Wednesday, September 19, 2012

တရုတ်စီမံကိန်းများ စိန်ခေါ်မှုအမြင့်ဆုံးအချိန်လား

မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအား ဒေသခံများ၏ ကန့်ကွက်သံများ ပိုမိုကျယ်လောင်လာနေချိန်တွင် တရုတ်နိုင်ငံသို့ သွားရောက်မည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်က မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပြီးနောက် တရုတ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံအကြား တည်ငြိမ်သော အာမခံချက်ရှိရေး ခရီးစဉ်တစ်ခု ဖြစ်လိမ့်မည်ဟုမြန်မာ-တရုတ်ဆက်ဆံရေး လေ့လာ သူများက သုံးသပ်သည်။


ယခု သမ္မတဦးသိန်းစိန်၏ ခရီးစဉ်က တရုတ်နိုင်ငံပိုင်ကုမ္ပဏီ၏ ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတစ်ခုဖြစ်သော ဧရာဝတီမြစ်ဆုံ ဆည်စီမံကိန်းအား နိုင်ငံတော်သမ္မတက ရပ်ဆိုင်းလိုက်ပြီး တစ်နှစ်ပြည့်လုနီးချိန်နှင့်လည်း တိုက်ဆိုင်နေသည်။


“တရုတ်နဲ့က နယ်ချင်းထိစပ်နေတော့ ဘယ်အစိုးရမဆို တရုတ်နဲ့တည့်အောင် ပေါင်းရမှာပဲ။ ဆက်ဆံရေး ပျက်လို့မရဘူး။ စိတ်ချပါ နောင်ကြီးတို့ရယ်ပေါ့။ ဒါလုပ်သင့်လို့ လုပ်တာပဲ။ မြန်မာ-တရုတ်-အမေရိကန်ပေါ့။ သုံးပွင့်ဆိုင် စီးပွားရေးကို နှစ်ဖက်မျှအောင် တိုင်းပြည်အတွက် ကစားရမှာပဲ”ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ ဦးဘိုဘိုကျော်ငြိမ်းက ပြောကြားသည်။


နိုင်ငံတော်သမ္မတ ဦသိန်းစိန်၏ သမ္မတသက်တမ်းအတွင်း တရုတ်နိုင်ငံသို့ ဒုတိယမြောက် ယခုခရီးစဉ်မှာ မြစ်ဆုံဆုံးဖြတ်ချက် ချခဲ့သည့် တစ်နှစ်ပြည့်ရန် ၁၂ ရက်အလိုတွင်ဖြစ်ကာ ရက်ပိုင်းအတွင်းမှာပင် အမေရိကန်ပြည်ထောင်စုသို့လည်း သွားရောက်ရန် ရှိနေသည်။


၂၀၁၁ စက်တင်ဘာ ၃၀ ရက်က နိုင်ငံတော်သမ္မတသည် မြစ်ဆုံစီမံကိန်းကို ပြည်သူလူထုတောင်းဆိုမှုကြောင့် ရပ်ဆိုင်းခဲ့ပြီးနောက် နိုင်ငံအတွင်း တရုတ်စီမံကိန်းကြီးများဖြစ်သော လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း၊ နိုင်ငံကို ဓားလွယ်ခုတ် ဖြတ်သန်းနေသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့နှင့် ပတ်သက်၍ တောင်းဆိုလှုပ်ရှားမှုများ တစ်စထက်တစ်စ ကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။


“အခုမြစ်ဆုံ နံပါတ် ၁ ရှိတယ်။ နောက် ၂ တွေ၊ ၃ တွေရှိလာရင် ဒုက္ခ”ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများရေးရာ ညွှန်ကြားရေးမှူးဖြစ်သော မစ္စတာချန်းချန်က စိုးရိမ်မှုအပြည့်နှင့်ပြောသည်။


မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများကနေ ပြည်သူလူထု၏အားကို တရုတ်လုပ်ငန်းရှင်တို့ နားလည်ကာ ဒေသခံပြည်သူကို မြင်လာအောင် သတိပေးလိုက်သလို ရင်းနှီးမြှုပ်နှံမှုများအပေါ် အငြင်းပွားမှုများက နောက်လာမည့် လုပ်ငန်းရှင်များအား တပ်လှန့်လိုက်သလိုဖြစ်ကြောင်း သုံးသပ်သူတို့က ဆိုသည်။


တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် Global Environ-mental Institute မှ စီမံကိန်းအရာရှိ မစ္စဝေါင်ဇူက တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် ဝေဖန်မှုများနှင့် ပတ်သက်၍ ယခုကဲ့သို့ ထောက်ပြပြောဆိုသည်။


“ပြည်ပကိုသွားတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ဝေဖန်ခံရတယ်ဆိုတာ အဓိကတော့ တရုတ်ကုမ္ပဏီတွေက စီမံကိန်းကြီးတွေ လုပ်တဲ့အခါ တိုင်းဒေသခံပြည်သူတွေနဲ့ တိုက်ရိုက်ဆက်ဆံပြောဆိုရေးမှာ အားနည်းလို့ဖြစ်တယ်လို့ ကျွန်မတို့ ယူဆတယ်။ ပုံမှန်အားဖြင့် အစိုးရအဆင့်မြင့် အရာရှိချင်းတွေ စကားပြောတယ်။ ကုမ္ပဏီကြီးတွေ အချင်းချင်း စကားပြောတယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေရဲ့ အသံကိုတော့ နားမထောင်ကြဘူး”


လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၂၆ ဘီလီယံရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်နေဆဲဖြစ်သည်။


ကုန်သွယ်ရေးမှာလည်း တဖြည်းဖြည်း နှစ်စဉ်တိုးတက်လာခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်က ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းရှိခဲ့ကာ နှစ်စဉ်တိုးတက်မှုနှုန်းမှာ ၄၆ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ကြောင်း တရုတ်အစိုးရ၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။


ယခု စက်တင်ဘာလအတွင်း တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ၏ မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်နှင့် စက်တင်ဘာ ၁၆ ရက်တွင် သွားရောက်မည့် သမ္မတဦးသိန်းစိန်၏ တရုတ်နိုင်ငံခရီးစဉ်တို့မှာလည်း ရှေ့ဆင့်နောက်ဆင့် ဆိုသလိုဖြစ်ပြီး ဥက္ကဋ္ဌ မစ္စတာဝူဘန်းကိုက ၎င်းခရီးစဉ်အတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုတို့နှင့် ပတ်သက်၍လည်း သမ္မတကို တွန်းအားပေးပြောဆိုခဲ့သည်။


မစ္စတာဝူဘန်းကိုက နှစ်နိုင်ငံကြား သဘောတူပြီးသော အချို့စီမံကိန်းများ ရှေ့ဆက်သွားနိုင်ရေး တွန်းအားပေးရန် အရေးတကြီး လိုအပ်နေကြောင်း သမ္မတနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံတွင် ထုတ်ဝေသော China Daily သတင်းစာက ရေးသားသည်။


လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံအပါအ၀င် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် တည်ငြိမ်သော အာမခံချက်ရှိရေးအပြင် ရင်းနှီးမြှုပ်နှံမှုများအား ထိန်းချုပ်ကန့်သတ်နိုင်မည့် ဥပဒေများ အဆင်သင့်ဖြစ်ရေးမှာလည်း အရေးကြီးကြောင်း သုံးသပ်သူတို့က ဆိုသည်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတို့ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသည်ကလည်း ကျင့်ဝတ်လိုက်နာမှု အားနည်းသည့် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သလို ဖြစ်နေသည်။


“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အတွက်ရော ကုန်သွယ်မှုအတွက်ရော FDI ဥပဒေမရှိသေးတာက အဟန့်အတားဖြစ်စေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မြန်ဆန်ဆန်လုပ်ပေးဖို့ မျှော်လင့်ပါတယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ မစ္စတာချန်းချန်က သုံးသပ်ပြောကြားသည်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေမှာ မူကြမ်းအဆင့် ပြီးသွားပြီဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေမှာလည်း မူကြမ်းပြီး၍ ယခုနှစ်ကုန်ပိုင်းတွင် ထွက်ရှိဖွယ်ရှိသည်ဟု ခန့်မှန်းနေကြသည်။


သို့သော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွင် အားနည်းချက်များရှိနေကြောင်း မြစ်ဆုံစီမံကိန်းပေါ် အစဉ်တစိုက် ထောက်ပြဝေဖန်ခဲ့သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တစ်ဦးဖြစ်သော ဦးဝင်းမျိုးသူက ထောက်ပြပြောဆိုသည်။


“ဥပဒေမှာ ပတ်ဝန်းကျင်ရေးရာ ပြဿနာတွေရှိလာရင် သတင်းထုတ်ပြန်ပေးဖို့ မပါဘူး။ ပတ်ဝန်းကျင်ညစ်ညမ်းစေခဲ့ရင် အလျော်ပေးဖို့ ကိစ္စကလည်း လျော်ကြေးက ၁၀ သန်းလားပဲ ရှိတယ်။ စီမံကိန်းကြောင့် တစ်ခုခုပျက်သွားရင် ပျက်သွားတာကို နဂိုအတိုင်း ပြန်လုပ်ပေးဖို့ တာဝန်ရှိတယ်။ ဒါကို ဥပဒေထဲမှာ ကွဲကွဲပြားပြားပေါ်အောင် ထည့်ရေးသင့်တယ်”ဟု ဦးဝင်းမျိုးသူကဆိုသည်။


ယင်းကဲ့သို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အဆင့်သင့် မဖြစ်သေးချိန်တွင် ၀င်ရောက်ခဲ့သည့်၊ ၀င်ရောက်လာနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ထိပ်တိုက်ကြုံတွေ့လာရခြင်း အဓိကအချက်မှာ အစိုးရနှင့် သို့မဟုတ် ခရိုနီများနှင့်သာ စကားပြောကာ ဒေသခံပြည်သူကို ထည့်သွင်းမစဉ်းစားခြင်း အချက်ဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။


ထို့အပြင် မြန်မာပြည်သူများ အနေဖြင့် တရုတ်စီမံကိန်းများနှင့် ပတ်သက်ပြီး ဆတ်ဆတ်ထိမခံ ဖြစ်ရခြင်းမှာ အကြောင်းများစွာရှိပြီး ယင်းအနက် စစ်အစိုးရလက်ထက် အနှစ် ၂၀ လုံးလုံး တိုင်းပြည်အတွင်းက ရနိုင်သမျှကို ဈေးအပေါဆုံးဖြင့် ရအောင်ယူသွားခြင်းမှာလည်း နောက်အကြောင်းရင်းတစ်ခုဖြစ်ကြောင်း တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက သုံးသပ်ပြောကြားသည်။


တရုတ်ရင်းနှီးမြှုပ်နှံမှုတို့အပေါ် မြန်မာပြည်သူတို့ ယုံကြည်ချက် ကင်းမဲ့ရခြင်း၏ အကြောင်းတစ်ချက်ကိုလည်း ဦးဘိုဘိုကျော်ငြိမ်းက ယခုကဲ့သို့ ထောက်ပြသည်။


“တရုတ်စီးပွားရေးသမားတွေဟာ အမေရိကန်နည်းတူပဲ၊ Arrogant (လူပါးဝ)တာပဲ။ ပြီးတော့ စီးပွားရေးပိတ်ဆို့မှုကြောင့် (အမြတ်) ရနိုင်တာ သိကြတယ်။ ရင်းနှီးတဲ့နေရာမှာ မညင်သာဘူး။ မညှာဘူး။ နည်းပညာကူးလူးပေးတာ သိပ်မရှိဘူး။ အလေးမထားဘူး”


ထို့အပြင် နှစ်ဆယ်ရာစု နှစ်ခုကျော်ကြာ ဈေးကွက်အတွင်း အုပ်စီးမှုရထားသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကြောင့် လူမျိုးရေးအရ စိုးရိမ်မှုရှိနေခြင်းကြောင့်လည်း ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။


ပြည်တွင်းတွင်လည်း ယခုလတ်တလော လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး တောင်းဆိုနေမှုများနှင့်အတူ အချို့သော ပြည်သူတို့က ဒုတိယမြစ်ဆုံအဖြစ် ကြေးနီစီမံကိန်းကို သမ္မတက ရပ်ဆိုင်းပေးလိမ့်မည်ဟုလည်း မျှော်လင့်မှုများလည်း ရှိနေသည်။


ဦးဝင်းမျိုးသူကမူ “ရပ်ပစ်ဖို့ မဖြစ်နိုင်ဘူးထင်တယ်။ တစ်အချက်က စီးပွားရေးအရ ပမာဏကအရမ်းများတယ်။ နောက်နှစ်အချက်က နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေ ရှိနေတယ်။ ရပ်လို့မရနိုင်ပေမယ့် စည်းမဲ့ကမ်းမဲ့ မဖြစ်ဖို့တော့ အစိုးရက သေချာဆောင်ရွက်သင့်တယ်”ဟု ဆိုသည်။
From -7DayNewsJournal

No comments:

Post a Comment