Wednesday, September 5, 2012

ရန်ကုန်မြို့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ

လွှတ်တော်မှာ မကြာခင် အတည်ပြုဖို့ ဆွေးနွေးနေတဲ့ FDI ခေါ် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေ မူကြမ်းဟာ SME လို့ ခေါ်တဲ့ ပြည်ပက အသေးစား နဲ့ အလတ်စား ကုမ္ပဏီတွေ စိတ်ဝင်စားမှု ကျဆင်းစေနိုင်တဲ့ ကန့်သတ်ချက်တွေ ပါဝင်နေသလို ပြည်တွင်း အသေးစား နဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ထွန်းကားလာရေး အတွက်လည်း အဟန့်အတား
ဖြစ်နေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။ ရန်ကုန်မြို့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်၊ စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦး၊ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးတို့က ပြောဆိုခဲ့တာပါ။
ဒီဥပဒေ မူကြမ်းမှာ ပြည်ပ ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုတယ် ဆိုရင် အနိမ့်ဆုံး အမေရိကန် ဒေါ်လာ ၅ သန်း ရင်းနှီးရမယ်လို့ သတ်မှတ်ထားတာဟာ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေထက် ၉ ဆလောက် ပိုများနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်ပ အသေးစားနဲ့ အလတ်စား ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အားနည်းသွားအောင် ကန့်သတ်ထားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပိုင်ဆိုင်မှု အပိုင်းမှာလည်း ပြည်ပ ကုမ္ပဏီတွေ အနေနဲ့ ၄၉ ရာခိုင်နှုန်းသာ ဖက်စပ် ပိုင်ဆိုင်ခွင့် ရှိတယ်ဆိုပြီး ကန့်သတ်ထားတာဟာ ပိုင်ဆိုင်မှု ရာခိုင်နှုန်း အများစုကို ပြည်တွင်း လုပ်ငန်းရှင်တွေကသာ ရယူဖို့ သတ်မှတ်ထားသလို ဖြစ်နေတဲ့ အတွက် ရင်းနှီးမြှုပ်နှံဖို့ ငွေပင်ငွေရင်း အကန့်အသတ် ရှိနေတဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေကို ကန့်သတ်ထား သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

တချို့ လုပ်ငန်းတွေမှာ ပြည်ပ ကုမ္ပဏီတွေကို တစ်ရာ ရာခိုင်နှုန်း ပိုင်ဆိုင်မှု ပေးထားရင်တောင် မြန်မာနိုင်ငံလို စီးပွားရေးဈေးကွက် အနေနဲ့ နည်းပညာ နဲ့ အလုပ်အကိုင်တွေ ရမှာဖြစ်တဲ့ အတွက် အကျိုးရှိပါတယ်
လို့လည်း ထောက်ပြပါတယ်။

SME လို့ ခေါ်တဲ့ အထည်ချုပ် လုပ်ငန်းလို အသေးစား နဲ့ အလတ်စား လုပ်ငန်း ကုမ္ပဏီတွေဟာ အောက်ခြေအထိ အလုပ်အကိုင် ဖန်တီးပေး
တာကြောင့် အဲဒီလို လုပ်ငန်းတွေကို ကန့်သတ်သလို ဖြစ်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment