Thursday, October 4, 2012

သင်္ကန်းကျွန်း လေးထောင့်ကန်လမ်း မီးလောင်၊ ကျပ် ၂၅ သိန်းဖိုး ဆုံးရှုံး

ရန်ကုန် (မဇ္ဈိမ) ။                    ။ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင်ကန်လမ်း BOC မှတ်တိုင်အနီးရှိ ဓာတ်ဆီအရောင်းဆိုင် တဆိုင်တွင် အောက်တိုဘာလ ၃ ရက်နေ့ ညက မီးလောင်မှုတခု ဖြစ်ပွားခဲ့ပြီး ကူးစက်မီးကြောင့် အနီးရှိ ဆိုင်ခန်းငယ် ငါးဆိုင်ပါ လောင်ကျွမ်းကာ တန်ဖိုးငွေ ကျပ် ၂၅ သိန်းခန့် ဆုံးရှုံးခဲ့ရသည်ဟု အဆိုပါနေရာသို့ရောက်ရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။


၁၀ ပေ x ၃၀ ပေ အကျယ်ရှိ ဆိုင်ခန်း လေးခန်းနှင့် ၅ ပေ x ၅ ပေရှိ တခန်းတို့ ဖြစ်ပြီး ဓါတ်ဆီဆိုင် ပိုင်ရှင်လင်မယား စကားများရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဟု မီးထဲပါသွားသည့် ကားပြင်ဆိုင်မှ မတင်ဌေးဝင်း က ပြောသည်။

“ဓါတ်ဆီဆိုင် ပိုင်တဲ့ ကိုငယ်လေးနဲ့ မစန်းစန်းမော်တို့ ရန်ဖြစ်ကြတာ။ ကိုငယ်လေးက ငါ မီးရှို့လိုက်မယ်လို့ ပြောတဲ့
အသံကြားတယ်။ အဲဒီနောက် မီးလောင်တာပဲ။ သူတို့ကတော့ အခုပြေးပြီ” ဟု မဇ္ဈိမကို ပြောသည်။

ည ၉း၁၅ နာရီမှ စတင်လောင်ကျွမ်းသော မီးကို မီးသတ်ကား ၂၅ စီး၊ အုပ်ချုပ်ရေးယာဉ် ၆ စီး၊ အကူယာဉ် ၈ စီးတို့ဖြင့်
ငြှိမ်းသတ်ခဲ့ရပြီး ၉း၄၅ နာရီတွင် မီးငြိမ်းသွားခဲ့သည်။

No comments:

Post a Comment