Wednesday, October 24, 2012

ရခိုင်အရေးသုံးသပ်ချက်ပါရှိသောသ၀ဏ်လွှာအားပယ်ဖျက်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ သ၀ဏ်လွှာပေးပို့



ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ဒသမနေ့တွင် တင်ပြရန်ပေးပို့ခဲ့သည့် သ၀ဏ်လွှာကို ပယ်ဖျက်ပေးရန် သ၀ဏ်လွှာကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ သည့် ပြည်ထောင် စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ တွင် ပေးပို့ခဲ့ပါသည်။

အဆိုပါသ၀ဏ်လွှာတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ၁၇-၈-၂၀၁၂ ရက်စွဲပါ စာအမှတ် ၁၀၇(၁)/၈/ သမ္မတရုံးဖြင့်ပေးပို့ထားသော သ၀ဏ် လွှာအား ဤစာဖြင့် ပယ်ဖျက်ပေးပါရန် သ၀ဏ်လွှာပေးပို့အပ်ပါသည်ဟု ဖော်ပြပါရှိပါသည်။
ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် နိုင်ငံတော် သမ္မတကပေးပို့သော သ၀ဏ်လွှာတွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပဋိပကဖြစ်စဉ်သုံးသပ်ချက်မှတ်တမ်းပါ ပူးတွဲပါရှိခဲ့သောကြောင့် ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ရာ သြဂုတ်လ ၂၃ ရက်နေ့ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး တွင်သ၀ဏ်လွှာကို ဖတ်ကြားတင်ပြခြင်းနှင့် မှတ်တမ်းတင်တင်ခြင်းဆောင်ရွက်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ရွှေ့ဆိုင်းကြောင်းကြေညာခဲ့သည်။
''အဲဒီအချိန်တုန်းက သမ္မတရုံးကနေပြီး ပြန်ရှင်းတယ်။ ဒါပေမယ့် လူထုက လက်မခံဘူး။ အဲဒါကြောင့် အခုလိုသမ္မတကြီးက ရှင်းရှင်းလင်းလင်း ရုပ်သိမ်းသွားတဲ့အတွက်ကြောင့် ၀မ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်''ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါသည်။
သြဂုတ်လ ၁၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတမှပေးပို့သည့် သ၀ဏ်လွှာနှင့်အတူ သတင်းသုံးသပ်ချက်မှတ်တမ်း ပူးတွဲပါရှိပြီး အဆိုပါ သတင်းသုံးသပ်ချက်မှတ်တမ်းတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုအခြေအနေ၊ လမ်းပန်းဆက်သွယ်မှုအခြေအနေ၊ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှုအခြေအနေ၊ ရခိုင်တိုင်းရင်းသားများ၏အခြေအနေ၊ ဘင်္ဂါလီများ၏အခြေအနေ၊ နိုင်ငံတကာ၏ တုန့်ပြန်မှု၊ လတ်တလော ဖြေရှင်းဆောင်ရွက်မှုများ၊ ရေရှည်ဆောင်ရွက်ရန်အစီအမံများ၊ စီးပွားရေး၊ ဥပဒေစိုးမိုးရေးနှင့် ဘာသာရေးဆိုင်ရာ အကြောင်းအရာများကိုထည့်သွင်းပေး ပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းသုံးသပ်ချက်မှတ် တမ်း၌ ရခိုင်အရေးနှင့်ပတ်သက်၍ သုံးသပ်ရာတွင်နိုင်ငံရေးပါတီများ၊ သံဃာ အချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ခေါင်းဆောင်၍ လူမျိုးမုန်းတီးမှုစိတ်ဓာတ် အလွန်အကျွံမြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာတိုက်ခိုက် လိုစိတ်ကိုလှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်ဟုအပါအ၀င် ယင်းအချိန်က အမှန်တကယ်ဖြစ်ပေါ်နေသော အခြေအနေများနှင့် ကွဲပြားစွာသုံးသပ်ခြင်းကြောင့် ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုစဉ်က နိုင်ငံတော် သမ္မတ၏သ၀ဏ်လွှာနှင့်အတူ ပူးတွဲပါရှိခဲ့သော''ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သောပဋိပက္ခဖြစ်စဉ်များ သတင်းသုံးသပ်ချက်မှတ်တမ်း''နှင့်ပတ်သက်ပြီး အဆိုပါသတင်းသုံးသပ်ချက်မှတ်တမ်းမှာ ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပသတင်းဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများစသည်တို့၏ သတင်းများကို စုစည်းထုတ်နုတ်ပြီး နိုင်ငံတော် သမ္မတထံ တင်ပြချက်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)က သြဂုတ်လ ၂၄ ရက်နေ့တွင်၎င်း၏ Facebook  စာမျက်နှာမှတစ်ဆင့် ရှင်းလင်းခဲ့သည်။

Eleven Media Group မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment