Tuesday, October 16, 2012

ငြိမ်းချမ်းရေး ဆန္ဒပြသူများ တရားရုံး တစ်ရုံးစီ တွင် ရုံးချိန်းရင်ဆိုင်ပြီးမှသာ အမှုပေါင်းစစ်ခွင့် ရနိုင်မည်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့တွင် ခွင့်ပြုမိန့် မရ ဘဲ စုဝေး လှည့်လည် ဆန္ဒ ပြသောကြောင့် မြို့နယ် တရားရုံး ၁ဝရုံးတွင် တရား ရင်ဆိုင်နေရ သည့် ကိုမိုးသွေး၊ ကိုကျော်ကျော်ဗိုလ်၊ မခင်စန္ဒာညွန့် နှင့် မဖွေးယုမွန် တို့သည် တရားရုံး တစ်ရုံးစီတွင် တရား ရင်ဆိုင်ပြီး ပြစ်မှုကြီး အမှု အမှတ် ရရှိမှသာ အမှုကို တစ်ပေါင်းတည်း စစ်ရန် လျောက်ထားခွင့် ရမည် ဖြစ်ကြောင်း မခင်စန္ဒာညွန့်က The Voice Weekly သို့ ပြောကြား သည်။
ပြစ်မှုကြီး အမှုအမှတ် များသည် တရားရုံး တစ်ရုံးစီ တွင် အမှုရင်ဆိုင် ပြီးမှသာ ထွက်ရှိမည် ဖြစ်ပြီး အမှုကို တစ်ပေါင်းတည်း စစ်ပေးရန် အတွက် ရုံးတော်သို့ တင်ပြရန် လုပ်ဆောင် နေကြောင်း၊ ယခုကဲ့သို့ တရား ရုံး ၁ဝ ရုံးတွင် တရား ရင်ဆိုင် နေရသည့် အတွက် အချိန် ကုန်ကြောင်း ၄င်းကဆိုသည်။

" ကျွန်မတို့ ကတော့ ခရိုင်ရုံးဖြစ်ဖြစ် ၊တိုင်း တရားရုံး ဖြစ်ဖြစ် အဲဒီမှာပဲ တရား ရင်ဆိုင်ချင် ပါတယ်။မြို့နယ် တရားရုံးတွေဆို ကျွန်မတို့ အလုပ် လုပ်ချိန် မရှိတော့ဘူး၊ အချိန်ကုန်တယ် "ဟု ၄င်းကပြောကြား သည်။

လှိုင်မြို့နယ် တရားရုံး၏ အမှုအမှတ်မှာ ပြစ်မှုကြီး အမှုအမှတ် ၉၃၁/၂ဝ၁၂ ဖြစ်ပြီး လက်ရှိ တရား ရင်ဆိုင် နေရသော တရားရုံး ၁ဝ ရုံးသည် အရှေ့ပိုင်း ခရိုင်နှင့် အနောက်ပိုင်း ခရိုင်တို့တွင် ပါဝင်ကြောင်း တရားစွဲဆို ခံရသူများတွင် ပါဝင်သည့် ကိုမိုးသွေးက ဆိုသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၇၁ (တစ်ချိန်တည်း တစ်နေရာ တည်း၌ ကျူးလွန် ခဲ့သော မျိုးတူပြစ်မှု များကို ရုံးတော်မှ စစ်ဆေးပြီးနောက် ပြစ်မှု ထင်ရှား လျှင် ပြစ်ဒါဏ် တကြိမ်သာ ချမှတ်ရမည်) နှင့် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၂၃၄ (တနှစ်အတွင်း ကျူးလွန်ခဲ့သော မျိုးတူပြစ်မှု များကို ၃ မှုအထိ ပေါင်း၍ တပေါင်းတည်း ပူးပေါင်း စစ်ဆေးရမည်) ဟု ရာဇသတ်ကြီး တွင်ဖော်ပြ ထားကြောင်း တရား လွှတ်တော် ရှေ့နေ ဦးမောင်မောင်စိုး က ပြောကြား သည်။

မခင်စန္ဒာညွန့် အပါအဝင် တရားစွဲဆို ခံရသူလေးဦး သည် စက်တင်ဘာ ၂၁ ရက်နေ့ အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ခွင့်ပြုမိန့် မရဘဲ စီတန်း လှည့်လည် ဆန္ဒပြမှုဖြင့် လှိုင်မြို့နယ် တရားရုံး၊ ကမာရွတ် မြို့နယ်တရားရုံး၊ တာမွေမြို့နယ် တရားရုံး၊ ဗိုလ်တထောင်မြို့နယ် တရားရုံး၊ ပုဇွန်တောင်မြို့နယ် တရားရုံး၊ ဗဟန်းမြို့နယ် တရားရုံး၊ မင်္ဂလာတောင်ညွန့် မြို့နယ် တရားရုံး၊ စမ်းချောင်းမြို့နယ် တရားရုံး၊ ကြည့်မြင်တိုင် မြို့ နယ် တရားရုံး နှင့် ကျောက် တံတား မြိှု့နယ် တရားရုံး တို့တွင် တရား ရင်ဆိုင် နေရသည်။

No comments:

Post a Comment