Saturday, September 29, 2012

ကချင်စစ်ပွဲများ ရပ်တန့်သွားရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်ခိုက်မှုများကို တားဆီးသော အမိန့်ထုတ်ပေးရန် လိုအပ်သည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများရပ်တန့်ရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်မှုများ ကိုတားဆီးသော အမိန့်ထုတ်ပေးရန်လိုအပ်သည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် စက်တင်ဘာလ ၂၈ ရက်နေ့က မြန်မာမီဒီယာသမားများနှင့် တွေ့ဆုံရာတွင် မေးမြန်းချက်များကို ဖြေကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''ငြိမ်းချမ်းရေး တည်ဆောက်ဖို့ သူတို့နဲ့ တော်တော်များများ ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့ဘက်က လည်းပစ်တာ၊ ခတ်တာ၊ တိုက်တာတွေကို ရပ်ခိုင်းထားတယ်။ စစ်တပ်ကိုကျွန်တော် အမိန့်ပေးထားတယ်။ အဲဒီတော့ သူတို့ဘက်ကလည်း ပစ်တာ၊ ခတ်တာ၊ တိုက်တာတွေကို ရပ်စဲတဲ့အမိန့် ထုတ်ပေးပါ။ ဒီလိုဆိုရင် ကျွန်တော်တို့နှစ်ဖက်က စားပွဲပေါ်မှာထိုင်ပြီးတော့ ဆွေးနွေးကြရအောင်။ ခက်တာက သူတို့ဘက်က ဒီလို ပစ်ခတ် တိုက်ခိုက်တာတွေကို တားဆီးမိန့် ထုတ်ထားတာ မရှိဘူး။ အဲဒီတော့ အောက်ခြေမှာ ကျွန်တော်တို့ ဘယ်လောက်ပဲ တားထားပေမယ့် ပစ်ခတ်တိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပါပဲ''ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
အစိုးရဘက်က အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန်၊ ရိက္ခာပို့ရန်၊ သွားသည့်အခါများတွင် KIA ဘက်က မိုင်းခွဲတိုက်ခိုက်ခြင်းများ၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ကြောင်း၊ ယင်းတိုက်ခိုက်မှုများကို ရပ်တန့်ရန် လိုကြောင်း၊ တားဆီးမိန့် ထုတ်ပေးလိုက်ပါက အောက်ခြေတွင် စုစုစည်းစည်း လုပ်သွားနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တိုက်ပွဲများဖြစ်နေခြင်းကြောင့် နှစ်ဦးနှစ်ဖက်အတွက်သာမက နိုင်ငံတော်အတွက်ပါ နှစ်နာရကြောင်း၊ ညှိနှိုင်းမှုများ ပြေလည်မည်ဟု ထင်ပါကြောင်း စသည်ဖြင့် နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့ပါသည်။
''ကချင်ဒေသမှာ ဆုံးရှုံးမှုလည်း တော်တော်လေးများပါတယ်။ သူတို့ရဲ့ဆုံးရှုံးမှုဟာလည်း နိုင်ငံရဲ့ ဆုံးရှုံးမှုပါပဲ။ ဒီဘက်က ဆုံးရှုံးမှုဟာလည်း နိုင်ငံရဲ့ ဆုံးရှုံးမှုပါပဲ။ စစ်ပွဲဟာ တစ်နှစ်ခွဲနီးပါး တစ်နှစ်ကျော်လောက် ကြာလာတာနဲ့အမျှ နှစ်ဦးနှစ်ဖက် ကျဆုံးမှုတွေလည်း ရှိလာတယ်။ ဒါတွေဟာလည်း နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုတွေပါပဲ။ ဒီဒေသမှာရှိနေတဲ့ တိုင်းရင်းသားတွေက အလုပ်အကိုင်တွေ စွန့်ပြေး၊ အိုးအိမ်တွေ စွန့်ပြေးပြီးတော့မှ လုံခြုံတဲ့နေရာတွေမှာ ခိုအောင်းနေရတယ်။ အစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ နေရာတွေကတော့ စားရေး၊ နေရေး၊ လုံခြုံရေးအတွက် ကျွန်တော်တို့ လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ကိုယ့်ဒေသနဲ့စာရင်၊ ကိုယ်နေခဲ့တဲ့ ဒေသနဲ့စာရင်တော့ ဘယ်လိုမှ ပြည့်ပြည့်စုံစုံရှိမှာ မဟုတ်ပါဘူး။ ဒီအဖွဲ့တွေကလည်း တစ်နှစ် ကျော်လောက် ရှိသွားပါပြီ။ သူတို့ရဲ့ နေရေးထိုင်ရေး၊ စားသောက်ရေး ကလေးတွေ ပညာသင်ကြားရေးတွေ၊ ဒါတွေဟာလည်း ဆုံးရှုံးမှုတစ်ရပ်ပါပဲ''ဟု နိုင်ငံတော်သမ္မတက သုံးသပ်ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်က သူမအား ဖိတ်ခေါ်ပါက ဆောင်ရွက်ရန်အသင့်ရှိကြောင်း ပြောဆိုထားမှုအပေါ် သမ္မတအနေဖြင့် ဖိတ်ခေါ်ဖို့ ရှိပါသလားဆိုသော မေးခွန်းနှင့်ပတ်သက်၍လည်း ယခုအချိန်တွင်လည်း နိုင် ငံရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လုပ်ဆောင်နေသည်များ ရှိနေပြီဖြစ်ကြောင်း၊  သူမ ကိုယ်တိုင် ငြိမ်းချမ်းရေးကိစ္စသွားရောက် မလုပ်ကိုင်နိုင်သော်လည်း နောက်ပိုင်းမှနေ၍ ဦးအောင်မင်းတို့ လုပ်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံအကြံဥာဏ်ပေးခြင်းများကဲ့သို့ ပါဝင်လုပ်ဆောင်နေခြင်းများ ရှိပါကြောင်း စသည်ဖြင့် ထည့်သွင်း ဖြေကြားခဲ့သည်။
From-EMG

No comments:

Post a Comment