေးပါ။ အဖေ့ကို အားလုံး က ကွန်မြူနစ် တစ်ယောက်လို့ ထင်နေ တယ်။ ဒီလို ထင်တာကလည်း ကွန်မြူနစ် ဝါဒနဲ့ တိုင်းပြည် ကောင်းမလားလို့ လုပ်ကြည့်တဲ့ သူ့ရဲ့Tool လို့ပြောလို့ ရတာပေါ့။ နိုင်ငံ တည်ဆောက်ရေးမှာ စဉ်းစားတဲ့ ကွန်မြူနစ် Tool လား၊ ဆို ရှယ်လစ် Tool လားပေါ့။ သူ့ယုံကြည် မှု ကတော့ သူက တကယ့်ကို Strong Religious (ဘာသာတရား ယုံကြည်မှု ပြင်း ထန်သူ) ဖြစ် တာကိုး။
ဦးနု ခေတ်က လူထု အော်သံမှာ တိုက်ထားသလို ကွန်မြူနစ်ဆိုတာ ဘာသာတရား မရှိဘူး၊ ဘုရား မကန်တော့ဘူး ဆိုတာ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စွဲနေတယ်။ ကျွန်တော် နှစ်ပေါင်း ၂၀ ကျော် ကွန်မြူနစ် လုပ်လာတာ ရောက်လေ ရာမှာ ဘုန်းကြီး ကျောင်းတွေ့ရင် ဝင်ကန်တော့ တယ်။ ဘုရားတွေ့ရင် ဝင်ကန်တော့တယ်။ ဖေဖေတို့က ပိုဆိုးတာက ခြောက်တန်းကျောင်းသား အထိ ကိုယ်ရင်ဝတ် နဲ့ ကျောင်းတက်ခဲ့ ရတယ်။ ငယ်ငယ် ကတည်းက ဗုဒ္ဓ ဘာသာရဲ့လွှမ်းမိုးမှု အောက်မှာ ကြီးပြင်း ခဲ့ရတယ်။ ကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာ ထဲထဲဝင်ဝင် သိခဲ့တယ်။
နောက် မှတ်မှတ်ရရ ရှိတာက ၁၉၄၁ မှာ ရန်ကုန် ဆိပ်ကမ်းမှာ ဖေဖေ ဂျပန်ကိုသွားဖို့ ဂျပန်သင်္ဘောပေါ်မှာ ဝှက်တဲ့ အချိန်မှာတောင်မှ သင်္ဘောလည်း ခွာရော ရွှေတိဂုံဘုရား ဖူးခွင့်ပေးဖို့ ဂျပန်တွေကို တောင်းပန်လို့ ကုန်းပတ်ပေါ် တင်ပြီး ဘုရားဖူးခွင့် ပေးရတယ်။ တချို့က တော့ ကွန်မြူနစ် တစ်ယောက် လုပ်ပြီး သေခါနီးမှ ဘုရားကို သတိရတယ်လို့ ထင်မယ်။ တကယ်တော့ ၁၉၇၆ မှာ ဦးနေဝင်း တပ်တွေကို လက်နက်ကိုင် တိုက်မှ ရတော့မယ်လို့ သဘောထားလို့ လာခဲ့ကြတဲ့ အချိန် မတိုင်ခင် အထိ ကျွန်တော်တို့ ဝါတွင်းတိုင်းမှာ မိသားစုအလိုက် ဥပုသ်စောင့်တယ်။ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ မိသားစုက တိုင်းပြည်အတွက် ကောင်းမယ် ထင်လို့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးခဲ့ပေမယ့် ဗုဒ္ဓဘာသာကို ယုံကြည်တဲ့ မိသားစု ဖြစ်တယ် ဆိုတာ သိစေချင်လို့ ဒီစကားကိုပြောခဲ့တာ။ အဲဒီကနေ နောက် ဆုံး သမ္မတရုံးက ခွင့်ပြုတယ် ဆိုတာဖြစ် လာတယ်။ ဦးအောင်မင်းတို့က အခုလို ခွင့်ပြုတာ ကျေးဇူး တင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် တစ်ဦးတည်း သဘောထားကတော့ ဖေဖေ့သမိုင်းက အရှည်ကြီးပါ။
အခု အသက် ၉၃ နှစ်အထိ နှစ်ပေါင်းများစွာ သူ့ယူဆချက်နဲ့ တိုင်းပြည် ကောင်းမလား သူလုပ်ခဲ့တာ ပါ။ အသက် ၉၁ နှစ်အထိ နိုင်ငံရေးကို ပြောနိုင် ဆိုနိုင်ခဲ့ပါတယ်။ အသက် ၉၂၊ ၉၃မှာတော့ နမိုးနီးယားကို အလူးအလဲ တိုက်ခဲ့ရတယ်။ မပြောနိုင်တော့ဘူး။ ၉၁ နှစ် မွေးနေ့မှာ သူပြောခဲ့တာက ငြိမ်းချမ်းရေး ယူကြဖို့ ရဲဘော်သုံးကျိပ်ဘဝနဲ့ အင်္ဂလိပ်ကို တိုက်ခဲ့တယ်။ ဂျပန်ကို တိုက်ခဲ့တယ်။ နောက် ဗမာ့တပ်မတော် ကို ပြန်ဖွဲ့ခဲ့တယ်။ ဗမာ့ တပ်မတော် ဂုဏ်သိက္ခာ တက်အောင် အများကြီး လုပ်ခဲ့တယ်။ ဘာဆိုလိုတာလဲ ဆိုတော့ မြန်မာ အစိုးရက ပြန်လာဖို့ ခွင့်ပြုရာမှာ ရဲဘော်သုံးကျိပ် ဘဝနဲ့ပဲ လက်ခံမယ် ဆိုတဲ့ စကား ကတော့ သိပ်တော့ မကောင်းလှဘူး။ သူတို့ စဉ်းစားနည်း မပြည့်စုံတာလား။ ကွန်မြူနစ် ပဲ တွေးကြောက် နေတာလားပေါ့။
ဖေဖေ့အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံ သွားမယ်ဆိုတဲ့ စကားက ရွှေတိဂုံ ဘုရားဖူးရေးပါ။ ဒါကျွန်တော်မေးတာ ပါ။ ဗမာပြည်ကိုပြန်ချင်တာလားဆို တော့ ပြန်ချင်တယ်ကွာတဲ့။ ဘာလို့ပြန် ချင်ရတာလဲဆိုပြီး ပိတ်မေးတော့ ရွှေတိဂုံဘုရားကို ဖူးပြီးမှသေချင်တယ် ကွာလို့ပြောတယ်။ ဒါ ဖေဖေပြောခဲ့ တဲ့စကားပါ။ ရုပ်ရှင်ထဲမှာပါတဲ့ ကွန်မြူ နစ်ကြီးလို အလံနီအောက်မှာ စစ်တိုက် ပြ၊ ပစ္စည်းမဲ့များ အဓွန့်ရှည်ပါစေ စည်းရုံးပြ၊ ဒီအစိုးရကို အပြုတ်တိုက်ချ ဆိုတာမျိုး ကျွန်တော့် အဖေက မပြော သွားပါဘူး။ ဒါတွေကို မြန်မာအစိုးရ လည်း ကွန်မြူနစ်တစ္ဆေခြောက်နေလား မပြောတတ်ပါဘူး။ သူ့ကိုလက်ခံရင် သူ့သမိုင်းကိုလည်း လက်ခံရ မှာပေါ့။ ကောင်းကောင်းဆိုးဆိုးပေါ့။ ဖေဖေ့မှာ ရဲဘော်သုံးကျိပ်သမိုင်းတင်မဟုတ်ဘူး။ တိုင်းကျိုးပြည် ကျိုးလုပ်ခဲ့တဲ့ သမိုင်း တွေလည်း အများကြီးပါ။ အစိုးရရဲ့ အဲဒီကန့်သတ်ချက်က အတော်ကျဉ်း မြောင်း ပါတယ်။ ကျွန်တော့်သဘောက တော့ အဖေ့ဆန္ဒပြည့်အောင် လုပ်ပေးချင် တာကလွဲပြီး ဘာမှမရှိဘူး။ အဖေ့ရဲ့ ခရီးစဉ်ကလည်း ကွန်မြူနစ်ပါတီရဲ့ ငြိမ်းချမ်းရေးခရီးစဉ်နဲ့ ဘာမှမဆိုင်ဘူး။
VOICEး မြန်မာအစိုးရက ပြန်လာ ဖို့ ကမ်းလှမ်းတဲ့အချိန်မှာ ရဲဘော် သုံးကျိပ်ဘဝနဲ့ပဲ လက်ခံမယ်လို့ ကန့် သတ် ထားကြောင်း ပြောတာလား။
UAKZး ရဲဘော်သုံးကျိပ် အနေနဲ့ပဲ လက်ခံမယ်လို့ နှစ်ခါပြောတာ ဒီစကားလုံးက ရှင်းပါတယ်။ ဒါသူတို့ အမြင်နဲ့ သူတို့ လုပ်ကြတာကို ဘာမှ မပြောလိုပါ ဘူး။ ဒါပေမဲ့ စဉ်းစားနည်းက မပြည့်စုံဘူးလို့ ပြော ချင်တာပါ။ ပြန်လာခွင့် ပေးတာ ကိုတော့ ကျေးဇူးတင်ပါတယ်။
VOICEး ဦးကျော်ဇောရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွက် ကွန်မြူနစ် ပါတီ ကနေ ခွင့်ပြုချက် တောင်း ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကော ဘာများ ပြောချင်ပါသလဲ။
UAKZး သူတို့ ခွင့်ပြု မပြုဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ဖေဖေက ကွန်မြူနစ် ပါတီရဲ့ ခေါင်းဆောင်တစ်ဦး အနေနဲ့ အနားယူနေတာ မှန်တယ်။ ဒါပေမဲ့ ရာသက်ပန် ကွန်မြူနစ် ပါတီဝင် အဖြစ် ဖိုးသံချောင်းလို လူမျိုးရဲ့ စည်းရုံး ရေး ကော်မတီ အောက်မှာ ဗိုလ်ကျော်ဇော နေရမယ် ဆိုတာ ရယ်စရာ ကောင်းပါ တယ်။ ဒီနေ့ ဒီအချိန်မှာ ပါတီစွဲတွေ၊ ဂိုဏ်းဂဏစွဲတွေ ဖျောက်ပြီး Unify (ပြန်ပေါင်းစည်း) လုပ်ဖို့ ကြိုးစား နေချိန် မှာ နိုင်ငံရေး အရ ဖြတ်သန်းမှုကြီးခဲ့တဲ့ ပါတီ ခေါင်းဆောင် တစ်ဦးကို ဒီလိုစကားမျိုး ပြောတာက ကွန်မြူနစ် ပါတီရဲ့ ပြောရေးဆိုခွင့် ပေးထားတဲ့ ကိုသံချောင်း ရဲ့ ရေချိန်နဲ့ ယနေ့ ကွန်မြူနစ် ပါတီမှာ ရှိတဲ့ သူတွေရဲ့ အနေအထားကို ဖော်ပြတာပါ။ ဒီအတွက် ဘာပြဿနာမှ မရှိပါ ဘူး။ ကျွန်တော့်အဖေရဲ့ ကျန်းမာရေးကပဲ အဓိက ကျတာပါ။ ကျွန်တော်တို့ နေနေတဲ့ တရုတ် အစိုးရတောင် ဒီကိစ္စ ကို ပြောချင် ပြောလို့ရတယ်။ တားပိုင်ခွင့် မရှိဘူးလို့ထင်ပါတယ်။
VOICEး ဦးအောင်ကျော်ဇောတို့က ကွန်မြူနစ် စနစ်ကို လက်ခံ ယုံကြည်ပြီး နှစ်ပေါင်းများစွာ လုပ်ခဲ့တာ ဆိုတော့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ ကွန်မြူနစ် စနစ်ကို ဘယ်လို သုံးသပ်ပါသလဲ။
UAKZး ကွန်မြူနစ် ဝါဒဆိုတာ သူ့နိုင်ငံနဲ့ သူ့ဒေသနဲ့ ကိုက်ညီအောင် စစ်မှန်တဲ့ မူဝါဒတွေ ချပြီး လုပ်နိုင်ရင် ကောင်းပါတယ်။ တရုတ်ပြည်ကို ကြည့်ရင် ဒါကြောင့် သူ့တိုင်းပြည် တိုးတက်လာတာပဲ။ တိုင်းပြည်တစ်ပြည် ကို ထူထောင်တဲ့ နေရာမှာ ကွန်မြူနစ် စနစ်တို့၊ အရင်းရှင်စနစ်တို့ ဆိုတာထက် လူထု ချမ်းသာအောင်၊ တိုင်းပြည်တိုး တက်အောင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်ထင်တယ်။ နာမည်ခံတာ ရှိတယ်။ တရုတ်ပြည်မှာ ဆိုရင် ကွန်မြူ နစ်ပါတီက နာမည် ခံတာပဲ။ အဓိက သူတို့သွားတဲ့ စနစ်က ဆိုရှယ် အရင်းရှင်နဲ့ သွားနေကြတာ၊ တိုင်းပြည် တိုးတက် လာတာပဲ။ မြန်မာနိုင်ငံ အနေနဲ့ကတော့ နှစ်ပေါင်းများစွာ ကွန်မြူနစ် ပါတီမှာ အသက်သွေးချွေးတွေ ပေးပြီးတော့ ရင်းနှီးမှုတွေ အများကြီး ပေးခဲ့တာပဲ။ သူတို့ရဲ့ အခန်းကဏ္ဍ ကောင်းတွေ ရှိခဲ့တာ ပဲ။ ဖက်ဆစ် တော်လှန်ရေးကို ဦးဆောင် တိုက်ခဲ့တာ ရှိတာပဲ။ ဗမာပြည်ရဲ့ အခန်း ကဏ္ဍမှာ အရေးပါတဲ့ အပိုင်းက ပါခဲ့သော် လည်း မြန်မာနိုင်ငံလို ဗုဒ္ဓဘာသာ အင်မတန် ကြီးတဲ့ နိုင်ငံမျိုးမှာတော့ ဒီနေ့ အခြေအနေမျိုးမှာ ကွန်မြူနစ် ပါတီရဲ့အခန်း ကဏ္ဍနဲ့ နိုင်ငံကြီး တစ်နိုင်ငံ ထူထောင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။
VOICEး ဦးအောင်ကျော်ဇောတို့ ကိုယ်တိုင် ထဲထဲ ဝင်ဝင် ဝင်ပါခဲ့ဖူးတဲ့ ကွန်မြူနစ် ပါတီရဲ့ ဒီနေ့ အနေအထား ကို ဘယ်လို မြင်ပါသလဲ။
UAKZး ကျွန်တော့်အမြင်ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ထဲထဲဝင်ဝင် လုပ်ခဲ့ဖူးပါတယ်။ ကွန်မြူနစ် ပါတီအကြောင်း ပြောမယ်ဆိုရင် ကွန်မြူနစ် ပါတီရယ်၊ ကွန်မြူနစ် ပါတီ ရဲ့ ခေါင်းဆောင်တွေရယ်၊ လမ်းစဉ်တွေ ရယ် သုံးပိုင်း ခွဲပြောဖို့ လိုမယ်ထင်တယ်။ ကွန်မြူနစ် ပါတီရဲ့ သွေးချွေး ပေးဆပ်မှု က အများကြီးပါ။ ပေးဆပ်ရတဲ့ အရင်းအနှီးလည်း များပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်နဲ့ ကိုက်ညီတဲ့ မှန်ကန်တဲ့ လမ်းစဉ်တွေကို ကွန်မြူနစ် ပါတီက မချနိုင်ဘူး။ နောက်ဆုံး ကွန်မြူ နစ်ပါတီ ပြိုလဲသွားတယ်။
ဒီပြဿနာမှာ အဓိက အကြောင်း အရာ နှစ်ခု ရှိပါတယ်။ တစ်ခုက တိုင်းရင်းသား ပြဿနာနဲ့ ဒီမိုကရေစီ ပြဿနာပါ။ ဗမာပြည် ကွန်မြူနစ် ပါတီက တိုင်းရင်းသား ပြဿနာကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်တော့ ကျွန်တော်တို့ ကိုယ်တိုင်နဲ့ တပ်သားတွေ၊ တပ်မှူးတွေ ကိုယ်တိုင် ခေါင်းဆောင်တွေ ကို ငြင်းဆန်ရတဲ့ အနေ အထားရောက်ခဲ့ရပါတယ်။ ဒါကြောင့် မြန်မာပြည် သမိုင်းမှာ သမိုင်းအစဉ်အလာ ဘယ်လောက်ကြီးတဲ့ ပါတီ၊ အင်အား ဘယ်လောက်ကောင်းတဲ့ ပါတီ ဖြစ်ဖြစ် အမျိုးသား ပြဿနာကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ရင် ဖ.ဆ.ပ.လ ပြိုလဲ သွားသလို၊ မ.ဆ.လ ပြိုလဲသွားသလို ကွန်မြူနစ် ပါတီလည်း ပြိုလဲသွားတာပဲ။ ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြဿနာ က အမျိုးသား ပြဿနာ၊ လူမျိုးစု ပြဿနာ ပေါ့။ အဲဒီနှစ်ခုကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ရင် ဘယ်ပါတီပဲ ဖြစ်ဖြစ် ပြိုလဲ ပျက်စီးမှာပဲ။
VOICEး မြစ်ဆုံ စီမံကိန်း အပါအဝင် တရုတ် ကုမ္ပဏီတွေရဲ့ စီမံကိန်း တချို့ကို မြန်မာပြည်သူတွေက လက်မခံတာမျိုး တွေဖြစ်ပြီး မြစ်ဆုံစီမံကိန်း ရပ်နားသွားတာတွေ အပေါ် ဘယ်လိုမြင်ပါသလဲ။
UAKZး တရုတ်နိုင်ငံက တစ်လျှောက်လုံး လုပ်လာသမျှ မြစ်ဆုံ ကိစ္စက သူ့ကို အရှိုက်ထိုး တာပေါ့။ အခုဖြစ်နေတဲ့ လက်ပန်းတောင်းတောင် ကိစ္စလည်း ထပ်ခံ ရဦးမှာပဲ။ ပိုက်လိုင်း ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည် တို့၊ ၈၈ ကိုမင်းကိုနိုင်တို့ မပြောသေးလို့၊ ပြောလို့ လူထုကပါလာရင် ငယ်ထိပ်ကို မြွေပေါက်တဲ့ ကိစ္စ ဖြစ်တော့မှာ။ သူတို့က တစ်ချိန်က အာဏာရှင် အစိုးရ လုပ်ချင်တာ လုပ်တာကို အပြတ်အသတ် ထောက်ခံခဲ့ တယ်။ မြန်မာအစိုးရကို ဘယ်တော့မှ အထင်လည်း မကြီးဘူး။ မြန်မာအစိုးရက သူတို့ကို အမြဲ မှီခိုနေရမယ်လို့မြင်တယ်။ မြစ်ဆုံ ကိစ္စမှာလည်း သူတို့ကိုယ် သူတို့ ယုံကြည်မှု လွန်ကဲနေတယ်။ မြန်မာ အစိုးရ သူတို့ကို မလှန်နိုင်ဘူးလို့ မြင် တယ်။ မြန်မာပြည်သူတွေ ရဲ့ နိုင်ငံရေး စိတ်ဓာတ်ကို သိပ်အထင်သေးတယ်။
တရုတ် ပြည်သူ့အစိုးရလို့ ပြောပြီးတော့ မြန်မာပြည်သူတွေကို တစ်ခါမှ မျက်စိထဲ မထည့်ခဲ့ဘူး။ ဒါကြောင့် သူတို့ကို မြန်မာပြည်သူတွေက လှလှပပကြီး ပညာပေးခဲ့တာဖြစ်တယ်။ ပိုက်လိုင်း ကိစ္စမှာ သူ့ရဲ့ သေရေးရှင်ရေး ဖြစ်တယ်။ သူ့ရဲ့ရေနံပိုက်လိုင်းက ၂၀၁၄ ကျော်ရင် တရုတ်ပြည်က သုံးတဲ့ စွမ်းအင်ရဲ့ ၃၇ ရာခိုင်နှုန်းနဲ့ ၄၀ ကြားမှာ ရှိတယ်။ ဒါကို ပျက်လို့ မရဘူး။ နောက် မလက္ကာရေ လက်ကြားမှာ အရှေ့တောင် အာရှနိုင်ငံ တွေနဲ့ ဖြစ်နေတဲ့ ကိစ္စတွေကြောင့် ဒီရေနံ ပိုက်လိုင်းဟာသူ့အတွက် သေရေး ရှင်ရေး ဖြစ်နေတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ယနေ့ မြန်မာအစိုးရ ရဲ့အပြောင်းအလဲမှာ တရုတ်အစိုးရက တချို့နေရာတွေမှာ လည်စင်းပေးထားရ တာဖြစ်တယ်။ ဒါပေမဲ့ မြန်မာအစိုးရက (ယခင်) တရားမဝင် ယူထားတဲ့ ကိစ္စတွေက အများကြီးရှိတယ်။ တရုတ် ကုမ္ပဏီ ဘက် ကို လိုက်လျောတဲ့ ကိစ္စတွေ ရှိနေတယ်။
VOICEး ဦးအောင်ကျော်ဇော အစပိုင်း ပြောသွားတဲ့ အထဲမှာ မြန်မာနိုင်ငံက ဆင်းရဲမှု အမြင့်ဆုံးကိုရောက် နေတယ်လို့ ပြောသွားတော့ ဆင်းရဲမွဲတေမှု လျော့ကျရေး မဖြစ်မနေ ဘာတွေလုပ်ဖို့ လိုမယ် ထင်လဲ။
UAKZး တကယ်တမ်း တိုင်းပြည်ကို တိုးတက် ပြောင်းလဲ စေချင်တယ်ဆိုရင်၊ နိုင်ငံတကာမှာ မျက်နှာပန်း လှချင်တယ် ဆိုရင် ပြည်တွင်းစစ်ကို မုချ ရပ်စဲရမယ်။ လူမျိုးစုတွေ ပြောသလို ကရင်တစ်ကျပ် မြန်မာ တစ်ကျပ် ဖြစ်အောင် တကယ် ကြိုးစားရမယ်။ အဲ့လိုကြိုးစားမှသာ ကျန်တဲ့ကိစ္စတွေ ပြေပြေလည်လည် ဖြစ် လာမယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆိုတာ အလကားပဲ။ ပြည်တွင်းစစ် မရပ်စဲနိုင်ဘဲ ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်လို့မရဘူး။

From- The Voice Weekly

No comments:

Post a Comment