Sunday, September 23, 2012

ပြဿနာမရှိပါဘူး . . .

''ဆရာ လွှတ်တော်မှာ ပြဿ နာတွေအများကြီးပဲ'' ကျွန်တော်ခေါင်းညိတ်တယ်။
''ဆရာ ရခိုင်မှာ ပြဿနာတွေ အများကြီးပဲ'' ကျွန်တော်ခေါင်းညိတ်တယ်။
''ဆရာ ကချင်မှာ ပြဿနာတွေ အများကြီးပဲ'' ကျွန်တော်ခေါင်းညိတ်တယ်။
ပညာရေး၊ လာဘ်ပေးလာဘ်ယူ၊ ဆင်းရဲခြင်း၊ ရာသီဥတု၊ နောက် ခုံရုံးပြဿနာ။ ပြဿနာတွေ အများကြီးပဲ။ ကျွန်တော်ခေါင်းစားသလား၊ ဦးနှောက်ပဲကြီးထွားလာလား မသိပါ။ အများကြီး တွေးနေမိတယ်။ ဘာမှ မလုပ်သူတွေအတွက်တော့ ဘာပြဿ နာမှမရှိဘူးပေါ့။ အလုပ်လုပ်ရင် ပြဿနာတွေ ရှိမှာပေါ့။
ဒီလို ပြဿနာတွေဖြစ်လာရင် ဘယ်လိုစဉ်းစားမလဲ။ တစ်ခါတစ်ခါ ဖြစ်တတ်တာတွေကို ဆင်ခြင်တဲ့နည်းကောင်းတစ်ခုမို့ မျှဝေခံစားဖို့ တင်ပြလိုပါတယ်။ Arnold Benson က Newsweek မဂ္ဂဇင်းမှာ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။
''ဘာ ပြဿသနာလဲ''
''ကားထဲမှာ ပျားတစ်ကောင် ရောက်နေတယ်လေ။ ကားရပ်လိုက် လေ''
''မှန်တံခါးဖွင့်လိုက်ရင်ရတာပဲ''
''မရဘူး''
လွန်ခဲ့တဲ့ခုနစ်နှစ်နွေက ကျွန်တော်ဟာ ကားတစ်စီးနဲ့ ခရီးဝေးသွားခဲ့တယ်။ အဝေးပြေးလမ်းမှာ ကားတွေ ရှုပ်ယှက်ခပ်နေတယ်။
ကျွန်တော်တို့ကားထဲမှာ ကျွန်တော့်ဇနီးနဲ့ ကလေးနှစ်ယောက် (ရှစ်နှစ်သားနဲ့ ခြောက်နှစ်သား)တို့လည်း ပါလာတယ်။ ဇနီးသည်ပဂ္ဂီက ပျားကို စတွေ့တာဖြစ်တယ်။
''ပျားတစ်ကောင် ရောက်နေတယ်။ ကားရပ်လိုက်ပါ''
သူမပြောတဲ့အတိုင်း ကျွန်တော်ကားရပ်လိုက်ရင် ဒီအဝေးပြေးလမ်းမမှာ ကားတွေ တိုက်ကုန်မှာပေါ့။ ကျွန်တော် မှန်တံခါးတွေ ဖွင့်လိုက်တော့ ပျားတွေ ထွက်သွားပါတယ်။ သားတွေက နောက်က နေရယ်ချင်စိတ်ကို ထိန်းထားကြတာ နောက်ကြည့်မှန် ထဲက ကျွန်တော်တွေ့နေရတယ်။ နောက်တော့သူတို့က ပြောတယ်။
''ဖေကြီးကဘာမှလည်း မဖြစ်ဘူးနော်။ ဘာတွေဖြစ်ဖြစ် မတုန်မလှုပ်ဘူး'' သားတွေပြောတာကို ကျွန်တော်က ချီးကျူးစကားလိုပဲ ထင်လိုက်ပါတယ်။
ကျွန်တော် မတုန်မလှုပ်နေ တတ်တာကတော့ ဒုတိယကမ္ဘာစစ် အတွင်းကရတဲ့အတွေ့အကြုံကြောင့် ပါပဲ။ တကယ်တော့ စစ်ဆိုတာဟာ လူသားတွေရဲ့ ကောင်းမြတ်တဲ့စိတ်ဓာတ်ကို ရက်ရက်စက်စက် ချိုးနှိမ်ပစ်လိုက်တာပါပဲ။ စစ်နဲ့ ကြုံတဲ့အခါ မိမိ အသက်အိုးအိမ်အတွက် စိုးရိမ်ကြောင့်ကျမှုတွေဟာ အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။ အသက်ရှင် ရပ်တည်နေနိုင်ဖို့အတွက် မိမိအနေနဲ့ ခေါင်းမီးတောက်နေသလို ခံစားရတယ်။ ဘယ်နေရာမှာ ဘာတွေဖြစ်လာမယ်ဆိုတာကို မသိထားတဲ့ အန္တ ရာယ်ကို မိမိတို့ဟာ အမှန်ကန်ဆုံး တုံ့ပြန်ဖို့ဆိုတာ မလွယ်လှဘူး။
ဒုတိယကမ္ဘာစစ်မှာ ကျွန်တော်ဟာ ဘီတူး (B2) လေယာဉ်ကိုမောင်းရတဲ့ လေယာဉ်မှူးဖြစ်တယ်။ ဒီလေယာဉ်ဟာ အင်မတန် မောင်းရခက်တယ်။ တိုက်ပွဲမှာထက် လေ့ကျင့်ရေးကွင်းမှာ သေတဲ့လေယာဉ်မှူးပိုများတယ်လို့ ပြောစမှတ်ပြုရတဲ့ လေယာဉ် အမျိုးအစားပါပဲ။
အဲဒီတုန်းက ညအတော်များများမှာ ကျွန်တော်ဟာ အိပ်မက်ဆိုးတွေနဲ့ နိုးလာပါတယ်။ ကျွန်တော်နဲ့ လေယာဉ်ပေါ်ပါလာတဲ့ စစ်သည်ငါးဦး အသက်ကို လုံခြုံအောင်မလုပ်နိုင်ရင်ဆိုတဲ့အတွေးတွေ ကျွန်တော့်မှာ ပေါ်ပေါက်နေတာဖြစ်တယ်။ ကျွန်တော့် လက်ထောက် လေယာဉ်မှူးလေယာဉ်မှာ လမ်းပြတစ်ယောက်၊ ဗုံးချသူတစ်ယောက်၊ စက်သေနတ်သမားသုံးယောက်တို့ ပါဝင်ပါတယ်။ အားလုံးဟာ ကျွန်တော့်ထက် ငယ်တယ်။ ကျွန်တော်က ၂၁ နှစ် ရှိပြီဖြစ်တယ်။

မိမိပေတံတစ်ခုတည်းနဲ့ တိုင်းရင်တော့ မှန်တာတွေရှိသလို မှားတာတွေလည်း ရှိမှာပါပဲ။ မှန်တာတွေဟာ မိမိရဲ့ အမြင်တွေဖြစ်သလို မှားတာတွေဟာလည်း မိမိရဲ့ အမြင်ဖြစ်တတ်ပါတယ်။ တစ်ယောက်ယောက်ကို အပြစ်တင်မယ်ဆိုရင် အချိန်ပေးစဉ်းစားပါ။ မိမိကိုယ်ကို အပြစ်တင်မယ်ဆိုရင်တော့ စိတ်အေးအေးထား၊ ဖြစ်စဉ်တွေကို လက်ခံ၊ အငြင်းမပွားပါနဲ့ . . .
မှတ်မိနေသေးတယ်။ ဂျာမနီကို ကျွန်တော့်လေယာဉ်နဲ့ ပထမဦးဆုံး ဗုံးချပြီးတဲ့အခါ တုန်တုန်ရီရီ ဖြစ်နေခဲ့တယ်။ လေယာဉ်ကို လက်ထောက်လေယာဉ်မောင်း လက်ကိုအပ်ပြီး စိတ်ကိုတည်ငြိမ်အောင်နေဖို့ အတော်လေးကြိုးစားရတယ်။ ဒီနောက်တော့ ကျွန်တော်လေယာဉ်ကို ပြန်မောင်းလာခဲ့တယ်။ အဲဒီမှာ သင်ခန်းစာတစ်ခုရတယ်။ ဒါကတော့ ဘယ်လောက်ပဲ စိတ်လှုပ်ရှားပါစေ ကျွန်တော့်အနေနဲ့ လုပ်သင့်တာကိုပြီးစီးအောင် ဆောင်ရွက်ရမယ်။ ဒီအတွက် ကျွန်တော် တတ်နိုင်ကြောင်းလည်း သိလာတယ်။
အဲဒီကစပြီး ကျွန်တော်ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိလာတယ်။ ဘယ်လို အရေးကိစ္စမျိုးမဆို ကျွန်တော်ကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုတဲ့ အချက်ပဲ။
လေထဲမှာဖြစ်ဖြစ်၊ ရေထဲမှာဖြစ်ဖြစ်၊ ကုန်းပေါ်မှာဖြစ်ဖြစ် ပြဿနာအတွက် စိတ်အေးအေးထားပြီးလုပ်ရင် အဖြေတွေ့တာပါပဲ။ အသက်ရှုကြပ်ကာ ရပ်မနေဖို့ အဓိကပါပဲ။ အဲဒီကနေ လွတ်မြောက်အောင် ကြိုးစားဖို့ပဲ။ ဒုတိယကမ္ဘာစစ်ကို ဖြတ်ကျော် ခဲ့တဲ့ အတွေ့အကြုံဟာ ကျွန်တော့်ကို နေတတ်ထိုင်တတ်ဖို့ သင်ပေးလိုက်တာပါပဲ။

တစ်ကြိမ်မှာ ကျွန်တော်တို့ ကားပျက်သွားတယ်။ လူသူမနီးတဲ့အရပ်မှာ။ အနီးဆုံး မြို့ရွာနဲ့ဆိုရင် ၂၇ မိုင် ကွာဝေးတယ်။
''စိတ်ပျက်စရာပဲ'' အားလုံးဟာ အကြီးအကျယ် စိတ်ဆင်းရဲနေကြတယ်။
 ''ဘာဖြစ်ကြတာလဲ''လို့ ကျွန်တော်ကမေးတော့ ''ရှင်လည်းသိသားနဲ့။ လူသူမနီးတဲ့ ဒီမှာကားပျက်နေတာ''
''အေးလေ သိတာပေါ့ အဲဒါ ဘာဖြစ်လဲ'' ကျွန်တော်ပြောတော့ဇနီးက သားတွေကို အကူအညီတောင်းတယ်။
''ဒီမှာ သားတို့ရေ မင်းအဖေက ငါ့ကိုလာရန်စနေတယ်''သားတို့က ကျွန်တော့်ဆီ ဘာဖြစ်တာလဲလို့ မေးကြတယ်။ ကျွန်တော်က ရှင်းပြတယ်။
''ကဲ မင်းတို့ ကြည့်စမ်း ကားပျက်တာက ပေနှစ်သောင်းကျော် လေထဲမှာ ပျက်တာမဟုတ်ဘူး''
''ဒီမှာလေတော်လမ်းပေါ်မှာ ပျက်တာ''
''အေး မြေပေါ်မှာရောက်နေတယ်။ နောက်တော့ ဒါဟာ ရန်သူနယ်မြေမဟုတ်ဘူး။ တို့ပြည်တွင်းမှာ''
သူတို့က ဒီစကားကို နားလည်ကြပါ။ ကျွန်တော်တို့တစ်တွေ လေယာဉ်ပျက်ရင် ရန်သူ့နယ်ထဲမှာ လမ်းမှားဆင်းမိပါက အသက်နဲ့ကိုယ် အိုးစားမကွဲအောင် ပြေးရရှောင်ကြရတယ်။ အန္တရာယ် အင်မတန်များတယ်။ ခုဟာက မြို့နဲ့ ၂၇ မိုင်လောက်ဝေး တာပဲ။ အသက်နဲ့ အဝေးကြီး။ ပြည်တွင်းမှာ ကားပျက်တာ ဘာစိတ်ပူစရာရှိလို့လဲ။ နောက်တော့ ဒီလိုအဆင်ပြေသွားတာပါပဲ။ လောကမှာ အမြင်လေးတွေပါပဲ။ မြင်တတ်ရင် ဖြေတတ်ပါတယ်။
နောက်တစ်ခုစဉ်းစားဦးမယ်။ အလုပ်ပြုတ်တာမျိုးတွေ ဖြစ်ဖူးလား။ ဘာမှစိတ်မပျက်နဲ့။ ကျွန်တော်တွေ့ဖူးတဲ့ အလုပ်ခဏခဏပြုတ်တဲ့သူတွေ ရှိတယ်။ သူတို့ဆိုရင် အလုပ်ပြုတ်တာ ကြာလွန်းလို့ နောက်ဆုံး ဘာလုပ်ခဲ့တယ်ဆိုတာကိုတောင် မမှတ် မိကြဘူးတဲ့
ခင်ဗျားမိန်းမက ကွာရှင်းချင်တယ်ဟုတ်လား။ ဘာအရေးလဲ။ တော်သေးတာပေါ့။ ခင်ဗျားကိုဘယ်သူကမှ နောက်ကနေ သေနတ်နဲ့ လိုက်မပစ်နေဘူးလေ။ စစ်မြေပြင်မှာနေရတာမှ မဟုတ်တာဘဲ။ လောကဖြစ်စဉ်တွေကို လက်ခံလိုက်ပါ။
ကျွန်တော်ရဲ့ ဒုတိယကမ္ဘာစစ် အတွေ့အကြုံတွေဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ ကားထဲပျားဝင်လာတာ ဘာမှမဖြစ်ဘူး။ ပြတင်းတံခါး ဖွင့်လိုက်ရုံပဲ။ တစ်ခါတစ်ခါ ဖြစ်တတ်တာက ကားရှေ့ခွေးပြေးလာတာကို ရှောင်ရင်းသစ်ပင်ကို သွားပြီး ၀င်တိုက် မိတာပဲ။ ဒါမျိုးသတိထားပါ။ မိမိဘာလုပ်နေလဲ၊ လုပ်နေတာကို ဆက်ပြီး ဆောင်ရွက်။ ပြဿနာကိုတော့ စိတ်အေးအေးထားပြီးမှ ဖြေရှင်းပါ။
နိဂုံး - မိမိ ပေတံတစ်ခုတည်းနဲ့ တိုင်းရင်တော့ မှန်တာတွေရှိသလို မှားတာတွေလည်း ရှိမှာပါပဲ။ မှန်တာတွေဟာ မိမိရဲ့ အမြင်တွေဖြစ်သလို မှားတာတွေဟာလည်း မိမိရဲ့အမြင် ဖြစ်တတ်ပါတယ်။ တစ်ယောက်ယောက်ကို အပြစ်တင်မယ်ဆိုရင် အ ချိန်ပေးစဉ်းစားပါ။ မိမိကိုယ်ကို အပြစ်တင်မယ်ဆိုရင်တော့ စိတ်အေးအေးထား၊ ဖြစ်စဉ်တွေကိုလက်ခံ၊ အငြင်းမပွားပါနဲ့။
Ref; A Feeling For Priorities by Arnold Benson

From -EMG

No comments:

Post a Comment