Sunday, October 21, 2012

စီးပွားရေးဖွင့်လှစ်မှုနှင့်အတူ ပုဂ္ဂလိကကဏ္ဍ၌ အရည်အသွေးမြင့် ဝန်ထမ်းများ ဆက်လက်ထိန်းသိမ်းနိုင်ရန် လစာ ၂၀ မှ ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးဖွယ်ရှိနေ



မြန်မာနိုင်ငံ၏ စီးပွားရေး ဖွင့်လှစ်လိုက်မှုနှင့်အတူ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမှုကြောင့် အလုပ်အကိုင်ဈေးကွက်အတွင်း အရည် အသွေးမြင့် ၀န်ထမ်းများ၏လစာမှာ လာမည့်ခြောက်လအတွင်း ၂၀ရာ ခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်း အသိုင်းအ၀ိုင်းက သုံးသပ်ပြောကြားသည်။

လုပ်ငန်းများ အပြိုင်အဆိုင်ဖြစ်လာချိန်တွင် ဈေးကွက်အတွင်း အရည်အသွေးမြင့် ၀န်ထမ်းများ အပြိုင်အဆိုင် ခေါ်ယူလာနိုင်သဖြင့် လက်ရှိကုမ္ပဏီများမှ ၎င်းတို့၏၀န်ထမ်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရန် လစာနှင့်အခြားခံစားခွင့်များ တိုးမြှင့်ဆွဲဆောင်လာရဖွယ် ရှိနေသည်ဟု နယ်ပယ်အသီးသီးမှ လေ့လာသူများက သုံးသပ်ပြောကြားသည်။
“ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် လုပ်ငန်းပိုင်ရှင်တွေကလည်း အရေးကြီးလာပြီ။ ကိုယ့်ဆီမှာရှိတဲ့ အရည်အသွေးမြင့် ၀န်ထမ်းတွေ တခြားကုမ္ပဏီတွေကို ရောက်မသွားဖို့ အများတန်းတူလစာရော အခြားခံစားခွင့်တွေပါ ပေးပြီး ထိန်းနိုင်ဖို့လိုတယ်။ ၀န်ထမ်းတွေဘက်ကလည်း ကိုယ်ပိုင်အရည်အသွေးကို မြှင့်ထားဖို့လိုတယ်။ အရည်အချင်းရှိရင် ဘယ်သူမဆို လစာနှုန်းထားမြင့်မြင့်နဲ့ ပေးမှာပါပဲ။ ‘ဒီလိုမျိုးတွေ စ၀င်လာတာက လုပ်ငန်းရှင်တွေအတွက်လည်း စိန်ခေါ်မှုတစ်ခုဖြစ်လာတယ်”ဟု မြန်မာဘရူဝါရီ လီမိတက်မှ Coporate Communication Manager ဒေါ်ဝင်းဝင်းသန့်က သုံးသပ်သည်။

အများတန်းတူလစာရော အခြားခံစားခွင့်တွေပါပေးပြီး ထိန်းနိုင်ဖို့လိုတယ်။ ၀န်ထမ်းတွေဘက်ကလည်း ကိုယ်ပိုင်အရည်အသွေးကို မြှင့်ထားဖို့လိုတယ်။ အရည်အချင်းရှိရင် ဘယ်သူမဆို လစာနှုန်းထားမြင့်မြင့်နဲ့ပေးမှာပါပဲ။ ဒီလိုမျိုးတွေ စ၀င်လာတာက လုပ်ငန်းပိုင်ရှင်တွေအတွက်လည်း စိန်ခေါ်မှုတစ်ခုဖြစ်လာတယ် . . .

လက်ရှိအချိန်တွင် မြန်မာအလုပ်သမားများကလည်း မိမိတို့အတွက် အလားအလာ ကောင်းသော၊ အကျိုးခံစားခွင့်ပိုမိုသော လုပ်ငန်းများကို စိတ်ဝင်စားမှုရှိလာပြီး အလုပ်ပြောင်းလဲရန် ကြိုတင်ပြင်ဆင်မှုများလည်း ရှိလာနေကြောင်း အလုပ်သမားများ အသိုင်းအ၀န်းမှ သိရသည်။
“အလုပ်အကိုင် ဈေးကွက်အတွင်းမှာ လူကပေါများပြီး တကယ် လုပ်တတ်ကိုင်တတ်တဲ့သူက ရှားနေတယ်။ ဒီတော့နယ်ပယ်အသီးသီးက အရည်အသွေးမြင့် ၀န်ထမ်းတွေကတော့ လစာ ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်တယ်” ဟု မီဒီယာလုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။
မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိက အခြေခံအလုပ်သမားများ၏ လစာနှင့် အမှုဆောင်များ၊ မန်နေဂျာများ၏ လစာနှုန်းထားများမှာ ကွာခြားချက် မြင့်မားသည်။ အခြေခံ အလုပ်သမားတစ်ယောက်အတွက် လက်ရှိအနိမ့်ဆုံးလစာမှာ ကျပ်သုံးသောင်းဝန်းကျင်ခန့် ဖြစ်ပြီး အမှုဆောင်၊ မန်နေဂျာတစ်ဦး၏ အနိမ့်ဆုံးလုပ်ခလစာမှာ သုံးသိန်းဝန်းကျင်ခန့်ဖြစ်ကြောင်း အလုပ်အကိုင်ဈေးကွက်မှ စုံစမ်း သိရှိရသည်။
မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် လတ်တလော ၀င်ရောက်လာသည့် စီးပွားရေးလုပ်ငန်းများတွင် အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် လေကြောင်းလိုင်းသစ်များလည်း ပါဝင်နေသဖြင့် ၎င်းနယ်ပယ်များမှ ကျွမ်းကျင် လုပ်သားများလည်း လုပ်ခ၊ လစာ တိုးမြှင့်ခံစားရဖွယ်ရှိနေသည်ဟု သိရ သည်။
“အခုလို စီးပွားရေးပွင့်လင်းသွားတော့ အရင်က ပိတ်ဆို့ထားတဲ့လုပ်ငန်းတွေ ပြန်ဝင်လာကြတယ်။ ဆောက်လုပ်ရေးနဲ့ အထည်ချုပ်လိုလုပ်ငန်းတွေက ပြန်တက်လာနေပြီ။ ဒီတော့ကျွမ်းကျင်ဝန်ထမ်း လိုအပ်မှုကတိုးလာတယ်။ တတ်ပြီးသားတွေကို အပြိုင်ခေါ်လာတယ်။ အခု လေကြောင်းလိုင်းတွေမှာလည်း ပရော်ဖက်ရှင်နယ်နဲ့ Admin ဆိုပြီး နှစ်ပိုင်းရှိတာမှာ ပရော်ဖက်ရှင်နယ်လိုင်းကတော့ ကမ္ဘာမှာတောင် ၀န်ထမ်း လိုအပ်ချက်မြင့်နေတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်လာရင် နိုင်ငံတကာပရော်ဖက်ရှင်နယ် ဈေးနှုန်းတွေအတိုင်း ရလာနိုင်ပါတယ်” ဟု ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ Admin Manager က ပြောခဲ့သည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၂ခုနှစ် ဇူလိုင်လအထိ ရှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၉ ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အများဆုံးခွင့်ပြုပေးခဲ့သော လုပ်ငန်းများမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းဖြစ်ပြီး အထည်ချုပ်လုပ်ငန်းများက ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် မ၀င်ရောက်လာမီ နိုင်ငံသား လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများလည်း တိုးလာနေပြီး အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် မေလ ၂၁ ရက်မှဇွန်လ ၉ ရက်နေ့အထိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း လေးသောင်းသုံးထောင်ကျော် ထပ်မံ တိုးမြင့်လာကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု အများဆုံးနယ်ပယ်များမှာ ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအားနှင့် ကုန်ထုတ်လုပ်ငန်းများဖြစ်သည်။
“လစာနဲ့ခံစားခွင့်တွေကကုမ္ပဏီကြီးတွေပေါ်မူတည်တယ်။ မြန်မာနိုင်ငံမှာ စနစ်တကျနဲ့ လုပ်ကိုင်နေတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ၊ ပြည်တွင်းကုမ္ပဏီကြီးတွေက တကယ် အရည်အသွေးမြင့်တဲ့ ၀န်ထမ်းတွေကို လစာနဲ့ခံစားခွင့်တွေ တိုးပေးနိုင်ပါတယ်။ ကိုယ့်ရဲ့အရည်အသွေးမြင့် ၀န်ထမ်းတွေအခြားကို ရောက်သွားမှာ စိုးရိမ်လို့ တိုးပေးလာရတာတွေလည်း ရှိနိုင်ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားနယ်ပယ်က ၀န်ထမ်းတွေဆိုရင် အရည်အချင်းရှိသူတွေကို လစာခံစားခွင့်တွေ ကောင်းကောင်းပေးနေပါပြီ”ဟု Center of Vocational Training မှ လူထုဆက်ဆံရေး အရာရှိ ကိုညီညီက ပြောကြားခဲ့သည်။
စတုတ္ထအကြိမ် လွှတ်တော်အစည်းအဝေးများ အပြီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို လွှတ်တော်နှစ်ရပ်စလုံးမှ အတည်ပြုပြီး သမ္မတထံ ပေးပို့ခဲ့သော်လည်း ပြန်လည်ပြင်ဆင်ရန် လွှတ်တော်သို့ ပြန်လည်ပို့ဆောင်ထားသည်။ နိုင်ငံတွင်းမြှုပ်နှံလိုသည့် နိုင်ငံခြားသားအများစုမှာ အဆိုပါ ဥပဒေအပြီးသတ် ထွက်ပေါ်မှုကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး အတည်ပြုပြီးပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များစွာ ၀င်ရောက်လာနိုင်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းက သုံးသပ်သည်။

Eleven Media Group

No comments:

Post a Comment