Wednesday, October 10, 2012

အားနာခဲ့ကြောင်း မပြောလိုသေးပါ (မောင်ဝံသ-ပြောချင်လွန်းလို့)

ပြည်သူ့ခေတ်ဂျာနယ် စထွက်ချိန် ၂၀၁၀ ဇူလိုင်လကစလို့ ကျွန်တော့်ရဲ့ ပြောချင်လွန်းလို့ ကော်လံကိုဖွင့်ပြီးရေးခဲ့တာ ပင်တိုင်ကဏ္ဍခေါင်းစဉ်နဲ့ လျော်ညီစွာ ကျွန်တော် ပြောချင်လွန်း နေတဲ့ အကြောင်းအရာတွေကိုချည်းပဲ ရေးခဲ့တာများပါတယ်။ ယခုတစ်ပတ်တော့ မပြောချင်တဲ့ စကားကို ဒီကဏ္ဍကပဲ ပြောရပါတော့မယ်။ အခြားမဟုတ်ပါ။ ကျွန်တော့် ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။ ၃ အောက်တိုဘာ ၂၀၁၂ နေ့မှာ ကျွန်တော့်ရဲ့ facebook လူမှုစာမျက်နှာမှာ ကျွန်တော်ကိုယ်တိုင်ပဲ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့လို့်ခေနဘသသု ပရိသတ်များကတော့ သိထားကြပါပြီ။


ကျွန်တော့် ကျန်းမာရေး ဆေးစစ်ပြီး အခြေအနေ (မောင်ဝံသ)
By Maung Wuntha on Wednesday, October 3, 2012 at 4:57 pm
မိတ်ဆွေများ ခင်ဗျာ
ကျွန်တော် ကျန်းမာရေးဆေးစစ်ဖို့ စင်ကာပူကို စက်တင်ဘာ ၃၀ ရက်က ရောက်ပါတယ်။ အောက်တိုဘာ ၁နဲ့ ၂ နှစ်ရက် ဆေးစစ်မှုတွေ ပြုလုပ် ပါတယ်။
          အောက်တိုဘာ ၃ မှာ အဖြေတွေရပါတယ်။ Mt.Elizabeth ဆေးရုံက အဆုတ်ပါရဂူ ဆရာဝန်ကြီး Dr.Philip Eng က အဆုတ်ကင်ဆာလို့ ဆုံးဖြတ်ပါတယ်။
          သူ့ဆီကနေ Oncologist Dr.Benjamin ထံ လွှဲပေးလိုက်လို့ ဆွေးနွေးပြီး အောက်တိုဘာ ၄ မှာ ကီမိုဆေးသွင်းကုသမှုပြုလုပ်ပါမယ်။ အောက်တိုဘာ ၁၁ မှာ နောက်တစ်ကြိမ် ဆေးထပ်သွင်း ကုသခံပြီး အောက်တိုဘာ လလယ်ထဲမှာ ရန်ကုန်ပြန်ပါမယ်။ ရန်ကုန်မှာ ကီမိုဆေးသွင်းကုသမှု ဆက်လုပ်ပြီး ရက်ချိန်းစေ့ရင် စင်ကာပူ ပြန်ပြရပါမယ်။
အကြမ်းဖျင်းတော့ ဒီလောက်ပဲ အစီရင်ခံနိုင်ပါသေးတယ်။ ကင်ဆာရောဂါဆိုတာကတော့ မထင်ဘဲ အလစ်ဝင်တိုက်တာကို ခံရတာမျိုးပါပဲ။
          ဆက်လက်ပြီး ရှင်သန်နိုင်သမျှ ရှင်သန်နိုင်အောင် တိုက်ပွဲတစ်ပွဲလို ဆင်နွှဲရတော့မှာပါ။
          ကျွန်တော့်အနေနဲ့ အောက်တိုဘာလလယ်ကနေ နိုဝင်ဘာ ၁၁ အထိ ခရီးထွက်ဖို့ ရှိတာကြောင့်  ရန်ကုန်မှာ မိမိသဘောနဲ့မိမိ အထွေထွေ စစ်ဆေးမှုလုပ်ရာက ခုလိုစတွေ့ ခဲ့တာပါ။
          တစ်နည်းပြောရရင် ကံကောင်းတယ်ဆိုရမှာပါ။ ခရီးထွက်နေတုန်း တစ်ခုခုဖြစ်ရင် ပိုဆိုးမယ် ထင်ပါတယ်။
          ကျွန်တော် ကျန်းမာရေး ဆေးစစ်ခံနေတဲ့ အကြောင်းကိုတော့ မိတ်ဆွေအချို့ရဲ့ facebook တွေမှာ တွေ့မိကောင်း တွေ့မိပါလိမ့်မယ်။ ကျွန်တော် ချစ်ခင်လေးစားရပါသော မိတ်ဆွေများအားလုံးကို ကျွန်တော့်အနေနဲ့ ဒီစာနဲ့ အစီရင်ခံလိုက်ခြင်းဖြစ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
          ကျွန်တော် ဘယ်လောက် ဆက်နေနိုင်ဦးမယ်ဆိုတာကတော့ မိမိကုသိုလ်ကံနဲ့ ခေတ်မီဆေးဝါးများအပေါ်မှာရယ်၊ ကျွန်တော် မိမိကိုယ်မိမိ ဘယ်လောက် တောင့်ခံနိုင်မလဲ ဆိုတာရယ်၊ ကျွန်တော်ချစ်ခင်လေးစားရတဲ့ စာဖတ်ပရိသတ် ပြည်သူများရဲ့ ကျွန်တော့်အပေါ် တုံ့ပြန်တဲ့ မေတ္တာ ဓာတ်ရယ်အပေါ် တည်ပေလိမ့်မယ်လို့ ယုံကြည်တယ်ဗျာ။ ကျွန်တော့် အတွက် ဆုတောင်းပေးကြသူများ၊ ကြင်နာမှု စာနာမှုအပြည့်နဲ့ အားပေးစကား ရေးသားပေးပို့ ကြသူများ၊ အစွမ်းထက်ဆေးနည်းအချို့ လမ်းညွှန်သူများ၊ စင်ကာပူမှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံ အားပေးကြသူများ၊ ရန်ကုန်နဲ့ စင်ကာပူသို့ဖုန်း၊ အီးမေးလ်တို့ဖြင့် ဆက်သွယ် မေးမြန်းကြသူများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေပါတယ်။
          အဆုတ်ကင်ဆာ ကျွန်တော့်မှာဖြစ်နေပြီလို့ အတည်ပြုခံလိုက်ရ ပြီးချိန်မှာ အဆုတ် ကင်ဆာနဲ့ ကွယ်လွန်သွားကြရှာတဲ့ မိတ်ဆွေရင်းချာများ ကိုအောင်ပြည့်၊ မောင်ဝဏတို့ကို ပြေးသတိရလိုက်တယ်။ နောက် လည်ချောင်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ သူငယ်ချင်း ကြီး သားဂျာနယ်ကျော် ကိုမိုးဟိန်းကို သတိရတယ်။ ဆေးလိပ် အလွန်အကျွံ သောက်ခဲ့သူများ ပါ။ ကျွန်တော်က ဆေးလိပ်ဖြတ်လိုက်တာ ၁၃ နှစ် ကြာပြီဖြစ်ပေမယ့် ယခင်နှစ် ၃၀ ကျော် လောက် ဆေးလိပ်စွဲသောက်ခဲ့တဲ့ဒဏ်ကို ခံရတာပါပဲဗျာ။ တခြားအကြောင်းတွေ ရှိနိုင်သေး ပေမယ့် ဆရာဝန်ကြီးများကတော့ ဆေးလိပ်သောက်ခဲ့တဲ့ ဒဏ်တွေကြောင့်လို့ပဲ အတည် ပြုတယ်ဗျာ။
          ဆေးလိပ်မဖြတ်နိုင်ကြသေးတဲ့ ကျွန်တော့်မိတ်ဆွေများ စဉ်းစားကြ ပါကုန်။
          လက်ရှိအခြေအနေမှာတော့ ကျွန်တော့်အနေနဲ့ ကံတရားကိုလက်ခံပြီး နောက်ဆုံး အချိန်ကို ဝေးနိုင်သလောက်ဝေးအောင် ရွှေ့ဆိုင်းနိုင်ဖို့ ကြိုးစားနေပါပြီ။ ဆေးဝါးကုသမှု စရိတ်က ကြောက်ခမန်းလိလိ ကြီးမားပါတယ်။ ကျွန်တော့်မိသားစုအနေနဲ့ မိတ်ဆွေသင်္ဂဟ များရဲ့ အကူအညီမပါရင် အခက်အခဲများစွာ ရှိပါလိမ့်မယ်။ သို့ပေမယ့် ကျွန်တော်ကတော့ ယုံကြည်မှုတစ်ခု ရှိနေပါတယ်။ ကျွန်တော်ပြုခဲ့တဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းမှုကုသိုလ် အချို့ရဲ့ တူသောအကျိုးကို တစ်နည်းနည်းနဲ့တော့ ခံစားနိုင်ပါလိမ့်မယ်လို့ ယုံကြည်မိခြင်းပါ။
          ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ ကျွန်တော့်မိသားစုရဲ့ ဒေါင်း စာပေတိုက် (ယခင်က ခွပ်ဒေါင်းစာပေ) ၃၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ဘားလမ်း စီးတီးစတားဟိုတယ်မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ အဓိကတော့ ကျန်းမာရေးချို့တဲ့နေပြီး ဆေးဖိုးဝါးခ အခက်အခဲရှိနေသူ စာရေးဆရာ၊ သတင်းစာဆရာ၊ ကဗျာဆရာများထဲက အလိုအပ်ဆုံးသူ ၁၀ ယောက်ကို တစ်ယောက်ကို တစ်သိန်းခွဲစီ၊ မန္တလေးနဲ့ ရန်ကုန်က စာရေးဆရာများ ကျန်းမာရေး အကူအညီ ပေးရေးအဖွဲ့ကိုယ်စား ဦးကျော်ရင်မြင့်နဲ့ ဦးဝင်းငြိမ်းတို့ကို ကျပ် ၂ သိန်းခွဲစီ လှူဒါန်းဖို့ ဖြစ်ပါ တယ်။ ပြောရရင် အရှည်ကြီးဖြစ်နေမှာမို့ လိုရင်းပြောပါမယ်။ ကျွန်တော့်ပွဲဟာ နိုင်ငံရေး လှုပ်ရှားမှု တစ်ခုခုလုပ်ဖို့ ရည်ရွယ်တာဖြစ်မယ်လို့ ရွှေဉာဏ်တော် စူးရောက်ပြီး အဲဒီတုန်းက သက်ဆိုင်ရာကနေ အချိန်ကပ်ပြီး ပိတ်ပင်ခဲ့ပါတယ်။ ဒေါင်းစာပေ နှစ်ပတ်လည်ပွဲကို လာသူတွေလည်း ဒုက္ခတွေဖြစ်၊ ထောက်ပံ့ငွေ လက်ခံဖို့လာတဲ့ထဲက ကဗျာဆရာ ကိုနီဟိန်း ဆိုရင် လေဖြတ်နေလို့ လူအထမ်းနဲ့လာရတာ၊ ဟိုတယ်က ပွဲဖျက်လိုက်ပြီဆိုတော့ ကျွန်တော့် အိမ်ကို အငှားကားနဲ့ လိုက်လာရှာတယ်။ ကျန်သူတွေကိုတော့ အိမ်အရောက် လိုက်ပို့ လိုက်ရပါတယ်။
          ယမန်နှစ်က စာနယ်ဇင်းအယ်ဒီတာတစ်ယောက် သေကောင်ပေါင်းလဲဖြစ်ပြီး ဆေးရုံ တက်ရတယ်။ သူ့ဇနီးက ကျွန်တော်နဲ့ လူချင်းမသိပေမယ့် ကျွန်တော်ဟာ ဒုက္ခရောက် နေသူတွေကို ကူညီတတ်တယ်လို့ သတင်းကြား ထားလို့ဆိုပြီး အိမ်ကိုရောက်လာတယ်။ ငွေကြေး အခက်အခဲရှိနေတဲ့ အကြောင်းပြောလို့ ကျွန်တော် တတ်နိုင်သလောက် ကူညီ လိုက်ပြီး အခြားသူတွေဆီကလည်း အလှူခံပေးမယ်လို့ ပြောလိုက်ပါတယ်။ အဲဒီနောက် ကျွန်တော့် facebook ကနေ သည်အကြောင်းကို အရင်းအတိုင်း ရေးသားတင်ပြလိုက်ပါတယ်။ facebook မှာတက်သွားပြီး နာရီပိုင်းအတွင်း ပထမဆုံး ကျပ် ၅၀၀၀၀ အလှူရှင်အဖြစ် ပြန်/ဆက် ညွှန်ချုပ် ဦးရဲထွဋ် (ယခု ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး) ဖုန်းဆက်ပြီး နေ့ချင်းပဲ ရန်ကုန်က သူ့တပည့်တစ်ယောက် ငွေလာပို့တယ်။ နောက် နေ့ချင်း ညချင်းပဲ အလှူရှင်အတော်များများ ဆက်သွယ်လာပြီး ဆေးရုံတက်နေရတဲ့ လူနာ အယ်ဒီတာ မိသားစု အတော်ကလေး အထောက်အကူ ဖြစ်သွားပါတယ်။ ကျန်းကျန်းမာမာဆေးရုံက ပြန်ဆင်းလာချိန်မှာ ကျွန်တော့်ကို လာကန်တော့သွားပါတယ်။
          နောက် မှတ်မှတ်ရရ တစ်ခုကတော့ ယခုအခါ တစ်နိုင်ငံလုံးက သိနေပြီဖြစ်တဲ့ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းပါ။ နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများ၊ သူတို့ရဲ့ မိသားစုများ၊ စာနယ်ဇင်းသမားများထဲက ကျန်းမာရေးနဲ့ စားဝတ်နေရေး အခက်အခဲ ကြုံနေရသူများစွာထဲက အရေးတကြီး လိုအပ်နေသူများကို ငွေကြေး ထောက်ပံ့ လှူဒါန်းဖို့ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း အမည်နဲ့ ထူထောင်ပါရန် ကျွန်တော်က စတင် အဆိုပြု၊ ဆရာ့ဆီက သဘောတူညီချက်ရရှိတဲ့အခါ စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။ ကျွန်တော်က ဘဏ္ဍာထိန်းတစ်ဦးအဖြစ် တာဝန်ယူနေပါတယ်။ အခုဆိုရင် ထောက်ပံ့ငွေများ ၃ ကြိမ်တိုင် ပေးအပ်နိုင်ခဲ့ပါပြီ။
          ယခု ကျွန်တော် စင်ကာပူမှာ ခေတ်မီကျန်းမာရေး စစ်ဆေးမှုခံယူ၊ ဆေးဝါးကုသမှု ခံယူနေချိန်မှာ သတိအရဆုံးကတော့ ထောင်ထဲမှာ လုံလောက်တဲ့ ကုသမှုမရခဲ့ကြရှာဘဲ ကျဆုံးသွားခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုပဲ ဖြစ်ပါတယ်။ ဆရာဦးခင်မောင်မြင့်၊ ရန်ကြီးအောင် ကိုစိန်ဝင်း (သုံးခွ)၊ မုံရွာဦးတင်ရွှေ၊ ဆရာမောင်သော်က၊ ခရမ်း ကိုတင် မောင်ဝင်း၊ ရန်ကုန်တိုင်း ဦးသိန်းတင် (တင်သိန်းမောင်)၊ ဗိသုကာ ဦးကျော်မင်း စသူတွေကို မြင်ယောင်နေမိတယ်။ ရန်ကြီးအောင် ကိုစိန်ဝင်းဆိုရင် တွဲဖက်ထောင်မှာ ကျွန်တော့် ရှေ့မှာတင် အသည်းရောဂါနဲ့ မရှူနိုင် မကယ်နိုင်အချိန်ကျမှ ဆေးရုံပို့တယ်။ ခရမ်း ကိုတင်မောင်ဝင်းက ရေကြည်အိုင်မှာ ကျွန်တော်တို့ အတူနေရစဉ်ကတည်းက သွေးဝမ်းတွေ သွားနေပြီ။ အင်းစိန်ထောင်ရောက်တော့ ဗိသုကာ ဦးကျော်မင်းရယ်၊ ကိုတင်မောင်ဝင်းရယ်၊ ကျွန်တော်ရယ် တစ်ခန်းတည်းနေကြရသေးတယ်။ အဲဒီအချိန်မှာ ကိုတင်မောင်ဝင်း မလှုပ်နိုင် လောက်အောင် ဖြစ်နေပါပြီ။ ကျွန်တော် သူ့ကို ကျောတွေပေါင်တွေ တက်တက်နင်းပေးတယ်၊ ဒီလိုနဲ့ သူအကြောတွေ တက်နေတာ သက်သာရာ နည်းနည်းရသပေါ့။ သုံးယောက်ပေါင်းက တစ်နေ့နဲ့ တစ်ညလုံး ထုတ်ထားတဲ့ ချေးခွက် သေးခွက် ဂန်ဖလားတွေကို မနက်စောစော မိလ်္လာချချိန်မှာ ဦးကျော်မင်းနဲ့ ကျွန်တော်က အပြင်မှာ သွားသွန်ကြရတယ်။ ရေမလုံလောက် လို့ သေချာမဆေးနိုင်တဲ့ ဂန်ဖလားတွေ ပြန်သွင်းလာရတယ်။ ရက်အတော်ကြာတော့ ကျွန်တော်တို့ကို လူချင်းခွဲ တစ်နေရာစီ တစ်ခန်းစီထားတယ်။ ကိုတင်မောင်ဝင်းကို တစ်နေ့ မနက်မှာ ထမ်းစင်ကြီးနဲ့တင်ပြီး ထောင်ဆေးရုံပို့တယ်။ မကြာပါဘူး၊ ဆုံးသွားပြီလို့ သတင်း ကြားရပါတယ်။
          ဆရာမောင်သော်ကကို ၁၉၉၁ အင်းစိန်ထောင်မကြီးမှာ သူက ၂ တိုက်၊ ကျွန်တော်က ၃ တိုက်မှာ ရှိကြစဉ် ဆရာ ရေချိုးထွက်တာကို လှမ်းနှုတ်ဆက်လိုက်ရသေးတယ်။ နေ့လယ် ကျတော့ ဦးနှောက်သွေး ကြောပြတ်လို့ ဆေးရုံပို့လိုက်ပြီတဲ့။ နောက်နေ့ကျတော့ ဆုံးသွား ပြီတဲ့။
          ၁၉၉၆ မှာ ကျွန်တော်တို့ ပုဒ်မ ၁၀ (က)နဲ့ ပြန်ဝင်ရတော့ တွဲဖက် ထောင် ကျွန်းတိုက်မှာ အတူနေတဲ့ထဲက ကိုတင်သိန်းမောင် အသည်းရောဂါနဲ့ အချိန်လွန်မှ ဆေးရုံတင်လို့ ဆုံးရှာ တယ်။ ဗိသုကာ ဦးကျော်မင်းလည်း ဆေးရုံတင်ပြီး ကုလို့မရတဲ့ အခြေအနေ ရောက်တော့ ပြန်လွှတ်ပေးတယ်။ အပြင်မှာ ဆုံးသွားတယ်လို့ ကြားရပါတယ်။ ဦးအေးဝင်းက နှလုံးရောဂါနဲ့ အချိန်မီ ဆေးရုံပို့လို့ အသက်ချမ်းသာရာရတယ်။ ဘကြီးမိုး ဦးမိုးသူ ဆီးကျိတ်ရောဂါနဲ့ ဆေးရုံပို့ရတယ်။ အဲဒီမတိုင်ခင် ခေါင်းမထူနိုင်အောင် မူးဝေပြီး သူ့အခန်းထဲမှာ လဲနေတုန်း အစောင့်တွေရဲ့ သဟောက်သဟန်း အပြောခံပြီး ကျွန်တော် အရောက်သွားတယ်။ သူ့အခြေ အနေ ဘယ်လိုမှန်းမသိလို့ ခင်ဗျားမှာစရာရှိတာမှာပါဗျာလို့ ပြောလိုက်တဲ့အခါ အဲဒီရက်ပိုင်း အတွင်း သူ့ကို ကျွန်တော် ရွတ်ရွတ်ပြနေတဲ့ ဆရာမင်းသုဝဏ်ရဲ့ သူ့မှာတမ်း ကဗျာထဲက စာသားလေးတစ်ခုကို မျက်လုံးတွေ မဖွင့်နိုင်တဲ့ ကြားကအားယူပြီး သူက ပြောလိုက်တဲ့အခါ ကျွန်တော်မျက်ရည် မဆည်နိုင်တော့ဘူး။ သူရွတ်ပြတာက “အားနာခဲ့ကြောင်း ပြောပါလေ”တဲ့။ သူ့မှာတမ်းကဗျာထဲက အဲဒီအပိုဒ်က ဒီလိုပါ။ “အမောင် ပြောက်ကျား၊ တိုင်းပြည်အားလျှင် ဘာများမှာခဲ့လိုသနည်း။ ခရီးမတ်တတ် လမ်းခုလတ်တွင် ကိုယ်လွတ် ရှောင်ခွာသွားရပါရွေ့ အားနာခဲ့ကြောင်း ပြောပါလေ” ဖြစ်ပါတယ်။
          ကျွန်တော်လည်း နောက်သိပ်မကြာပါဘူး၊ ဆီးကျိတ်ဖြစ်ပြီး ဆေးရုံရောက်၊ ဗာတိုင်းဂိုး ခေါင်းမူးပြီး ဆေးရုံရောက်၊ ကံကောင်းလို့ မသေဘဲ အသက်ရှင်ခဲ့။
          ကျွန်တော်တို့ မျက်စိအောက်တွင် ဆေးဝါးမကုသနိုင်ဘဲ အသေခံခဲ့ရသူတွေ အများကြီး ရှိခဲ့ပါတယ်။ ဦးမောင်ကိုလို သေရသူတွေလည်း ရှိခဲ့ပါတယ်။
          ကျွန်တော် ယခုတစ်ဖန် သေခြင်းတရားနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရပြန်ပါပြီ။ ကျွန်တော့်ဘက် ကတော့ ရှင်သန်နိုင်သရွေ့ ဆက်လက် ရှင်သန်နိုင်အောင် ကြိုးစားသွားဖို့ သန်္နိဋ္ဌာန်ချထားပါပြီ။ သွားလေသူ သူငယ်ချင်း သားဂျာနယ်ကျော် ကိုမိုးဟိန်းရဲ့ စံနမူနာကိုယူပြီး တရားဓမ္မအလုပ် တွေကိုလည်း ပြန်လုပ်နေပါပြီ။ နေ့စဉ်တရားမှတ်တဲ့ အလေ့အကျင့် လုပ်ထားပါတယ်။
          အနည်းဆုံးတော့ ကျွန်တော့် တိုင်းပြည်ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်ချစ်မြတ်နိုး တန်ဖိုးထားသော စာနယ်ဇင်းပညာဖြင့် သည့်ထက်မက အလုပ်အကျွေး ပြုချင်ပါသေးတယ်။ သို့မဟုတ်ရင်ဖြင့် “ခရီးမတ်တတ် လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ သွားရပါရွေ့ အားနာခဲ့ကြောင်း” ပဲ ပြောရတော့မှာပါ။ အားနာခဲ့ကြောင်း ပြောဖို့မလိုတော့ဘဲ မိမိတာဝန်အားလုံး ကျေပွန်ခဲ့ပြီလို့ ဥဒါန်းကျူးရင့်ကာ  ကျေကျေနပ်နပ် ထွက်ခွာနိုင်မယ့် အချိန် ကိုပဲ မျှော်လင့်မိပါတယ်။
          ယခုတစ်ပတ်  စာရှည်သွားတဲ့အတွက်  နောက်မှ ဆက်ပါဦးမယ်။                              
၇၊ ၁၀၊ ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၁၅၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁၁)

No comments:

Post a Comment