Monday, September 10, 2012

အင်တာနက်မြန်နှုန်းအကြောင်း ISP တစ်ခုမှ တာဝန်ရှိသူတစ်ဦးနှင့် စကားစမြည်



အင်တာနက်သုံးစွဲသူတွေ အမြဲတမ်း စိတ်ဝင်တစား     မေးမြန်းပြောဆိုနေကြတဲ့ အင်တာနက်မြန်နှုန်းအကြောင်းကို LSP ( Local Service Provider) တစ်ခုမှ တာဝန်ရှိသူ တစ် ဦးနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။





မေး။ ။ မြန်မာနိုင်ငံမှာ အင်တာနက်တွေ ဘာကြောင့်နှေးတယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ လူကြောင့်လို့ပဲ ကျွန်တော်ဖြေချင်ပါတယ်။ National Gateway ကို တာဝန်ယူထိန်းသိမ်းရတဲ့လူတွေက Traffic Pattern တွေကို အမြဲစောင့်ကြည့်ပြီး International Link များအပေါ် မျှတမြန်ဆန်နိုင်စေရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ဖို့လိုမယ်ထင်ပါတယ်။ ဒီလိုမဟုတ်ရင် Traffic များတဲ့အချို့ International Link များတွင် ပြည့်ကျပ်နေနိုင်ပြီး တစ်ချို့ Link များတွင် Traffic မရှိဘဲ မညီမမျှဖြစ်ပြီး နှေးနေနိုင်ပါတယ်။ National Gateway ဆိုတာကလည်း မူအားဖြင့် နိုင်ငံတော်မှ ထိန်းချုပ်တယ်ဆိုပြီး နည်းပညာအားနည်းနေရင် တစ်နိုင်ငံလုံး အင်တာနက်နှေးနေတာ အမှန်တော့ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ အမှန်တကယ် ထူးဆန်နေတာက အင်တာနက်ကသာ နှေးနေတယ်။ နိုင်ငံတော်က၀ယ်ထားတဲ့ Bandwidth ကိုသုံးစွဲမှုက သုံးပုံမှာတစ်ပုံလောက်ပဲသုံးပြီး ကျန်နှစ်ပုံက အလဟသဖြစ်နေမယ်ဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေတွေက အလဟသဖြစ်နေပြီး အင်တာနက်ကလည်း နှေးနေဦးမယ်။ ဒီလိုနှေးနေဦးမယ်ဆိုရင် တိုင်းပြည်နဲ့ပြည်သူတွေအတွက်ကတော့ ငွေကုန်ကြေးကျများပြီး အလုပ်မဖြစ်တဲ့ Internet ၀န်ဆောင်မှုတစ်ခု ဖြစ်နေမှာပါပဲ။

မေး။ ။ Bandwidth ကိုသုံးစွဲမှုက သုံးပုံမှာတစ်ပုံပဲသုံးပြီး ကျန်နှစ်ပုံက အလဟသဖြစ်နေတဲ့အတွက် အင်တာနက်က ဆက်နှေးနေဦးမယ်ဆိုတဲ့ အဖြေအပေါ် ဆက်မေးချင်တာက ဘာကြောင့်မြန်မာနိုင်ငံမှာ Bandwidth ကို သုံးပုံတစ်ပုံပဲ သုံးနေသလဲဆိုတာများ အစ်ကို့အမြင်လေး သိခွင့်ရှိမလား။
ဖြေ။ ။ ဒီမေးခွန်းက သိပ်ကောင်းတယ်။ ကျွန်တော်က သုံးပုံတစ်ပုံပဲသုံးနေတယ်လို့ ပြောနေတာမဟုတ်ဘူးဗျ။ ဖြစ်နိုင်ချေတစ်ခုအပေါ် အခြေခံပြီး သုံးသပ်ပြတာပါ။ တကယ်လို့မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူများ ဒီအချက်ကို သိပြီးဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ်ရင်လည်း အဲဒီလိုတကယ်ဖြစ်နေလား စုံစမ်းကြည့်သင့်တယ်လို့ အကြံပေးချင်ပါတယ်။ လက်ရှိဗျာ ကျွန်တော်သိသလောက် ယခင်ရှိနှင့်ပြီးဖြစ်တဲ့ 3.3GB ကနေပြီးတော့ ယခုနောက်ပိုင်း International Bandwidth ချိတ်ဆက်မှုကို NTT (Japan) ကနေပြီး 2.5GB, PCCW Global (USA) သို့ 3.2GB, HGC (HK) သို့ 2.5 GB, Singapore Star Hub သို့ 2.5GB ပမာဏဆီ ထပ်တိုးချဲ့ထားတယ်လို့ သိရတော့ စုစုပေါင်း 14GB Bandwidth ကလာမယ့် အချိန်ကာလတစ်ခုအထိ လုံလောက်မှုရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အင်တာနက်မြန်ဆန်ဖို့ဆိုတာက Bandwidth တွေတိုးနေရုံနဲ့ မရပါဘူး။ Gateway စီမံခန့်ခွဲမှုတွေ ISP လို့ခေါ်တဲ့ Internet Service Provider က Administrator တွေရဲ့ ကျွမ်းကျင်မှုမျှတစွာ တွေးခေါ်နိုင်မှု စိတ်နေ သဘောထားတွေသာမက စိတ်ညစ်မှုပျော်ရွှင်မှုတွေနဲ့လည်း သက်ဆိုင်နိုင်ပါတယ်။

မေး။ ။ အင်တာနက်မြန်ဆန်ဖို့ Internet Service Provider (ISP) က Administrator တွေရဲ့တာဝန်ဆိုတော့ အခုလက်ရှိမြန်မာနိုင်ငံမှာ Internet Service Provider (ISP) ဘယ်နှစ်ခုလောက်ရှိနေပါသလဲ။
ဖြေ။ ။ Mobile phone ကတစ်ဆင့် အင်တာနက်ဝန်ဆောင်မှုကို အဓိကပေးနေတဲ့ MPT ISP ရယ်၊ Public ကို Internet အဓိက၀န်ဆောင်မှုပေးနေတဲ့ YPT ISP လို့ခေါ်တဲ့ ရတနာပုံတယ်လီပို့၊ ပြီးတော့ MOD ISP နဲ့ပါဆိုတော့ အားလုံးပေါင်းသုံးခုပေါ့။

မေး။ ။ အဲဒီ ISP သုံးခုနဲ့ မြန်မာပြည်အင်တာနက် မြန်ဆန်မှုရှိအောင် ဆောင်ရွက်နိုင်ဖို့ လုံလောက်မှုရှိတယ်လို့ရော အစ်ကိုမြင်ပါသလား။
ဖြေ။ ။ မေးခွန်းတွေကတော့ ကျွန်တော်အဖြေတွေအပေါ် အရမ်းကပ်လိုက်လာနေသလိုပဲ။ ထားပါတော့ ကျွန်တော်လည်း မမေးရင်တောင် မေးပါလို့ပြောပြီး ဖြေချင်တဲ့ကိစ္စဆိုတော့။ ဒီလိုရှိတယ်ဗျာ။ ISP သုံးခုရှိ တယ်ဆိုပေမယ့် တကယ်တော့ ISP အောက်မှာ LSP (Local Service Provider) လေးခုရှိနေပါသေးတယ်။ အဲဒါတွေက YTP ISP လို့ခေါ်တဲ့ ရတနာပုံတယ်လီပို့အောက်ကနေပြီးတော့ DTH နည်းပညာနဲ့ အင်တာနက် ၀န်ဆောင်မှုပေးနေတဲ့ Sky Net, FTTx နည်းပညာနဲ့ အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ Elite Company နဲ့ Fortune Company, နောက်တစ်ခုက FTTx နဲ့ WiMax နည်းပညာနဲ့ အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ Redlink Company Limited တို့ပါ။ အဲဒါတွေနဲ့တင် လုံလောက်မှုရှိမယ်၊ အင်တာနက်မြန်လာမယ်လို့တော့ ပြောမရပြန်ဘူး။ အဲဒီ ISP, LSP တွေမှာ နည်းပညာပိုင်းဆိုင်ရာကိစ္စတွေကို လွတ်လပ်စွာလုပ်ပိုင်ခွင့်တွေ။ ကျွမ်းကျင်ဝန်ထမ်းတွေ ရှိဖို့လိုမယ်။ အရေးကြီးဆုံးက National Gateway မှတစ်ဆင့် International Uplink တွေကို တိုက်ရိုက်ချိတ်ဆက် လုပ်ပိုင်ခွင့်ပေးလိုက်ဖို့ လိုမယ်ထင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါအစ်ကို။ အခုဆိုရင် MPT Reform အတွက် Workshop ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီကိစ္စ အကောင်အထည်ဖော်ဖြစ်ရင် အကျိုးရလဒ် ဘယ်လိုရှိမယ်လို့ရော အစ်ကိုထင်ပါသလဲ။
ဖြေ။ ။ Reform လုပ်တယ်ဆိုတာ အပြုသဘောဆောင်ပြီး ကြိုဆိုရမယ့်ကိစ္စလို့ ထင်ပါတယ်။ ဒီနေရာမှာ မေးစရာရှိတာက MPT ကိုအများပိုင် corporation အဖြစ် လွတ်လပ်စွာတည်ရှိစေမှာလား။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအောက်မှာထားရှိတဲ့ Enterprise ပုံစံကို ပြောင်းမှာလားဆိုတာက အရေးကြီးမယ်ထင်ပါတယ်။ ကျွန်တော့်အမြင် ဖြစ်သင့်တာက ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ဆက်သွယ်ရေးကဏ္ဍတွင် နည်းပညာဖွံ့ဖြိုးရေး တိုးတက်ရေး ဖော်ဆောင်ခြင်း၊ ၎င်းနည်းပညာကို အသုံးချပြီး ပြစ်မှုဆိုင်ရာများ မဖြစ်ပေါ်စေရန် ကာကွယ်တားဆီးရေး၊ ဥပဒေပြုရေးတွေကို ဆောင်ရွက်သင့်ပြီး MPT အစား မြန်မာ့ဆက်သွယ်မှု Corporation ကို လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုအဖြစ် ဖော်ဆောင်ပေးခြင်းအားဖြင့် ဒီနေ့တိုးတက်နေတဲ့ အာရှနိုင်ငံတွေလိုပဲ ဆက်သွယ်ရေးကဏ္ဍမှာ အလျင်အမြန် တိုးတက်လာမယ်လို့ ယူဆမိပါတယ်။

မေး။ ။ ဟုတ်ကဲ့။ အခုချိန်မှာ MPT အစား မြန်မာ့ဆက်သွယ်မှု Corporation ကို လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုအဖြစ် ဖော်ဆောင်ပေးဖို့က လွယ်ကူမှုရှိလိမ့်မယ်လို့ အစ်ကိုမြင်ပါသလား။ အချိန်ဘယ်လောက် အတိုင်းအတာအတွင်းမှာ အကောင်အထည်ဖော်သင့်တယ်ဆိုတာကိုရော အစ်ကို့ရဲ့အမြင်လေး သိပါရစေ။
ဖြေ။ ။ အလုပ်တစ်ခုလုပ်တယ်ဆိုတာက လက်ရှိမျက်မှောက်ကာလကို အဓိကမကြည့်ဘဲ ရေရှည်သေချာမှုကို အဓိကထားရမှာဖြစ်ပါတယ်။ ဒီတော့ အရင်ဆုံးပြင်ရမှာက ဆက်သွယ်ရေးဆိုင်ရာ ဥပဒေနဲ့နည်း ဥပဒေတွေပဲဖြစ်ပါတယ်။ အဲဒါတွေပြင်ပြီးမှသာ လွတ်လပ်တဲ့ မြန်မာ့ဆက်သွယ်မှု Corporation ဖြစ်လာမှာပါ။ ဒုတိယမေးခွန်းအနေနဲ့ကတော့ အမြန်ဆုံးအကောင်အထည်ဖော်ရင် အကောင်းဆုံးပေါ့ဗျာ။

မေး။ ။ အစ်ကိုဖြေသွားတဲ့အထဲမှာ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေရော၊ နောင်သွားရမယ့် စီမံကိန်းတွေရော အားလုံးပြည့်ပြည့်စုံစုံ ဖြေကြားခဲ့ပါတယ်။ အခုနောက်ဆုံးအနေနဲ့ သိချင်တာက လက်ရှိအခြေအနေ အတိုင်းမှာပဲ အပြောင်းအလဲတွေမလုပ်နိုင်ခင် သုံးစွဲသူပြည်သူလူထု အဆင်ပြေချောမွေ့နိုင်အောင် အင်တာနက်မြန်ဆန်အောင် လုပ်ဆောင်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလားဆိုတာပါ။
ဖြေ။ ။ ဒါဆိုရင် ကျွန်တော့်အမြင်ပေါ့နော်၊ National Gateway တာဝန်ယူတဲ့ Policy Maker တွေ၊ စက်ပိုင်းဆိုင်ရာတွေကို တာဝန်ယူကိုင်တွယ်နေတဲ့ အင်ဂျင်နီယာတွေ၊ အရည်သွေးပြည့်မှီမှုရှိမရှိ၊ နိုင်ငံတော်အ ကြီးအကဲများ၏ ညွှန်ကြားမှုကိုတစ်မျိုး အဓိပ္ပါယ်ကောက်စီမံနေမှုရှိမရှိ၊ National Gateway မှ ISP များသို့ မလိုလားအပ်တဲ့ procedure များနှင့် ကြိုးနီစနစ်များ အလွန်အကျွံတည်ရှိနေမှုများရှိမရှိ စစ်ဆေးလျှော့ချလိုက်ရုံနဲ့တင် မြန်သွားနိုင်ပါတယ်။

ယခုလို ဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
From-အင်တာနက်ဂျာနယ်

No comments:

Post a Comment