Sunday, September 2, 2012

ထူးဆန်းစွာ ရှာဖွေတွေ့ရှိခဲ့သည့် ဧည့်ခန်းအောက်ရှိ အလယ်ခေတ်က ရေတွင်းကြီး

ဗြိတိန်နိုင်ငံ ပလစ်မောက်သ်မြို့မှ ဇနီးမောင်နှံ နှစ်ဦးသည် ၄င်းတို့၏ နေအိမ် ဧည့်ခန်းအောက်တွင် ၃၃ ပေ အနက် ရှိသော အလယ်ခေတ်က တူးဖော်ခဲ့ဟန်ရှိသည့် ရေတွင်းကြီး တစ်တွင်းအား အမှတ်မထင် ရှာဖွေတွေ့ရှိ ခဲ့သည်ဟု သိရသည်။ ဇနီး မောင်နှံနှစ်ဦးမှာ ကောလင်နှင့် ဗာနက်ဆာစကီးရာ တို့ဖြစ်ပြီး အဆိုပါ ရှေးခေတ် ရေတွင်းကြီးကို နေအိမ်၏အောက်တွင် တွေ့ရှိ ခဲ့ရခြင်းနှင့် စပ်လျဉ်း၍ အလွန်အံ့သြ တုန်လှုပ်ခဲ့ရသည်။

ကောလင်တို့ ဇနီးမောင်နှံသည် အဆိုပါ နေအိမ်သို့ ပြောင်းလာပြီး မကြာမီ ဧည့်ခန်း အတွင်းရှိ ကြမ်းပြင်၌ ထူးခြားသည့် အဖု အထစ်ကြီးအား တွေ့ရှိခဲ့ရသော်လည်း ဇနီးဖြစ်သူက ကောလင်အား စူးစမ်းမှုမပြုရန် ဟန့်တားခဲ့ကြောင်း၊ သို့ရာတွင် ဧည့်ခန်း ကြမ်းပြင်အား တစ်ပေခန့် တူးကြည့်သောအခါ အဆိုပါ ရေတွင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် ရှေးခေတ်သုံး ဓားရှည် တစ်ချောင်းကို ထပ်မံတွေ့ရှိခဲ့ပြီး သူငယ်ချင်းတစ်ဦး၏ အကူအညီဖြင့် ရေတွင်းကို ဆက်လက်တူးခဲ့ရာ အဆိုပါ ရေတွင်းမှာ အချင်းအားဖြင့် လက်မ ၃ဝ ရှိသည်ကို တွေ့ရကြောင်း ကောလင်က ပြောကြားခဲ့သည်။
ယခုအခါ ကောလင်သည် အဆိုပါ ရေတွင်းအား တူးဖော်ရန် အလွန် စိတ်ဝင်စားလျက်ရှိပြီး ရေတွင်း၏ အောက်ခြေတွင် ရွှေ ငွေ ရတနာများ ရှိ၊ မရှိ ရှာဖွေရန် ဆန္ဒပြင်းပြလျက် ရှိကြောင်း သိရသည်။ သို့ရာတွင် ကောလင်၏ ဇနီးဖြစ်သူ ဗာနက်ဆာ စကီးရာကမူ ၄င်းရေတွင်းကို နှစ်သက်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ 

No comments:

Post a Comment