၃၅လမ်း၊ သင်္ဂဇာချောင်း အနောက်ဘက်က အရက်ဆိုင်မှာ သူငယ်ချင်း ၁ ယောက်နှင့်
စကားပြောရင်း အရက်သောက်ဖြစ်သည်။ ကျွန်တော်ထိုင်သော ထိုင်ခုံမှာ
ခုံရှည်ဖြစ်သဖြင့် လူခြောက်ယောက် ထိုင်လို့ရသည်။ ကျွန်တော်နှင့်
ကျွန်တော့်သူငယ်ချင်းမှာ သက်တူ ရွယ်တူ (၄၀) ကျော် အရွယ်များ ဖြစ်ပါသည်။
ကျန်လေးယောက်မှာ ၁၄ နှစ် ၁၅ နှစ်အရွယ် ကလေးများ ဖြစ်ကြပါသည်။ သူတို့သည်
အရောင်ဆိုးထားသော ခေါင်ရေများကို သောက်ကြသည်။ သူတို့ရှေ့မှာက
ခေါင်ရေပုလင်းများ ပုံနေပေပြီ။ အမြည်းတွေကလည်း စုံနေပေပြီ။ ကလေးနှစ်ယောက်က
စီးကရက်ကို ကျွမ်းကျင်စွာ ဖွာရှိုက်နေပေပြီ။
ကျွန်တော်၏ အရက်သောက်မှု အတွေ့အကြုံအရ အရက်နှင့် ဆေးလိပ်သည် အခါအားလျော်စွာ မတည့်ပါ။ အရက်သောက်ပြီး အရက်ရှိန်တက်လာသော အချိန်နှင့် ဆေးလိပ်မီးခိုး ရှိုက်လိုက်သည့် အချိန်များတွင် မူးမိုက်၍ အန္တရာယ် ဖြစ်စေပါသည်။ ဝါရင့် အရက်သမားများသာ အရက်နှင့် ဆေးလိပ် တွဲသောက်နိုင်ကြပါသည်။ ယခုတော့ ဤကလေးများက ၎င်းအပြုအမူများကို ကျွမ်းကျင်စွာ တတ်မြောက်နေပေပြီ။ ဤကလေးများသည် အရက်ခေါင်ရေကို တစ်ခါတစ်ရံ သောက်ဖူးသည်ရှိအောင် မြည်းစမ်း၍ သောက်ကြသူများ ဖြစ်ပါစေဟု ဆုတောင်းမိသည်။ နုနယ်သော အဆုတ်က ဆေးလိပ်၏ အရှိုက်ကို ခံနိုင်ရည် ရှိမည်မထင်။ ထို့အပြင် နုနယ်သေးသော အသည်းကလည်း ပြင်းရှသော အရက်ဒဏ်ကို ခံနိုင်ရည်စွမ်းအား ပေးနိုင်စွမ်းမည် မထင်ပါ။
ကျွန်တော့်အဖေသည် အရက်သမားတစ်ယောက် ဖြစ်ပါသည်။ အဖေသည် အသက် ၂၀ အရွယ်က အရက်သောက်ခဲ့သည်။ ထိုအချိန်က အဖေတို့သောက်သော အရက်သည် တောအရက် ဖြစ်ပါသည်။ တောထန်းလျက် ကောင်းကောင်းနှင့် ချက်သော အရက်ဖြစ်ပါသည်။ အဖေ အသက် (၆၇) နှစ်မှာ ဆုံးပါးသွားသည်။ အဖေဆုံးတော့ မည်သည့်ရောဂါမှ မရှိပါ။ အရက်အသောက်များပြီး အားပြတ်သွားခြင်းကြောင့် ဖြစ်သည်ဟု ဆရာဝန်က ဆိုပါသည်။ အရက်ကို တစ်နေကုန် သောက်သည်။ မြို့ရောက်တော့ ဘီအီးကို အဖေသောက်ဖြစ်ခဲ့သည်။ မြို့ပေါ် ဘီအီးအရက်သည် တောအရက်လောက်တော့ ကောင်းမည်မထင်ပါ။ ကျွန်တော်ကတော့ အသက် ၄၀ ကျော်မှ အရက်သမား တစ်ယောက် ဖြစ်လာသူပါ။ အပေါင်းအသင်းစုံရာကနေ ပျော်ရွှင်မှုက ဦးစားပေးမိရာက ကျွန်တော် အရက်သမား ဖြစ်လာပါသည်။ အရက်သောက်တတ်တော့ ကျွန်တော့်မှာ အရက်သမား အပေါင်းအသင်းတွေ များတာပေါ့။ အဖေ့ကို သတိရတော့ အဖေသောက်နေကျ အရက်ဆိုင်ကလေးကို စရောက်ဖြစ်ရာကနေ နောက်တော့ ရပ်ကွက်ထဲက အရက်ဆိုင်တွေ အားလုံးလည်း ကျွန်တော့်မိတ်ဆွေ အရက်ဆိုင်တွေ ဖြစ်သွားပါသည်။ အဲဒီမှာ ကျွန်တော် သတိထားမိတာကတော့ အသက် ၃၀၊ ၄၀ ဝန်းကျင် လူငယ်တွေက ဗိုက်ပူနံကား၊ မျက်နှာက ဖောသွပ်သွပ် ဖြစ်နေတာတွေကို တွေ့နေရတာပါပဲ။
တစ်နေ့သောည။ သောက်နေကျဝိုင်းမှ အရက်သမား သူငယ်ချင်း တစ်ယောက်က ပြောသည်။ “မနေ့ညက ဖိုးထူးကြီးတော့ ဆုံးသွားပြီကွ”။ သည်တော့ နောက်တစ်ယောက်က ဝင်ပြောသည်။ “သေမှာပေါ့ကွ။ သူက အဲဒီအရက်ဆိုင်ပဲ အမြဲသောက်နေတာ။ ဆိုင်ရှင်က သူ့ကို အမြင်ကတ်နေတာ အတော်ကြာပြီ။ သူက အရက်လာသောက်တဲ့ သူတွေတင် မကဘူး။ ဆိုင်ရှင်ကိုပါ ရစ်တယ်။ အများစိတ်ဆင်းရဲရအောင် လုပ်တယ်။ သည်တော့ အရစ်ခံရတဲ့သူက ဆိုင်ရှင်ကို မျက်စပစ်ပြ။ အဲဒီမှာ ဆိုင်ရှင်က အရက်ဆီ (အရက်အဖြစ် မစပ်ရသေးသော အဆီ) ကို ရေကလေး နည်းနည်းရောပြီး ရော့ ၅၀ ဖိုး ၁၀၀ ဖိုးဆိုပြီး တိုက်လိုက်ပါလေရော။ သူကလည်း အရက်ကလည်း အလကားသောက်ရ။ သောက်တဲ့အရက်ကလည်း ခပ်ပြင်းပြင်းဆိုတော့ ဇယားကိုက်တယ်ပေါ့ကွာ။ အဲဒီမှာတင်ပဲ သုံးလလောက်ကြာတော့ ဗိုက်ပူနံကားနဲ့ လက်တွေ တုန်ယမ်းလာပြီး နောက်ဆုံး သေပွဲဝင်ကြတော့တာပဲကွ။ နောက်ပြီး ဖိုးထူးတင် ဘယ်ကမလဲကွာ။ အရက်သမား ၃၊ ၄ ယောက်ရှိပြီ။ အဲဒီလို ဆိုင်ပိုင်ရှင် စိတ်ဓာတ်တွေကြောင့် သေတာ” ဟု ဆိုသည်။
ကျွန်တော် များစွာ စိတ်မကောင်း ဖြစ်မိသည်။ သို့သော် ဘာမျှမတတ်နိုင်ပါ။ သည်လိုနှင့် Rum Station တွေ ပေါ်လာတော့ ရပ်ကွက်ထဲက ဆိုင်တွေမှာ မသောက်ဖြစ်။ Rum Station မှာ သောက်ဖြစ်သည်။ Rum သည် စက်မှု (၁) ဝန်ကြီးဌာနမှ ထုတ်လုပ်သော အရက်ဖြစ်သည်။ အာမခံချက်ရှိသည်။ အရက်ကလည်း ကောင်းသည်။ သို့သော် Rum Station ဆိုင်တွေက နည်းသည်။ အခွန်ကြီးလေးမှုကြောင့်လည်း ဖြစ်နိုင်သည်။ ကျွန်တော်သည် မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက်ကြီးတွင် နေထိုင်သော မန္တလေးသားတစ်ဦး ဖြစ်ပါသည်။ ၄၁ လမ်းထိပ်တွင် Rum Station ဆိုင်တစ်ဆိုင်၊ ၄၁ လမ်း တောင်ဘက် စံပြရပ်ကွက်တွင် Rum Station ဆိုင်တစ်ဆိုင်၊ ၃၅ လမ်း သင်္ဂဟချောင်း အနောက်ဘက်တွင် Rum Station ဆိုင်တစ်ဆိုင်နှင့် ၄၁ လမ်း တောင်ဘက် သပြေညွန့်ရပ်ကွက်ရှိ ကျွန်တော်သောက်နေကြ “နေသာချိန်” Rum Station အရက်ဆိုင်လေးတို့ ရှိပါသည်။ ကျွန်တော်သည် အာမခံချက်ဖြင့်ရောင်းသော အရက်ဆိုင် များများဖွင့်စေလိုပါသည်။ သောက်နေကြ “နေသာချိန်” အရက်ဆိုင်ကလေး ပိတ်သွားသောအခါ ရပ်ကွက်ထဲက အရက်ဆိုင်များသို့သာ ခြေဦး လှည့်ရပါတော့သည်။ ဤတွင်ရပ်ကွက်ထဲက မည်သည့် အရက်ဖြူဆိုင်မဆို Rum တစ်ပက် ၁၀၀ ကျပ်နှင့် ဝယ်သောက်၍ ရနေပါသည်။ Rum Station ဆိုင်ကြီးများတွင်သာ တစ်ပက် ၁၀၀ ကျပ် ရောင်းသည်မဟုတ်ပါ။ မည်သည့် အရက်ဖြူဆိုင်တွင်မဆို ရပါသည်။
ကျွန်တော်သည် အသိမိတ်ဆွေ အရက်ဆိုင်ပိုင်ရှင် တစ်ဦးနှင့် စကားပြောဖြစ်သည်။ “ရမ်အတုတွေက အများကြီး လှိမ့်ဝင်နေတာဗျ။ တစ်ပုလင်း ၄၅၀ ကျပ်ကနေ ၈၀၀ ကျပ်ဝန်းကျင်အထိ ရှိတယ်။ အဲဒီတော့ တစ်ပက် ၁၀၀ ကျပ်နှုန်း ရောင်းနိုင်တာပေါ့ဗျာ” ဤသို့ လွယ်လွယ်ရသော ရမ်တစ်ပက် ၁၀၀ ကျပ်ကိုသာ သောက်သုံးနေကြပါလျှင် အရက်ဆီအိုပီထဲသို့ ရေနည်းနည်းရော၍ တိုက်သောအဖြစ်နှင့်သာ တူနေပါလိမ့်မည်။ ကျန်းမာရေး မည်မျှ ဆိုးရွားမည်ကို မသိနိုင်။ သို့သော်တို့ မြန်မာလူမျိုးများမှာ ဥရောပတိုက်သားများနှင့် ယှဉ်လျှင် လွန်စွာ သေးကွေးလှပါသည်။ တစ်ချိန်က ဂျပန်ငပုဟုခေါ်သော ဂျပန်လူမျိုးများနှင့် ယှဉ်လျှင်လည်း ကျွန်တော်တို့ မြန်မာလူမျိုးက သေးနေပါသည်။ အိန္ဒိယတိုက်သားများနှင့် ယှဉ်လျှင်လည်း ပို၍ဆိုးပါသည်။ သို့ပါ၍ အရွယ်မတိုင်မီ ရုပ်အဆင်းရည် ကျနေသော အရက်သောက်တတ်သည့် လူငယ်များအနေဖြင့် မိမိတို့၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများကို ထိန်းသိမ်း ကာကွယ်သင့်ပါသည်။
အရက်၏ ဘေးဥပါဒ် အန္တရာယ်များမှာ ဘီပိုး၊ စီပိုးနှင့် အသည်းခြောက်၊ အသည်းရောင်အသားဝါ၊ ဗိုက်ပူနံကား၊ အိုနာစောခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ခြေတုန်လက်တုန် ဖြစ်ခြင်း၊ သတိမေ့မြောခြင်းများနှင့် ရောဂါမျိုးစုံ ကပ်ငြိတတ်ခြင်းတို့ ဖြစ်စေပါသည်။ လူ၏ လုပ်အားဆုံးရှုံးခြင်းမှာလည်း အရက်ကို အဟောသိကံ (အလွန်အကျွံ) သောက်စားမှု ပါဝင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ အရက်ကို ကြိုက်တတ်၍ပဲ သောက်သောက် ဝါသနာအရပဲ သောက်သောက်၊ ရိုးရာဓလေ့အရပဲ သောက်သောက်၊ မိမိတို့၏ ကျန်းမာရေးရှုထောင့်၊ လူ့စွမ်းအား အရင်းအမြစ်ရှုထောင့်၊ လုပ်သားလုပ်အား အပြည့်အဝ ပေးစွမ်းနိုင်မှု ရှုထောင့်တို့ကို အမျိုးမျိုး သုံးသပ် ရှုမြင်နိုင်ရေးတို့မှာ အရက်ထုတ်လုပ်သူ၊ အရက်ရောင်းသူ၊ အရက်သောက်သူတို့မှာလည်း အမျိုးသားရေး တာဝန်တစ်ရပ်ဟု ရှုမြင်ခံစားမိပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီးတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း အရက်ဆိုင်နှင့် အရက်အရည်အသွေးများကို စစ်ဆေးကြည့်ရှု၍ အရေးယူမှုများ ပြုလုပ်သင့်ပါသည်။
(၁) အရက်ဖြူကုန်ကြမ်း (အိုပီ) နှင့် ရေရောစပ်မှု အချိုးအစား အတိအကျ လိုက်နာမှု ရှိမရှိ။
(၂) ငယ်ရွယ်သူများ အသက် ၁၈ နှစ်မတိုင်မီ အရက်မသောက်ရေး။
(၃) စက်ရုံထုတ် အာမခံပါသည့် အရက်ဖြူ ကုန်ကြမ်းများ သုံးစွဲမှု ရှိမရှိ။
(၄) ပြည်တွင်းဖြစ်အရက်နှင့် နိုင်ငံခြားအရက်များ၏ စံချိန်မီခြင်း ရှိမရှိ။
(၅) တိုက်ရိုက်တင်သွင်းသည့် နိုင်ငံခြားအရက်များ ပုံမှန်စီးဆင်းမှု မှန်ကန်ခြင်း ရှိမရှိ။
(၆) အရက်တု၊ တံဆိပ်တု၊ အတုမျိုးစုံတို့အား ရှောင်တခင် စစ်ဆေးနိုင်မှု ပြုလုပ်ရေး။
(၇) အရက်ဆိုင်များ၏ စားသောက်ဖွယ် အမြည်းများနှင့် အရက်ဆိုင်၏ ပတ်ဝန်းကျင်တို့မှ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိမရှိတို့ကိုလည်း လေ့လာစစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။
ထို့အပြင် အရက်ဆိုင်များ ညလုံးပေါက် ရောင်းချခြင်းနှင့် နံနက်စောစော ရောင်းချခြင်းတို့ကိုလည်း လေ့လာ သုံးသပ်သင့်ပါသည်။ အရက်သောက်တတ်သူ တစ်ယောက် အရက်သမား မြန်မြန်ဖြစ်စေသော နည်းလမ်းမှာ နံနက်စောစော သောက်ခြင်း (အရက်သမားတို့အဆို အမူးအနောက် ခေါင်းကိုက်ဖြေရန် ဖြေသည်) ပင် ဖြစ်ပါသည်။ အရက်သောက်တတ်သူ တစ်ယောက် နံနက်ရေ (အရက်) မဝင်လျှင် အရက်သမားလုံးလုံး မဖြစ်ဟုလည်း အရက်သမား အသိုင်းအဝိုင်းမှ သိရပါသည်။ ကျွန်တော်သည် သန့်ရှင်းသပ်ရပ်၍ ခမ်းနားသော အရက်ဆိုင်များကို သဘောကျပါသည်။ ပို၍ သဘောကျသည်မှာ စင်တင်များပင် ဖြစ်ပါသည်။ သို့သော် သောက်သုံးရသော ယမကာနှင့် အမြည်းအပြင် အထွေထွေတို့၏ ဈေးနှုန်းများကို မတတ်နိုင်ပါ။ ထို့ကြောင့် မိမိနှင့် သင့်လျော်သည့် ရပ်ကွက်ဒေသတို့၌သာ ယမကာကို သောက်သုံးပါသည်။ အရက်ယမကာကို သောက်သုံးရာတွင်လည်း အာမခံပါသည့် အရက်နှင့် အရက်ဆိုင်များကိုသာ သောက်သုံးပါသည်။
သို့သော် မိမိအလိုဆန္ဒ တစ်ခုတည်းအတွက် မဖြစ်နိုင်ပါ။ မိမိတို့၏ မိသားစု စီးပွားရေးကိုသာ အဓိက ထားတတ်ကြပါသည်။ အရက်စစ်၊ မစစ်က အဓိကမဟုတ် အမြတ်ရရေးသည်သာ အဓိကကျပါသည်။ ကျွန်တော် အရက်ဆိုင်အားလုံးကို မကောင်းမြင်နေခြင်း မဟုတ်ပါ။ အမြည်းစားဖွယ်နှင့် အရက်အားလုံး အဆင်ပြေမှု ရှိမရှိ၊ စားပွဲထိုးနှင့် ဆက်ဆံရေး ပြေလည်မှု ရှိမရှိ အစစအရာရာ ဂရုစိုက်သော ဆိုင်များကိုလည်း တွေ့ရပါသည်။ ယခုကာလများတွင် တောနှင့်မြို့ မည်သည့်အရပ်ဒေသတွင်မဆို ရပ်ကွက်ဘုရားပွဲရှိပါက လူကြီး၊ လူငယ် အရက်သောက်ကြသည်က များပါသည်။ အရက်မသောက်တတ်သော လူငယ်ဆိုသည်မှာပင် ခပ်ရှားရှားပင် ဖြစ်သည်။ အရက်သောက်ခြင်းကြောင့် စကားပြောရွှင်သည်။ ရဲတင်းမှုရှိသည်။ ခန္ဓာကိုယ်တွင် အောင်းနေသော ချွေးပုပ်တို့ကို အပြင်သို့ ကန်ထုတ်ပေးနိုင်သည်။ ခံတွင်းပျက်၍ ထမင်းစားမကောင်း ဖြစ်နေသောအခါ ခံတွင်းလိုက်၍ စားကောင်းစေနိုင်သည်။ အရက်ကို ရမ်သုံးပက်ထက် မပိုဘဲ ပုံမှန်သောက်လျှင် ကျန်းမာရေး ကောင်းစေနိုင်သည်။
သို့သော် အရက်က များများ သောက်သုံး၍ ပုံမှန်စွာ သောက်လာပါက ဦးနှောက်ဆဲလ်များလည်း ပျက်စီးစေနိုင်သည်ဟု မိတ်ဆွေဆရာဝန် တစ်ဦး၏ ပြောပြချက်အရ သိရသည်။ အရက်သောက်တတ်စ လူငယ်တစ်စု အုပ်စုဖွဲ့၍ ပျော်ကြသည်။ အရက်ကြောင့် အာရွှင်၍ ဆိုကြ၊ အော်ကြ၊ ဟစ်ကြသည်။ ဆိုင်ကယ်စီးက မြန်လာသည်။ တစ်ခါတလေ သုံးယောက်ပူး စီးကြသည်။ အရက်ရှိန်က တဖြည်းဖြည်း တက်လာသည်။ သတိကို မထိန်းနိုင်တော့။ နောက်ဆုံး ဆေးရုံမှာ ဇာတ်သိမ်း၍ အမှုနှင့် ရင်ဆိုင်ရသည်။ သေသူက သေ၍၊ မသေသူက အကျိုးအကန်း ဖြစ်ရခြင်းများကိုလည်း တွေ့ရကြားရဖူးပါသည်။ ကျွန်တော် ဘာသာပြန်ဝတ္ထုစာအုပ်များ ဖတ်ဖူးပါသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများ၌ ယောက်ျားရော၊ မိန်းမပါ အရက်သောက်သည့် အလေ့အထများကို သိရှိခဲ့ပါသည်။ တစ်ဦးနှင့်တစ်ဦး ဧည့်ခံစကားပြောရာ၌လည်း အရက်မပါလျှင် မပြီးပါ။ သို့သော် ယောက်ျားများကသာ အရက်ကို များစွာသောက်သုံးပြီး အမျိုးသမီးများက တစ်ခါတရံသာ သောက်သုံးလေ့ရှိပါသည်။ လုပ်ငန်းခွင်မပျက် အလုပ်လုပ်ကြသူများလည်း ဖြစ်ကြပါသည်။ မည်သို့ဖြစ်စေ အရက်ကို စတင်သောက်သုံးတော့မည် ဆိုပါလျှင် အရက်၏ ကောင်းကျိုးဆိုးကျိုးကို လေ့လာ သိရှိထားသင့်ပါသည်။
မောင်လန်းဆန်း
Ref: 7Day News
Source: http://news.yatanarpon.com.mm/news/article-65060

No comments:
Post a Comment