ဖွံ့ ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ ပြောကြတိုင်း တင်ပြစရာ ကိစ္စတခု ပေါ်လာလေ့ရှိပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လာရင် ပညာရပ်တခု ဘာသာရပ်တခုလို စနစ်တကျ စုစည်းထားရှိမှု ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တိုးတက်ပြီးသား နိုင်ငံတွေ၊ တိုးတက်မှု အလားအလာကောင်းနေတဲ့ နိုင်ငံတွေ မှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ ဘာသာရပ်တခု အနေနဲ့ ကျောင်းသားတွေကို သင်ကြားပေးလာခြင်း ဆိုတာဖြစ်ပါတယ်။ အနောက်နိုင်ငံက ပညာရေးစနစ် တွေမှာတော့ ဖွံ့ဖြိုးတိုးတက်ရေးဟာ လူမှုဗေဒ နယ်ပယ်မှာ ဘာသာခွဲ တခုအနေနဲ့ အသိအမှတ်ပြုထားတာ နှစ်ပေါင်း အတော်ကြာခဲ့ ပါပြီ။ အခုဆိုရင် အရှေ့တိုင်းနိုင်ငံများမှာလည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဘာသာရပ်တခု အနေနဲ့ တက္ကသိုလ် တွေမှာ သင်ကြားပို့ချ နေကြပါပြီ။
တခါ ဖွံ့ဖြိုးတိုတက်ရေးကို ထပ်ပြီး တိကျတဲ့နယ်ပယ်ရပ် ဘာသာရပ်များအဖြစ် ခွဲထုတ်လေ့လာတာ မျိုးတွေလည်း အားကောင်း လာပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ဘာသာရပ်မှာ နယ်ပယ်တခုလုံး ခြုံငုံပြီး သီအိုရီတွေ အယူအဆတွေနဲ့ ယေဘုယျအားဖြင့် လေ့လာတာမျိုး ရှိပါတယ်။ တခါ တိကျတဲ့ နယ်ပယ်ရပ် ဆိုတာတွေကို ပြောပြရရင် ဥပမာအားဖြင့် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မီဒီယာ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အသေးစား လယ်ယာလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မွေးနှုန်းသေနှုန်းကိစ္စများ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေအရင်းအမြစ်ကိစ္စများ၊ စသဖြင့် အတိအကျ နယ်ပယ်များအနေနဲ့ ခွဲထုတ်ပြီးလေ့လာ ကြပါတယ်။ နောက်ထပ်လည်း အမျိုးအစား ကွဲပြားတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘာသာရပ်များ အများအပြား ရှိပါသေးတယ်။ များပြားလွန်းတဲ့အတွက် ဒီမှာ ဖေါ်ပြခြင်း မပြုတော့ပါဘူး။
ကျနော်တို့ မြန်မာ့ပညာရေး နယ်ပယ်မှာလည်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ ဘာသာရပ် တခုအနေ နဲ့ ကျောင်းတွေ တက္ကသိုလ်တွေမှာ သင်ကြားပို့ချ နိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ သို့သော် တခုတော့ ထပ်ပြီးဆွေးနွေးဖို့ လိုလာပါတယ်။ အဲတာကတော့ ဒုတိယကမ္ဘာစစ် အပြီးကစလို့ ၁၉၈ဝ ခုနှစ်များကုန်ခါနီးအထိ ပြောနေရေးနေ တင်ပြနေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်ဟာ အများအားဖြင့် တိုးတက်မှုဆိုတာကို ရုပ်ဝတ္ထုပစ္စည်း တိုးတက်ကြီးထွား လာတာနဲ့ တိုင်းတာလေ့ ရှိခဲ့ပါတယ်။ သဘာဝဝန်းကျင် ပျက်စီးတာ၊ လူနည်းစုပဲ ကောင်းစားပြီး လူများစုနစ်နာနေတာကို ချန်ထား ရစ်လေ့ ရှိပါတယ်။ ဒါပေမယ့် ကနေ့ကာလများမှာတော့ ဖွံ့ဖြိုးတိုးတက်မှုကို ရုပ်ဝတ္ထုတိုးတက်လာတာ တခုထဲနဲ့ မတိုင်းတာ တော့ဘဲ ရုပ်ဝတ္ထုတိုးတက် လာတာနဲ့အမျှ ပြန်ပြီးစတေးလိုက်ရတဲ့ အရင်းအမြစ်နဲ့ နောင်မှာ ဘာဆိုးကျိုးတွေ ဆက်ပြီး ရင်ဆိုင်ရဦးမလဲ ဆိုတာတွေ ကိုပါ ထည့်သွင်းတွက်ချက် လာကြပါတယ်။ ဒါဟာ ပညာရပ်ဝန်းအတွင်းမှာ တည်ရှိဆွေးနွေး နေတဲ့ ချဉ်းကပ်မှု ဖြစ်ပါတယ်။ စီးပွားရေး ကုမ္ပဏီတွေ ကော်ပိုရေးရှင်းကြီးတွေကပါ အဲသလို နောင်ဆိုးကျိုးတွေအတွက် တွက်ချက်သလား ဆိုတာကတော့ မေးရမယ့် မွေးခွန်းအဖြစ် ကျန်ရှိနေပါသေးတယ်။
နောက်တချက်ကတော့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးကို ဘာသာရပ် တခုအနေနဲ့ မသင်ကြားနိုင် မလေ့လာနိုင်လို့ ကျနော်တို့ဟာ နောက်ကျ ကျန်ရစ်ခဲ့ရတော့မှာလား ဆိုတာကလည်း တွေးထုတ်ရမယ့် အလုပ်ကိစ္စတခုပါ။ ကျနော်တို့ မြန်မာ့လူ့ အဖွဲ့အစည်းမှာ ရှေးတုန်းကစလို့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ဆက်စပ်နေတဲ့ အပြောအဆို၊ အရေးအသား၊ ပုံပြင်များ၊ စကားပုံ၊ ရိုးရာအလေ့အကျင့်တွေ ရှိနေပြီးသားပါ။ အဲတာတွေကို လက်လှမ်းမီသလောက် လေ့လာပြီး သက်ဆိုင် ရာနယ်ပယ်တွေမှာ ကျင့်သုံးနိုင်မယ်ဆိုရင်တော့ သစ်မရခင် ဝါးပေါင်းကွပ် ဆိုသလို အသုံးဝင်မှာပါ။
ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ မှတ်မိသလောက် တချို့ကို တင်ပြပါ့မယ်။ ကျန်ရစ်ခဲ့တာတွေ ရှိနိုင်သေးတာမို့ လိုအပ်တာ တွေကို ထပ်ဖြည့်ပေးနိုင်ရင် ကောင်းပါတယ်။ အထက်မှာတောင် စကားပုံတခု ပါသွားခဲ့ပါပြီ။ သစ်မရခင် ဝါးပေါင်းကွပ် ဆိုတဲ့စကားပုံပါ။
ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စကားပုံများနဲ့ အဆိုအမိန့်များ။
မိုးရွာတုန်းရေခံ၊ ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်၊ ဒုတ်နဲ့ပစ်ပစ် ဒါးနဲ့ခုတ်ခုတ် ယုန်သေဖို့ကလိုရင်း၊ ဆပ်ပြာကောင်းမှ ခေါင်းပေါင်းဖြူ၊ ထီးဖြူ ဖိနပ်ပါးမလုပ်နဲ့၊ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်၊ မိုးလွန်မှထွန်ချ၊ လသာတုန်း ဗိုင်းငင်၊ ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့် သွားသော် နောက်လိုက်နွား များ ဖြောင့်ဖြောင့်လိုက်၊ လင်ဆိုးမယား တဖားဖား၊ လယ်ထွန်သွား နွားမေ့၊ ရေသာများ ငါးရှာမတွေ့၊ မင်းပင်ကောင်းလျှက် မင်းမြှောင်ဖျက်၊ ပလိုင်းပေါက်နဲ့ ဖားကောက်၊ သမင်မွေးရင်း ကျားစားရင်း၊ ရှင်နည်းရာ အဂ္ဂလူထွက်၊ ထန်းလျှက်ခွေးရက်သလို၊ ဓားကိုဖျက်တာ ဝါးမြက်ပါ၊ ကြွက်သေတခု အရင်းပြု၊ ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မºကွယ်နဲ့ (အပြန်အလှန်အားဖြင့်) ရှေးထုံးလည်း ပယ်သင့်ရင်ပယ် ဈေးသုံးလည်း ကြွယ်သင့်ရင်ကြွယ်၊ တောင်တိုင်းမှာလည်း ပတ္တမြားမရှိ တောတိုင်းမှာ လည်း စန္ဒကူးမရှိ၊ လူမိုက်ကိုရှောင် ပညာရှိကို ဆည်းကပ်၊ စစ်မရောက်ခင် မြှားကုန်၊ ကလေးကစားတုန်း ဖအေက ခါးကုန်း၊ လိပ်ကိုပက်လက် လှန်ထားသလို၊ ဘူးသီးသီးမှ အရီးတော်ချင်၊ ကျွဲပါးစောင်းတီး (လူနောက်တွေကတော့ ကျွဲကိုဖာလူဒါ တိုက်သလို ဆိုပြီး ပြောကြတယ်)။
နောက်ထပ်လည်း အလားတူ စကားပုံတွေ အသုံးတွေ ရှိပါသေးတယ်။ မိုးရွာတုန်းရေခံ ဆိုတာကတော့ ဖွံ့ဖြိုးရေးနယ်ပယ် မှာ ကိုယ့်အတွက် အခွင့်အလမ်းပေါ်လာသခိုက်မှာ မိမိရရ ဆုပ်ကိုင်ပြီး အသုံးချနိုင်ဖို့ လမ်းညွှန်တယ်လို့ ဆိုနိုင်ပါတယ်။ သတိထားရမှာကတော့ ရေကို ဘယ်လိုခံမှာလဲ။ ခွက်ကြီးနိုင်သမျှ ကြီးကြီးနဲ့ ခံဖို့လည်းလိုတယ် ဆိုတာကို မမေ့သင့်ပါ။ ကလေးကစားတုန်း ဖအေကခါးကုန်း ဆိုတာကတော့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်သင့်တဲ့အချိန်တုန်းက မလုပ် လိုက်မိလို့ အိုကြီးအိုမ အရွယ်အထိ လူမမယ်သားငယ်ကို ရှာကျွေးနေရတာမျိုးနဲ့ နိုင်းယှဉ်ထားတာ ဖြစ်ပါတယ်၊ မိုးလွန်မှ ထွန်ချ ဆိုတဲ့သဘောနဲ့ အတူတူပါပဲ။ ထီးဖြူဖိနပ်ပါး ဆိုတာကတော့ အကျိုးမရှိတဲ့ ကိစ္စတွေပဲလုပ်နေတဲ့အတွက် ထီး အနက်ရောင်ဟာ နေစားပြီး အဖြူရောင် ဖြစ်လာ၊ တခါသွားရလာရလွန်းလို့ ဖိနပ်လည်းပါးလာတာမျိုးသာ အဖတ်တင် တယ်ဆိုတဲ့ သဘောနဲ့ ယှဉ်ပြတာ ဖြစ်ပါတယ်။ ရှင်နည်းရာ အဂ္ဂလူထွက် ဆိုတာကတော့ ကိုယ့်နိုင်ငံက ပညာရှင်တွေ ဦးနှောက်တွေ သူတပါးနိုင်ငံဆီ ရောက်ကုန်တာမျိုးနဲ့ အလားသဏ္ဍန် တူပါတယ်။ ပလိုင်းပေါက်နဲ့ ဖားကောက်တို့ သမင် မွေးရင်း ကျားစားရင်း ဆိုတာတွေကတော့ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ရင်းနဲ့ ကျန်တဲ့ကဏ္ဍတွေမှာ ဆုတ်ယုတ်ကုန်တာကို ဆိုလိုပါတယ်။ လုပ်သလောက် အကျိုးအမြတ်မရ အဖတ်မတင် တာကို ဆိုလိုပါတယ်။ လိပ်ကိုပက်လက်လှန်ထားသလို ဆိုတာကတော့ လိပ်ဆိုတာ သူ့ရဲ့ဝိတ်အခွန်ကြောင့် ပက်လက် ဖြစ်နေရင် လမ်းသွားလို့ မရေတော့ပါဘူး။ ဒါကြောင့် တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ကျဉ်းဖို့ ဆိုရာမှာ အခြေအနေ တွေဟာ လိပ်ကို ပက်လက်လှန်ထားသလိုမျိုး ဖြစ်နေရင် ဘာကိုမှ တိုးတက်အောင် ဖွံ့ဖြိုးအောင် လုပ်လို့မရနိုင်ဖူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ တောင်တိုင်းမှာလည်း ပတ္တမြားမရှိ တောတိုင်း မှာလည်း စန္ဒကူးမရှိ ဆိုတာကတော့ ဖွံ့ဖြိုးတိုးတက်အောင် မောင်းတင်ပြီး လုပ်မယ်ဆိုတိုင်းလည်း အခြေအနေ နဲ့ ဖြစ်စဉ်ပျက်စဉ်တွေကို နားမလည်ရင် အောင်မြင်မှာ မဟုတ်ဖူးလို့ ဆိုလိုတာပါ။ ရေသာများပြီး ငါးမတွေ့ ဆိုတာနဲ့ သဘောချင်း တူပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာဖို့ ဆိုတဲ့နေရာမှာ အချက်အလက်ပေါင်း များစွာစုဆုံလာမှ လုပ်ရကိုင်ရတာ ချောမွေ့မှာ ဖြစ်ပါတယ်။ ပါတီအသီးသီးက ခေါင်းဆောင်တွေ၊ အဖွဲ့အစည်း အထွေထွေ က ခေါင်းဆောင်တွေ၊ လက်ရှိ အစိုးရရဲ့ ခေါင်းဆောင်တွေ၊ ပါလီမန်အမတ်တွေ အားလုံးအနေ နဲ့ နိုင်ငံခြားတက္ကသိုလ် တွေကနေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘွဲ့တွေရဖို့ မလိုပါဖူး။ ကိုယ့်ရဲ့ ရိုးရာ အတွင်းမှာ တည်ရှိနေတဲ့ ဆုံးမစာတွေ အသုံးအနှုန်းတွေကို ပထမဆုံး နားလည် သဘောပေါက်တယ် ဆိုထားတဲ့ အတိုင်း လိုက်နာ ဆောင်ရွက်တယ် ဆိုရင်တောင် တိုင်းပြည်ဟာ အတိုင်းအတာ တခုအထိ သေချာပေါက် တိုးတက်လာနိုင်ပါတယ်။ အတိုင်းအတာ တခုအထိ ဆင်းရဲတွင်းနက်နေမှုကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေရဲ့ ဦးခေါင်းတွေဟာ အခွံကြီးတွေ ဖြစ်နေတယ် ဘတ်သလတ် ကြီးတွေ ဖြစ်နေတယ် ဆိုရင်တော့ ဖွံ့ဖြိုး တိုးတက်မှုကို စုံနံသာမြိုင် ရှာပုံတော် ဖွင့်ဦးတော့ လွဲချက်ရယ်ကနာ ဆိုတာမျိုးကိုပဲ ရင်ဆိုင်ကြရမှာပါ။
ဇော်မင်း
၂၂ ရက်၊ အောက်တိုဘာလ၊ ၂ဝ၁၂ ခုနှစ်
from -http://fine-leaves.blogspot.com/
No comments:
Post a Comment