Sunday, October 28, 2012

ရခိုင်ပြည်နယ်တွင် ပြန်လည်ဖြစ်ပွားလာသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ အရေးကြီးအဆို တင်သွင်းပြီး ပြည်ထောင်စုအစိုးရက ဆက်လက်ဆောင်ရွက်ရန် လွှတ်တော်မှ မှတ်တမ်းတင်စောင့်ကြည့်သွားမည်


thn-10-28-6

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားလာသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ အရေးကြီး အဆို တစ်ရပ်ကို အောက်တိုဘာလ ၂၆ ရက်နေ့တွင်ကျင်း ပသော ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။


ယင်းအဆိုကို တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ဝင်ဖြစ်သူ ဦးမန်းမောင်မောင်ဉာဏ် က ''တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဟာ လုပ်ငန်းတာဝန်တစ်ရပ်အနေနဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးမှ တစ်ဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုအောင်မြင်ရေး အတွက် လေ့လာသုံး သပ်ဆောင် ရွက်ရမယ်လို့ သတ်မှတ်ထားတာရှိပါတယ်။ ဒီကနေ့ အခုရက်ပိုင်းအတွင်းမှာပဲ ရခိုင်ပြည်နယ် အတွင်းမှာ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ကျောက်ဖြူမြို့နယ်များအတွင်းမှာ ပေါ်ပေါက်နေတဲ့ ပဋိပက္ခများကြောင့် လူတွေသေဆုံးမှုတွေ၊ဒဏ်ရာရမှုတွေ၊ နေအိမ်မီးလောင်ဆုံးရှုံးမှုတွေဖြစ်ပေါ် နေတယ်ဆိုတာ အားလုံးသိကြမှာ ဖြစ်ပါတယ်။
thn-10-28-6
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဆေးရုံတွင် ပဋိပက္ခများကြောင့် ဒဏ်ရာရရခိုင်တိုင်းရင်းသားများအား အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်

 မြောက်ဦးမြို့နယ်မှာ လုံခြုံရေးတာဝန်ရှိသူများလည်းကျဆုံးတယ်လို့ ကြားသိရပါတယ်။ မင်းပြားတို့၊ ကျောက်ဖြူ တို့မှာလည်း တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် မီးရှို့မှုများဖြစ်ပွားခဲ့တာကြောင့် ဒဏ်ရာ ရသူတချို့ရှိနေကြောင်း ကြားသိရပါတယ်။ မြောက်ဦးမြို့နယ်အနေနဲ့တော့ ရဟန်းသံဃာတော်များအပါအ၀င် မြို့မိမြို့ဖတွေက ၀င်ပြီးတော့ ညှိနှိုင်းစေ့စပ်တဲ့အတွက် အေးချမ်းမှုတချို့ ပြန်လည်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ပဋိပက္ခများ ဆက်လက် ဖြစ်ပွားဖို့ အခြေအနေရှိတယ်လို့လည်း သုံးသပ်ရရှိပါတယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေ၊ ဖြစ်နိုင်ခြေရှိတဲ့မြို့နယ်တွေမှာ လုံခြုံရေးလိုအပ်ချက်များအရ တပ်ဖွဲ့ဝင်များ အင်အားမြှင့်တင်ခြင်း၊ အဆင့်တိုးမြင့်ခြင်း အလျင်အမြန် ဆောင်ရွက် စီစဉ်ပေးရန်နှင့် ဥပဒေချိုးဖောက်ခြင်း၊ အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်ခြင်းနဲ့ပတ်သက်ပြီးတော့ တရားဥပဒေနဲ့ညီညွတ်ပြီး ပွင့်လင်းမြင်သာစွာအမြန်ဆုံး စီစဉ်ဆောင်ရွက် ဆုံးဖြတ်ပေးပါ လို့ ပြည်ထောင်စု အစိုးရအား တိုက်တွန်းပါကြောင်း''ဟု တင်သွင်းခဲ့သည်။

ယင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ယခုဖြစ်ပွားနေသောပဋိပက္ခများသည် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့၏ ပဋိပက္ခမဟုတ်ကြောင်း၊ ရခိုင် တိုင်းရင်းသားများနှင့် အစ္စလာမ်တို့၏ ရန်ပွဲလည်းမဟုတ်ကြောင်း၊ ဘင်္ဂါလီလူမျိုးတို့နှင့် အိမ်ရှင်ရခိုင်တိုင်းရင်းသားများ၏ ပဋိပက္ခသာဖြစ်ပါကြောင်း၊ ယခုကိစ္စသည် ရခိုင်ပြည်နယ်အရေးသာမဟုတ်ဘဲ ပြည်ထောင်စုတစ်ခုလုံး၏ အရေးကိစ္စဖြစ်ကြောင်း၊ မိမိတို့၏မြေကို တစ်လက်မမျှ ဖဲ့ထုတ်ယူရန်ခွင့်မပြုနိုင်ကြောင်းတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို က ရခိုင်ပြည်နယ်အ တွင်း ဖြစ်ပွားနေသောပဋိပက္ခများနှင့်ပတ်သက်၍ အဖွဲ့များဖွဲ့၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်လည်း အောက် တို ဘာလ ၂၃ ရက်နေ့မှစ၍ အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကိုခေါ်ယူပြီး ဆုံးဖြတ် ချက်အတိုင်း အများပြည်သူကို ကြေညာချက် ထုတ်ပြန်အသိပေးခဲ့ကြောင်း၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်ခြင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးများ ဦးဆောင်သောအဖွဲ့မှာ ရခိုင်ပြည်နယ်သို့ ထွက်ခွာသွားပြီဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

''ကျွန်တော်တို့လက်ရှိ State of Emergency ကြေညာထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ လိုအပ်လာရင် ဒီထက်ပိုမိုပြီး ဆိုးရွားလာလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၁ မှာပါတဲ့အတိုင်း ကျွန်တော်တို့ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားခဲ့သည်။အရေးကြီး အဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ''အခုအဆိုကို ကြီးကြပ်ဆောင်ရွက်ရန် လိုကြောင်း မှတ်တမ်းပြုလိုပါတယ်။ ကြီးကြပ်ဆောင်ရွက်သွားရန်ဆိုတဲ့နေရာမှာ လွှတ်တော်မှာလည်း တာဝန်ရှိပါတယ်။ အခုအဆိုတင်သွင်းတာကို တာဝန်ရှိတဲ့သူတွေက မလုပ်ဆောင်ဘူးဆိုရင် မလုပ်ဆောင်တဲ့ အဖွဲ့အစည်းများကို လွှတ်တော်အနေနဲ့ ထိုက်သင့်သလို ဆောင်ရွက် နိုင်ဖို့လည်းလိုပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ အဆိုဟာ အဆိုအတိုင်းထားပြီး လက်တွေ့မှာမပါလာဘူးဆိုရင် ကျွန်တော်တို့ အဆိုတင်သွင်းရတာ၊ ဆွေးနွေး ရတာ ဆုံးဖြတ်ရတာတွေဟာ ဘာမှ အဓိပ္ပာယ်မရှိနိုင်ပါဘူး။ 

ဒီထက်တစ်နည်းပြောရမယ်ဆိုရင် တ ရားဥပဒေစိုးမိုးမှုကို လိုချင်ပေမယ့် ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်တမ်းထားရှိပြီး စောင့်ကြည့်ဆောင်ရွက်သွားရန်လိုမယ်လို့ ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်''ဟု ပြောကြားခဲ့ သည်။ယင်းအဆိုကို ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည်ဟု ဆိုသောကြောင့် အုပ်ချုပ်ရေး တာဝန်ရှိသူများအပြင် ဥပဒေပြုရေးဖြစ်သည့် လွှတ်တော်နှင့် တရားစီရင်ရေးအပိုင်းမှ တာဝန်ရှိသူများတွင်လည်း တာဝန်ရှိကြောင်း သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့သည်။''တကယ်ဆိုရင် ဥပဒေစိုးမိုးရေးရှိတဲ့ အသိုင်းအ၀ိုင်းတွေမှာ အရေးပေါ်ဥပဒေတွေ ခဏခဏထုတ်ဖို့ မလိုအပ်ဘူး။ သာမန်အားဖြင့်တောင် ဥပဒေစိုးမိုးရေး ရှိသွားရမယ်။

 ဒါကြောင့်မို့ အန်တီတို့ပြောနေတာက အစကတည်းက ဖြစ်ဖြစ်ချင်းကို ချက် ချင်းတရားဥပဒေအရ တရားဥပဒေနည်းလမ်းကျကျနဲ့ ပွင့်လင်းမြင်သာစွာ အရေးယူခဲ့ရင် ဒီလောက်အထိ ရန်မီးတွေက မပွားသွားဘူး။ အခုလည်း ဒါပဲဆက်လုပ်ရမယ်။ အန်တီတို့က တစ်ဖက်နဲ့တစ်ဖက်အမြဲဥပဒေစိုးမိုးရေးကို အဓိက ထားပြီးပြောတော့ တချို့က မကြိုက်ကြဘူး။  တချို့က ပဋိပက္ခအပေါ် မီးမောင်းထိုးချင်ကြတယ်။ အန်တီတို့ အမြင် ကေ တာ့ အခုချိန်မှာ ပဋိပက္ခမြန်မြန်ပျောက်သွားဖို့က မှန်ကန်တဲ့ဥပဒေစိုးမိုးရေးရှိဖို့ပဲ။ ပွင့်လင်းမြင်သာ မှုက အင်မတန်အရေးကြီးတယ်။ ပြည်သူတွေအနေနဲ့ တရားမျှမျှတတဖြစ်နေပါတယ်ဆိုတာကို မယုံကြည်နိုင်ရင် ဆက်ပြီးတော့ ဒါတွေဖြစ်နေမှာပဲ''ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment