ဒေါ်အောင်ဆန်းစုကြည် နှင့် CNN အင်တာဗျုး
CNN ။ ။ ဒေါ်စုကို အရမ်းကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေမှာ
တွေ့နေရတယ်နော် ။ အခုဘဲ အမေရိကန် လွှတ်တော်က ပေးတဲ့ Congressional Gold
Medal ဆုကို လက်ခံခဲ့ပြီးပြီ ။ နိုဘယ်ဆုလည်း ယူပြီးသွားပြီ ။ ဒေါ်စုကို
သူရဲကောင်းတစ်ယောက်လို ကြိုဆိုမှုတွေ တွေ့ရတယ် ။ လူတွေက အကြာကြီးမတ်တပ်ရပ်
လက်ခုပ်တွေ တီးကြရင် ဒေါ်စုပုံကို ကြည့်ရတာ သိသိသာသာ မနေတတ် ဖြစ်နေသလိုဘဲ ။
အဲဒါမျိုးလုပ်ကြတာ ဒေါ်စုအတွက် တမျိုးကြီးများ ဖြစ်နေလို့လား ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ တမျိုးကြီးဖြစ်တာတော့ မဟုတ်ရပါဘူး ။
ကျမ အရမ်းကျေးဇူးးတင် သဘောကျပါတယ် ။ ဒါပေမယ့် တခါတလေ
နေရထိုင်ရခက်တာမျိုးတော့ ရှိပါတယ် ။
CNN ။ ။ အဲဒါ ဘာကြောင့်များလဲ ။
ဒေါ်အောင်ဆန်းစုကြည်။ ။ အလွန်အကျွံ အာရုံစိုက်ခံရရင် ဘယ်သူမှ နေတတ်မှာ မဟုတ်ဘူးလေ ။
CNN ။ ။ ဒါပေမယ့် ဒေါ်စုလုပ်ခဲ့တာတွေဟာ တကယ့်ကို
ကြီးကြီးကျယ်ကျယ် သက်ရောက်မှုတွေ ရှိခဲ့တယ်လေ ။ ဘယ်အရာကများ အကြီးကျယ်ဆုံး
အောင်မြင်မှုလို့ ဒေါ်စု ထင်သလဲ ။ အားလုံးကို ပြန်ပြီး အနှစ်ချုပ်ရရင်
ဘယ်လိုလုပ်ရပ်ကြောင့် ဒီလိုဆုတွေရတာလို့ ထင်ပါသလဲ ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ဘယ်ဟာက
အကြီးကျယ်ဆုံးအောင်မြင်မှုတွေရလဲဆိုတာ ပြောဖို့ စောနေပါသေးတယ် ။ ဒီဆုတွေကို
ရတာက ကျမတိုင်းပြည်က ပြည်သူ ပြည်သားတွေ ရောက်ချင်တဲ့ ပန်းတိုင်ကို
ရောက်အောင် ကြိုးစားပေးခဲ့လို့ လို့ ထင်တာပါဘဲ ။
CNN ။ ။
ပန်းတိုင်ရောက်ဖို့ ခရီးကတော့ လိုသေးတာပေါ့လေ ။ ဒါပေမယ့် အခုအခြေအနေက
အရင်နဲ့ အတော်ကွာတာ သိသာပါတယ် ။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်ကထိ
ဒေါ်စုအနေနဲ့ ဒီနေရာမှာ ဒီလိုထိုင်ပြီး အင်တာဗျူးတွေ ဖြေနေဖို့ဆိုတာ
မဖြစ်နိုင်တဲ့ အခြေအနေ မဟုတ်လား ။ အခု ဒေါ်စုအနေနဲ့ မြန်မာပြည်အပေါ်
ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို အဆုံးသတ်ဖို့
တိုက်တွန်းတော့မလား ။ အထူးသဖြင့် မြန်မာ့ ပြည်တွင်းထုတ်ကုန်တွေအပေါ်
ချထားတဲ့ ပိတ်ဆို့မှု export sanction ကို ပယ်ဖျက်ဖို့
တိုက်တွန်းမလားဆိုတာ သိပါရစေ ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ အမေရိကန်ကို သွင်းတဲ့ မြန်မာ့ထုတ်ကုန်တွေအတွက် ပြောတာလား ။
CNN ။ ။ ဟုတ်ပါတယ် ။
ဖြေ ။ ။ ဟုတ်ကဲ့ ။ ရုပ်သိမ်းသင့်ပြီလို့ ထင်ပါတယ် ။
လုံးဝကြီး ရုပ်သိမ်းတာမဟုတ်ရင်တောင် လျှော့ချတာမျိုး လုပ်လို့ရပါတယ် ။
အဲလို လုပ်တာကို ကျမ အားပေးမှာပါ ။ ကျမတို့ ပြည်သူတွေကို သူတို့
လုပ်နိုင်တာ လုပ်ပြဖို့ အခွင့်အရေး ပေးရမယ့် အချိန် ရောက်ပြီထင်ပါတယ် ။ ကျမ
အရင်ကလည်း ပြောခဲ့ပါတယ် ......ပန်းတိုင်ကို ရောက်ဖို့ဆိုတာ
ပြင်ပအားတွေကိုချည်း အမြဲကိုးစားနေလို့ မရပါဘူး ။ ကျမတို့ကို ပြင်ပ
မိတ်တွေတွေက ကူညီတာကို အရမ်းကို ကျေးဇူးတင် ၀မ်းမြောက်ပါတယ် ။
ဆက်ပြီးကူညီလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် ။ ဒါပေမယ့်
ကျမတို့ကိုယ်တိုင်လည်း ကိုယ့်ကြမ္မာကိုယ် တာဝန်ယူ ဖန်တီးဖို့ လိုပါတယ် ။
CNN ။ ။ ဆိုလိုတာက မြန်မာပြည်က တွင်းထွက်ပစ္စည်းတွေ ၊
ဂက်စ်တွေ နဲ့ သဘာဝသယံဇာတတွေ.....ဘာဘဲဖြစ်ဖြစ်.....အမေရိကန်ကို သွင်းဖို့
အချိန်ရောက်ပြီ ထင်တယ်ပေါ့ ။
ဒေါ်အောင်ဆန်းစုကြည် ။
။ ဟုတ်ကဲ့ ။ ပွင့်လင်းမြင်သာမှု transparency နဲ့ ကိုယ်လုပ်တာကို
တာဝန်ခံနိုင်မှု accountability တို့ တော့ ရှိရမယ်လေ ။
CNN ။
။ နိုင်ငံရေး အကျဉ်းသားတွေကိစ္စကရော......... ။ သမ္မတကြီးက
သိပ်မကြာခင်တုန်းက လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာတယ်မဟုတ်လား ။ အဲဒီထဲမှာ
နိုင်ငံရေး အကျဉ်းသားတွေ ပါတာကို ဒေါ်စုအနေနဲ့ အားရကျေနပ်ရဲ့လား ။
ကိုယ်မျှော်လင့်ထားသလောက် လွတ်ရဲ့လား ။
ဒေါ်အောင်ဆန်းစုကြည်။
။ ဟင့်အင်း.....ကျမတို့ စာရင်းမှာ ပါသလောက် မလွတ်လာပါဘူး ။
နိုင်ငံရေးအကျဉ်းသား စာရင်းက ကျမတို့ ပါတီတစ်ခုတည်းတင် ရှိတာမဟုတ်ဘူး ၊
ကျန်တဲ့ အဖွဲ့အစည်းတွေမှာလည်း စာရင်းတွေလည်း ရှိပါတယ် ။ အဲဒီစာရင်းတွေက
NLD က စာရင်းထက် ပိုတောင် ရှည်သေးတယ် ။ ဒါကြောင့် အထဲမှာ မလွတ်ဘဲ
ကျန်နေသူတွေ ရှိနေပါသေးတယ် ။
CNN ။ ။ လွတ်လာမယ်လို့ ကော ထင်လား ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ထင်ပါတယ် ။ တတ်နိုင်သလောက် အမြန်ဆုံး လွတ်ကြမယ်လို့ ထင်ပါတယ် ။
CNN ။ ။ သမ္မတကြီးတို့ဘက်ကရော အဒီကိစ္စအပေါ်မှာ ဒေါ်စု တစ်သဘောတည်း ရှိကြရဲ့လား ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ '' တစ်သဘောတည်း '' ဆိုတာ ဘာကို
အတိအကျ ရည်ရွယ်ပြောချင်တာလဲ မသိဘူး ။ ဘာဘဲဖြစ်ဖြစ်
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်သင့်တယ်လို့ ယုံကြည်တဲ့ လူတွေ အစိုးရထဲမှာ
ရှိတယ်လို့ ကျမထင်ပါတယ် ။
CNN ။ ။ အခု ဒေါ်စုက သမ္မတ
ဦးသိန်းစိန်နဲ့ တွဲပြီး အလုပ်တွေ လုပ်နေတယ် ။ သူကလည်း အရင်က စစ်တပ်ကနော် ။
ဒီလူတွေဟာ ဒေါ်စုရဲ့ ခင်ပွန်းကို တွေ့ခွင့်မရအောင် ပိတ်ပင်ခဲ့တဲ့လူတွေ
မဟုတ်လား ။ ဒေါ်စုရဲ့ သားတွေနဲ့ မတွေ့ရအောင် လုပ်ခဲ့သူတွေ မဟုတ်ဘူးလား ။
တိုင်းပြည်ကို ဖိနှိပ်ခဲ့တဲ့လူတွေဆိုတာ ထည့်မပြောနဲ့ဦး ။ ဒီလူတွေနဲ့
အလုပ်အတူတွဲလုပ်ရတာ ဘယ်လိုနေလဲ သိပါရစေ။
ဒေါ်အောင်ဆန်းစုကြည် ။
။ သူတို့ ကျမအပေါ်လုပ်ခဲ့တာတွေကို ပုဂိုလ်ရေးအရလုပ်တယ်လို့
ကျမဘယ်တုန်းကမှ မယူဆခဲ့ပါဘူး ။ ဒါဟာ နိုင်ငံရေးလေ ။ နိုင်ငံရေးထဲ ၀င်ရင်
ဒီလို ပြသာနာတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ အစကတည်းက ပြင်ဆင်ပြီး ဖြစ်ရမယ် ။ ကျမ
စစ်ဗိုလ်တွေတော်တော်များများကို သဘောကျပါတယ် ။ ပြောရရင်တော့ ကျမက လူတွေ
အပေါ် များသောအားဖြင့် သဘောကျတာ များပါတယ် ။
CNN ။ ။ စစ်ဗိုလ်တွေအပေါ် သဘောကျတယ်လို့ ပြောတာ ကြားရတာ အတော် အံ့သြမိတယ် ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ တကယ်တမ်းတော့ တပ်မတော်ထဲက လူတွေနဲ့ ကျမ
အမြဲတမ်း အဆင်ပြေခဲ့ပါတယ် ။ ကျမအဖေက ဗမာ့တပ်မတော် တည်ထောင်ခဲ့သူဆိုတာကို
မမေ့နဲ့ဦးလေ ။ ဒါကြောင့်သူတို့လုပ်တာကို မကြိုက်ဘူးဆိုရင်တောင် ကျမ
သူတို့အပေါ်မှာ မေတ္တာရှိပါတယ် ။
CNN ။ ။ ဒီလိုကြားရတာ အံသြလိုက်တာ ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ တကယ်လားရှင့် ။
CNN ။ ။ ဟုတ်တယ် ။ ကျမ အံ့သြမိတယ် ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမအတွက်တော့ ဘာမှ အံသြစရာ ကိစ္စမဟုတ်ဘူး ထင်ပါတယ် ။
CNN ။ ။ စစ်အာဏာရှင်စနစ်ကနေ ပြည့်ဝကောင်းမွန်တဲ့
ဒီမိုကရေစီစနစ်ဘက်ကို ကူးပြောင်းဖို့ အရာမှာ သမ္မတကြီးနဲ့ ဒေါ်စုတို့ရဲ့
ဆက်ဆံရေးဟာ အရေးကြီးတယ်လို့ ထင်ပါသလား ။ ပုဂိုလ်ရေးဆက်ဆံမှုတင်မကဘဲ
နိုင်ငံရေးအရဆက်ဆံမှုကို ဆိုလိုတာနော် ။
ဒေါ်အောင်ဆန်းစုကြည် ။
။ ဒီလို အလုပ်မျိုးကို ပုဂိုလ်ရေးရှုထောင့်ကနေ တွေးနေတာဟာ
နည်းနည်း အန္တရယ်များတတ်တယ်လို့ ကျမထင်ပါတယ် ။ ဦးတည်ချက်အရ ဓမ္မဓိဌာန်ကျကျ
ပိုကြည့်သင့်ပါတယ် ။ အစိုးရအတွင်းက အမှုဆောင်တွေရယ် ၊ လွှတ်တော်ရယ် ၊
တရားရေး မဏ္ဍိုင်ရယ်ဟာ ကျမတို့အားလုံး တည်ဆောက်ဖို့ကြိုးစားနေတဲ့
ဒီမိုကရေစီအခြေခံအုတ်မြစ်တွေ တည်ဆောက်ရာမှာ ၊
လုပ်ငန်းဆောင်တာတွေကိုလုပ်ရာမှာ ပူးပေါင်ဆောင်ရွက်ဖို့လိုပါတယ် ။
CNN ။ ။ ဟုတ်ပါပြီ ။ ဒေါ်စုအနေနဲ့ ဒါကို
ပုဂိုလ်ရေးတာဝန်အနေနဲ့ မခံယူချင်ဘူးဆိုတာ သိပါတယ် ။ personal ဆိုတဲ့
ဘောင်ထဲမှာ မထည့်ချင်ဘူးဆိုပါတော့ ။ ဒါပေမယ့် အမှန်ပြောရရင်တော့ ဒီလိုတွေ
ဖြစ်လာတာ ဒေါ်စုကြောင့်လေ ။ ဒေါ်စုက ဒီကိစ္စတွေကို အကောင်အထည်ပေါ်လာအောင်
ဆောင်ရွက်ခဲ့တာဘဲ ။ ဒေါ်စုလို လူမပါခဲ့ရင် ဒါ ဘယ်ဖြစ်လာပါ့မလဲ ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ဟင့်အင်း....ကျမကတော့ အဲလို မယူဆပါဘူး ။
ပြည်သူတွေ မပါခဲ့ဘူးဆိုရင်သာ ဖြစ်လာမှာ မဟုတ်တာပါ ။ အမေရိကန်ကလည်း
ကျမတို့ကို အားပေးခဲ့ပါတယ် ။ ဒီအတွက် ကျမ အမေရိကန်လွှတ်တော်ကို
ကျေးဇူးတင်ရပါတယ် ။ အမေရိကန် သမ္မတ အုပ်ချုပ်ရေးအသီးသီးကို ကျေးဇူးတင်ရပါတယ်
။ တကမ္ဘာလုံးကလည်း ကျမတို့ကို အများကြီး အားပေးခဲ့ကြပါတယ် ။ လူတိုင်းဟာ
ကိုယ့်လုပ်ရပ်အတွက် ၊ ကိုယ့်ဆုံးဖြတ်ချက်အတွက် တာဝန်ယူရမယ်လို့ ကျမ
ထင်ပါတယ် ။ ဒါပေမယ့် ကောင်းတဲ့ အဖြစ်အပျက်တွေ အားလုံးဟာ
ငါ့တစ်ယောက်တည်းကြောင့်လို့တော့ ထင်လို့ မရပါဘူး ။
CNN ။
။နေအိမ်အကျယ်ချုပ်ကျစဉ်တုန်းက အဲဒါကို ခံနိုင်ဖို့ ၊ ကျော်လွှားနိုင်ဖို့
ဒေါ်စုအနေနဲ့ အတော်ကလေး ခေါင်းမာခဲ့ရတယ်၊ စိတ်မာခဲ့ရတယ်လို့ ကျမထင်ပါတယ် ။
ကိုယ်လုပ်နေတဲ့အလုပ် ၊ ကိုယ်လိုချင်တာရဖို့အရေး အတော်လေး မဆုတ်မနစ်
အလျော့မပေး လုပ်ခဲ့ရမှာဘဲနော် ။ အခု အလျော့ပေးစေ့စပ်ရေးတွေလုပ်ဖို့ ဒေါ်စု
ပြောနေတယ် ။ အဲလို ပြောင်းသွားရတာလေးလည်း သိပါရစေ ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ တကယ်တမ်းတော့ အဲဒါနဲ့ ပတ်သက်ပြီး
ပြောင်းလဲသွားတယ်လို့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး ။ ကျမအနေနဲ့ ညှိနှိုင်းဖို့
အခွင့်အရေးမှ မရခဲ့တာ ။ လူတွေက ကိုယ့်ကို စကားပြောမှ ညှိနှိုင်းတယ်ဆို
လုပ်လို့ရမှာလေ ။ ဒီတိုက်ပွဲတလျှောက်လုံးမှာ ဘယ်တုန်းကမှ ဆွေးနွေးခြင်း
dialogue တွေလုပ်ခွင့် မရခဲ့ပါဘူး ။ ဒီမိုကရေစီအင်အားစုတွေနဲ့
တိုင်ပင်ညှိနှိုင်းခြင်း consultation တွေ စစ်အစိုးရဘက်က မလုပ်ခဲ့ဘူး ။
ဒီတော့ ကျမတို့မှာ အလျှော့ပေးစေ့စပ်ရေးလုပ်ဖို့ အခွင့်အရေး ရခဲ့တယ်ဘဲ
မရှိတာ ။ ကျမပြောင်းလဲ သွားတယ်လို့ လူတွေက တချိန်လုံးပြောနေကြတယ် ။ အရင်က
ကျမဟာ ပိုပြီး ထိပ်တိုက်ရင်ဆိုင်တတ်တယ်တဲ့ ။ တကယ်က ကျမပြောင်းလဲတာ
မဟုတ်ပါဘူး ။ အခြေအနေတွေက ပြောင်းသွားတာပါ ။ ကျမဘက်က ရင်ကျက်လာတာတော့
ပါတာပေါ့လေ ။ အနှစ် ( ၂၀ ) လောက်ကြာမှတော့ လူဆိုတာ ရင့်ကျက်လာတာ
မဆန်းဘူးလို့ ထင်ပါတယ် ။
CNN ။ ။ဒါပေမယ့် ဒေါ်စုက
ညှိနှိုင်းခြင်းအတတ်ပညာကို သင်ယူနေတယ်လို့တော့ ပြောကို ပြောခဲ့တာဘဲ
မဟုတ်လား ။ အပေး အယူသဘောတွေ ၊ ညှိနှိုင်းခြင်းကနေရတဲ့ အောင်မြင်မှုတွေကို
သင်ယူနေတယ်ဆို ။
ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒါက
လွှတ်တော်ထဲမှာလုပ်ရတဲ့ သဘောတရားကို ပြောတာပါ ။ လွှတ်တော်ထဲကို ရောက်တာ ကျမ
လပိုင်းဘဲ ရှိပါသေးတယ် ။ လောလောဆယ် လွှတ်တော်ထဲက အခြေအနေတွေအတွက်
ကျမအရမ်းကို အားတက်ဝမ်းသာရပါတယ် ။ လွှတ်တော် ဥက္ကဌက အတော်လေး သမာသမတ်ကျပြီး
ကျမတို့ကို လူနည်းပေမယ့် တကယ့် ထိုက်ထိုက်တန်တန် အတိုက်အခံလို ဆက်ဆံပါတယ် ။
CNN ။ ။ ဟိုးအရင်တချိန်က အဖြစ်အပျက် တစ်ခုကို
သတိရသေးလား မသိဘူး.......စစ်သားတွေက သူတို့ဘက်ကို လျှောက်လာတဲ့ ဒေါ်စုကို
သေနတ်နဲ့ ချိန်ထားဖူးတယ်နော် ။ အဲဒီအဖြစ်ကို မှတ်မိသေးလား ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲဒီအဖြစ်က ကြာလှပါပြီ ။
CNN ။ ။ မှတ်မိသေးလား သိပါရစေ ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ မှတ်မိပါတယ် ။
CNN ။ ။ တခြား လူတွေက နောက်မှာ ကျန်ရစ်ခဲ့ပြီး
ဒေါ်စုတစ်ယောက်တည်း ရှေ့ကို ဆက်တိုးသွားတာနော် ။ သူ့တို့ဆီကို တည့်တည့်ကို
လျှောက်သွားတော့တာဘဲ ။ အဲဒီတုန်းက စိတ်ထဲမှာ ဘယ်လိုခံစားရလဲ ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြောရရင်တော့ ကျမမှာ ရွေးချယ်ခွင့်
သိပ်ရှိခဲ့တာ မဟုတ်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ အစက သူတို့ပြောတာက အားလုံး
လမ်းဘေးကို ကပ်ပါ တဲ့ ။ ဒါကြောင့် ကျမက လမ်းဘေးက ကပ်နေကြဖို့
ကျမတို့လူတွေကို ပြောပါတယ် ။ ပြီးလည်းပြီးရော အဲဒီ ဗိုလ်မှူးက
လမ်းဘေးကပ်ကပ် ၊ လမ်းပေါ်လျှောက်လျောက် ပစ်မယ်ဆိုတဲ့ ပုံစံမျိုး ပြောတယ် ။
ဒီတော့ကျမလည်း ဒီလိုဆိုရင်တော့ လမ်းပေါ်တက်တာက ကောင်းမယ် ဆိုပြီး
ဆုံးဖြတ်လိုက်တာပါ ။( ရယ်လျက် )
CNN ။ ။ တကယ်လည်းကျရော သူတို့ မပစ်ခဲ့ဘူးနော် ။ အဲဒါကိုရော ဘယ်လို ဘာကို ပြသလဲ ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ မပစ်ဘူးဆိုတာက ဒီလိုပါ ...
အဲဒီအချိန်မှာ ဗိုလ်မှူး major တစ်ယောက်က ပြေးလာတယ် ။ အစက သူက
ကျမတို့နောက်က လျှောက်နေတာ ။ ပြီးမှ ပြေးလာပြီး တာဝန်ကျတဲ့ စစ်ဗိုလ်
captain လေး ထင်ပါရဲ့ .....သူ့ကို မပစ်ဖို့ အမိန့်ပေးတာပါ ။
CNN ။ ။၂၀၀၃ မှာ ဒေါ်စု အသက်ကို ရန်ရှာခံရတဲ့ အထိ
ဖြစ်ခဲ့တယ်နော် ။ ( ဒီပဲရင်းကို ဆိုလို ) ။ လူတွေ အများကြီးသေကြတယ် ။
အဲဒီအဖြစ်အပျက်မျိုးကြီး နောက်ပိုင်းမှာတောင် ဒေါ်စုဘာကြောင့်
ဆက်တိုက်ပွဲဝင်ခဲ့သလဲ ။
ဒေါ်အောင်ဆန်းစုကြည် ။ ။
ဘာကြောင့် ဆက်တိုက်ပွဲ မ၀င်ဘဲ နေရမှာလဲရှင် ။ လူဆိုတာ ရှေ့ဆက်ပြီး
သွားနေရတာဘဲလေ ။ အထူးသဖြင့် အဲလို အဖြစ်အပျက်တွေကြောင့်ကို
ဆက်တိုက်ပွဲဝင်ရတာပေါ့ ။
CNN ။ ။
စီးပွားရေးပိတ်ဆို့မှုတွေအကြောင်းကို ဒေါ်စု ပြောခဲ့တယ်နော် ။ စစ်တပ်က
ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာဖို့၊ ဒီမိုကရေစီလမ်းကို ဖောက်ရာမှာ စစ်တပ်က
ပါဝင်လာဖို့ sanction တွေက ဘယ်လောက် ထိရောက်အရေးပါသလဲဆိုတဲ့ အချက်အပေါ်
အငြင်းပွားမှုတွေ ရှိနေသလိုဘဲ ။ ဒေါ်စုအနေနဲ့ sanction တွေကြောင့် အဲဒီလို
ဖြစ်လာတယ်လို့ ထင်ပါသလား ။ ဘာကြောင့်လည်းဆိုတော့ သိတဲ့အတိုင်းဘဲ sanction
တွေ ချမှတ်ခဲ့ပေမယ့် စစ်တပ်က ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်တွေတော့
နည်းအမျိုးမျိုးနဲ့ ရှိနေခဲ့တာဘဲ ။ ပြည်သူတွေမှာ အလုပ်ပြုတ်တဲ့လူပြုတ်ပြီး
ထိခိုက်ရတယ် မဟုတ်လား ။
ဒေါ်အောင်ဆန်းစုကြည် ။ ။
sanction တွေဆိုတာ တစ်ခုတည်းကြောင့် ပြုပြင်ပြောင်းလဲရေး reforms တွေ
ဖြစ်စေခဲ့တာ မဟုတ်ပါဘူး ။ ဒါပေမယ့် sanction တွေဟာ အရမ်းအရေးပါတဲ့ ကဏ္ဍက
ပါတယ်လို့ ကျမထင်ပါတယ် ။ မပါဘဲနဲ့တော့ ဘာကြောင့် အစိုးရက ဒီ sanction တွေ
ရုတ်သိမ်းအောင် တောင်းဆိုနေခဲ့မှာလဲ ။ sanction တွေဟာ နိုင်ငံရေးအရ
အရမ်းကို အရေးပါပါတယ် ။ မြန်မာ့စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့တာ
sanction ကြောင့်လို့ မထင်ပါဘူး ။ ကမ္ဘာ့ ငွေကြေး အဖွဲ့ IMF ရဲ့
စစ်တမ်းတွေကို ကျမ အမြဲကိုးကားပြီး ပြောလေ့ရှိပါတယ် ။ မြန်မာ့စီးပွားရေး
ချွတ်ခြုံကျရတာ sanction ကြောင့် မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း
mismanagement ကြောင့်ပါ ။
CNN ။ ။ ဒါဆို စီးပွားရေးထက် နိုင်ငံရေးနဲ့ စိတ်ဓါတ်ရေးရာပိုင်းမှာ sanctions တွေက ပိုထိရောက်ခဲ့တယ်လို့ ထင်တယ်ပေါ့ ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ပါတယ် ။
CNN ။ ။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်စုတို့ ပါတီက
အပြတ်အသတ်နိုင်သွားလို့ စစ်အစိုးရက အံ့သြသွားတာမျိုး ရှိလား ။ NLD က
ဝင်ပြိုင်တဲ့ နေရာအားလုံးနီးပါးမှာ နိုင်တယ်လေ ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ကဲ့ ။ အံ့သြမယ်လို့ ထင်ပါတယ် ။
ဒါပေမယ့် သူတို့ထဲက တချို့ကတော့ ဒီလိုဘဲ ဖြစ်လာလိမ့်မယ်ဆိုတာ
သဘောပေါက်ကြတယ် ထင်ပါတယ် ။
CNN ။ ။ ၂၀၁၅
ရွေးကောက်ပွဲအတွက် မျှော်လင့်ချက်လေးကို ပြောပါဦး ။ နေရာအများဆုံးရတဲ့
ပါတီဖြစ်လာမယ်လို့ မျှော်လင့်ပါသလား ။
ဒေါ်အောင်ဆန်းစုကြည် ။
။ ၂၀၁၅ အတွက်တွေးဖို့ စောပါသေးတယ် ။ အဲဒီမတိုင်ခင်လာမယ့်
လောလောဆယ် ( ၂ ) ကာလက တကယ့်ဒီမိုကရေစီကို တည်ဆောက်ဖို့ ပိုအရေးကြီးပါတယ် ။
ဒါကဘဲ ၂၀၁၅ အတွက် ဆုံးဖြတ်ပေးသွားမှာပါ ။
CNN ။ ။ ဒေါ်စုက အရမ်းလူသိများတဲ့လူဆိုတော့ ပုဂိုလ်ရေးမေးခွန်း personal questions လေးတွေလည်း မေးချင်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမက များသောအားဖြင့် personal questions တွေကို သဘောမကျပါဘူး ။ ( ရယ်လျက် )
CNN ။ ။ သဘောမကျဘူးဆိုတာ သိပါတယ် ။ ဒါပေမယ့် ကျမလည်း
မိခင်တစ်ယောက် ဆိုတော့ ဒေါ်စုအခုလို လုပ်ခဲ့တာတွေအတွက် ပေးဆပ်ခဲ့ရတဲ့
အတိုင်းအတာကို သိချင်လို့ပါ ။ များသေားအာဖြင့် အလုပ်လုပ်နေရတဲ့ မိခင်တွေဟာ
သူတို့ ကလေးတွေနဲ့အတူ မရှိဖြစ်တဲ့ အချိန်တွေအတွက် အကျပ်အတည်း ဖြစ်ရတယ် ။
ကလေးတွေအတွက် ပျက်ကွက်ရမှုကို ဘယ်လို အစားထိုး ပြန်ပေးရမလဲဆိုတာကို
အကြီးအကျယ် စဉ်းစားလေ့ရှိကြတယ် ။ ကလေးတွေနဲ့ ဒေါ်စု မနေနိုင်တဲ့ ကာလတွေဟာ
တခြား ကျမသိသလောက် မိခင်တွေအားလုံးထက်ပိုပြီး ဆိုးတယ် ၊ ပိုပြီးလည်း ကြာတယ်
။ အဲဒါတွေအတွက် ကလေးတွေကို တစ်နေ့ အစားပြန်ပေးနိုင်လိမ့်မယ်လို့များ
စဉ်းစားဖူးသလား ။ ကလေးတွေနဲ့ ဆက်ဆံရေး ပြန်အဆင်ပြေသွားခဲ့ပြီလား ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမကတော့ ကျမကလေးတွေအတွက် ပြန်ပြီး
အစားထိုးပေးဆပ်ရတာတွေလုပ်ရမယ်လို့ မယူဆပါဘူး ။ ဘာကြောင့်လဲဆိုတော့
သူတို့လည်း အခုဆို ကလေးတွေမဟုတ်တော့ဘူးလေ ။ အားလုံးအရွယ်ရောက်နေကြပြီ ။
သူတို့ကလည်း ကလေးတွေလို အဆက်ဆံ ခံချင်မယ် မထင်ပါဘူး ။ ဒီလိုဘဲ ယုံကြည်ပါတယ်
။ ကျမဖြစ်စေချင်တာကတော့ ကျမတို့ ဝေးကွာနေကြတဲ့ အခြေအနေပေါ်အခြေခံပြီးဘဲ
ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်တာပါဘဲ ။
CNN ။ ။ သားကြီး အလက်ဇန်းဒါးနဲ့ ဆက်ဆံရေးက စိမ်းတယ်လို့ ကျမဖတ်ရတယ် ။ သူနဲ့ တွေ့ဖို့ရော အစီအစဉ်ရှိလား ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမသားနဲ့ ကျမ မစိမ်းပါဘူး ။
အချင်းချင်း နှစ်ပေါင်းများစွာ မတွေ့ကြတဲ့လူတွေဆို ဒီလိုဘဲ
ပြောချင်ကြမယ်လို့ ထင်ပါတယ် ။
CNN ။ ။ ကျမတို့
နောက်ဆုံး စကားပြောခဲ့စဉ်က ဒေါ်စုက သတိမပါတဲ့အကောင်းမြင်မှု
မဖြစ်သင့်ဘူးဆိုတဲ့အကြောင်း သတိပေးခဲ့တယ် ။ ဒီတလော
မြန်မာပြည်အပေါ်အကောင်းမြင်မှုဟာ ဒေါ်စုပြောတဲ့ reckless optimism များ
ဖြစ်နေမလား ။ ဒါမှမဟုတ် ဒီမိုကရေစီလမ်းကြောင်းအခြေခိုင်နေပြီလို့များ
ထင်သလား ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ တချို့တွေဘက်ကတော့
သတိမမူဘဲ အကောင်းမြင်နေတာတွေ ရှိပါတယ် ။ ဒီနေရာမှာ မြန်မာပြည်မှာ
ကိုယ်တိုင်အလုပ်လုပ်နေတဲ့ ကျမသဘောအကျဆုံး စီးပွားရေး ကျွမ်းကျင်ပညာရှင်
Sean Turnell ပြောတာကို ထည့်ပြောရမယ် ။ သူက အမေရိကန်မှာ
ရွှေတွေ့တယ်ဆိုတုန်းက ရင်းနှီးမြှုပ်နှံသူတွေ အစုလိုက်အပြုံလိုက်သွားကြတဲ့
အကြောင်း ပြောလေ့ရှိတယ် ။ ကျမကတော့ အဲလိုပုံစံမျိုးကို မလိုချင်ပါဘူး ။
သတိမမူတဲ့ အကောင်းမြင်မှု reckless optimism ဆိုတာ အဲဒါကို ဆိုလိုတာပါ ။
အဲလို ဖြစ်နေလို့ တိုင်းပြည် အကျိုးရှိမှာ မဟုတ်ဘူး ။ ရင်းနှီး
မြှုပ်နှံသူတွေလည်း နောက်ပိုင်းမှာ စိတ်ညစ်ရမယ့် အဖြစ်မျိုး ရှိလာနိုင်တယ် ။
ဒီတော့ လူတိုင်း ကိုယ်လုပ်နေတာကို သေချာစဉ်းစားပါ ။ အကျိုးနဲ့ အပြစ်ကို
ချင့်ချိန်ပါ ။ပြီးရင် သူတို့အတွက်ရော ကျမတို့တိုင်းပြည်အတွက်ရော
အကောင်းဆုံးကို ရွေးလုပ်ပါ ။ ကျမအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို
အကျိုးအမြတ်ရစေချင်ပါတယ် ။ ရင်းနှီးမြှုပ်နှံပါတယ်ဆိုတာ မမြတ်ရဖို့ဘဲ
မဟုတ်လား ။ ဒါပေမယ့် အဲဒီအကျိုးအမြတ်ဟာ သူတို့ရသလို ကျမတို့ ပြည်သူတွေလည်း
ခံစားရသင့်တယ် ။
( 19 နဲ့ 20 ရာစုတွေမှာ တနေရာမှာ
ရွှေတွေ့လို့ဆိုရင် အဲဒီနေရာကို တကမ္ဘာလုံးကလူတွေ အပြေးအလွှား ၊ အစုလိုက်
အပြုံလိုက် သွားတာမျိုးတွေ ရှိခဲ့တယ် ။ မကောင်းတဲ့ အကျိုးဆက်တွေလည်း
ဖြစ်ခဲ့တယ် ။ အမေရိကန်တစ်နေရာတည်း မဟုတ်ဘဲ သြစတြေးလျား ၊ ဘရာဇီး ၊ ကနေဒါ ၊
တောင်အာဖရိက များမှာလည်း အလားတူ ဖြစ်ခဲ့ဖူးသည် )
စီးပွားရေး ကျွမ်းကျင်ပညာရှင် Sean Turnell
CNN ။ ။ ဒေါ်စုတို့ နိုင်ငံရဲ့ နာမည်ကို ကျမတို့
ဘယ်လိုခေါ်ရမလဲ ။ ဒေါ်စုက အခမ်းအနားတွေမှာ စကားပြောတိုင်း Burma လို့
သုံးသွားတာတွေ့တယ် ။အခု မြန်မာဖြစ်နေပြီလေ ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲဒါကတော့ လူတစ်ဦးချင်းစီရဲ့
ရွေးချယ်မှုပါဘဲ ။ ၁၉၉၀ နောက်ပိုင်းနှစ်များကထင်ပါတယ် ..... နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က Burma ကို Myanmar လို့
ခေါ်ရမယ်ဆိုပြီး လုပ်ခဲ့တာ ။ ဒါပေမယ့် ကျမကတော့ လူတိုင်းမှာ လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်လို့ ထင်ပါတယ် ။ ကိုယ့်အတွက် ခေါ်ရတာ
ပိုအဆင်ပြေမယ်ထင်တဲ့ နာမည်ကို ခေါ်ဖို့ ရွေးချယ်ပိုင်ခွင့်ရှိပါတယ် ။
Spring Flowers
From-TheStreetView
No comments:
Post a Comment