Tuesday, October 23, 2012

ကုမုဒြာဂျာနယ်၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး Kumudra Journal မှ မေးမြန်းချက်။
စောစောကလည်း ကချင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ဝင့်ဝင့် ရှင်းပြ ထားပြီးသားဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့
သဘောထားကတော့ ငြိမ်းချမ်းရေး ရချင်တယ်။ တစ်ပြည်လုံးငြိမ်းချမ်းရေးရအောင် ကျွန်တော်တို့ကြိုးစားနေတာပါ။ တစ်ပြည်လုံး ငြိမ်းချမ်းရေး ရအောင် ကြိုးစားတဲ့အခါမှာ ဒီကချင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့ အစည်းနဲ့ ငြိမ်းချမ်းရေး မရမချင်း တစ်ပြည်လုံး ငြိမ်းချမ်းရေး ရတယ်လို့ပြောလို့မရပါဘူး။ စောစောက ခုနပြောသလို ဆုံးရှူံးမှုတွေ ပျက်စီးမှုတွေ ဒါတွေက တိုင်းပြည်ရဲ့ ပျက်စီးဆုံးရှူံးမှု တွေဖြစ်တယ်။ အဲဒီထဲမှ သနားစရာအကောင်းဆုံးကတော့ ဟိုပြေး ဒီပြေးနဲ့ ကိုယ့်ရဲ့အိမ်တွေ အလုပ်တွေ စွန့်ပစ် ပြီးတော့ ခိုလှုံနေရတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ဒီဒေသမှာရှိနေတဲ့ တိုင်းရင်းသားတွေက ကျွန်တော်တို့ စိတ်မကောင်းစရာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့သူတို့နဲ့ငြိမ်းချမ်းရေးရအောင် နည်းမျိုးစုံနဲ့ကျွန်တော်တို့ကြိုးစားနေပါတယ်။

 
 
အဲဒီတော့ ဒီမှာအခြေခံ သူတို့နဲ့ ကျွန်တော်တို့ငြိမ်းချမ်းရေးရအောင် ဆွေးနွေးတဲ့နေရာမှာ အခြေခံ အချက်အနေနဲ့က သူတို့နားလည်အောင် ကျွန်တော်တို့ ပြောတာက ခင်ဗျားတို့နဲ့ ကျွန်တော်တို့က မြန်မာနိုင်ငံဆိုတဲ့ ဒီအဝန်းအဝိုင်းတစ်ခုတည်းမှာပဲ နေနေကြတာ။ အမိုးအကာ တစ်ခုတည်းအောက်မှာ ကျွန်တော်တို့နေနေကြတာ။ ပြောရမယ် ဆိုရင်တော့ အိမ်ကြီးတစ်လုံးတည်းမှာ အတူတူနေနေကြတဲ့ ညီအစ်ကိုမောင်နှမတွေပေါ့။ ကွဲပြားခြားနားမှု ကတော့ရှိမယ်။ အသွင်သဏ္ဍာန်ခြင်း မတူတာတွေရှိမယ်။ အတွေးအခေါ်ခြင်း စိတ်ထားခြင်း မတူတာတွေရှိမယ်။ ကျွန်တော်တို့အိမ်ကြီးတစ်အိမ် ပြန်ကြည့်လိုက်မယ် ဆိုလို့ရှိရင် ဒီအဖေ ဒီအမေကနေမွေးလာတာ။ သားသမီး သုံးလေးယောက်လောက် ရှိပါတယ်။ တစ်ယောက် အသားဖြူတယ်၊ တစ်ယောက်က အသားညိုတာ ပါချင်ပါလာမယ်။ တစ်ယောက် အရပ်ရှည်မယ်၊ တစ်ယောက်က အရပ်ပုတာပါလာမယ်။ တစ်ယောက်က စိတ်တိုတယ် စိတ်ဆတ်တယ်။ တစ်ယောက်က စိတ်ရှည်တာပါလာမယ်။ ဒါတောင်မှ ဒီအဖေအမေက အတူတူမွေးလိုက်တဲ့ ဒီမိသားစုတစ်စုတည်းမှာတောင် ဒီလိုကွဲပြားခြားနားမှုတွေရှိပါတယ်။ သူတို့လည်း ဒီလိုကွဲပြားခြားနားမှုတွေရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့တွေ တို့တွေက ဒီတိုင်းပြည်ထဲမှာပဲ ဥမကွဲသိုက်မပျက်နဲ့ အတူတူနေကြမယ်။ နိုင်ငံဆိုတဲ့ နယ်နိမိတ်အတွင်း ထဲမှာရှိနေတဲ့ အတူတူနေနေကြတဲ့သူတွေဖြစ်တယ်။ အခုလိုတိုက်ခိုက် သတ်ဖြတ်နေခြင်းအားဖြင့် နှစ်ဖက်ဘာမှ အကျိုးမရှိဘူး။ တိုင်းပြည်အတွက်ပဲ ဆုံးရှူံးတာ ဖြစ်တယ်။ ဒါကြောင့်မို့တို့ငြိမ်းချမ်းရေး ယူကြရအောင်၊ ငြိမ်းချမ်းရေးအတွက် ညှိကြနှိုင်း ကြရအောင်ဆိုတဲ့ ဒီလို သဘောထားတွေ ချပေးပြီး ဆောင်ရွက်တဲ့အခါမှာ ဒီသဘောထား ကလည်း မငြင်းနိုင်တဲ့ သဘောထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဖွဲ့ (၁၇) ဖွဲ့ ရှိတဲ့အနက် ကနေပြီးတော့ (၁၀) ဖွဲ့ဟာ ကျွန်တော်တို့ရဲ့ ဒီသဘောထားတွေကို လက်ခံပြီးတဲ့နောက် ဒီကနေ့ကျွန်တော်တို့ သဘောတူတဲ့အချက်တွေလည်း တစ်ချို့ ရထားပြီးဖြစ်ပါတယ်။ တစ်ချို့လည်း ဆက်ပြီးတော့ ဆွေးနွေးစ ရာတွေ ကျန်ရှိနေပါသေးတယ်။ အဲဒီတော့ ကချင်ကိုလည်း ကျွန်တော်တို့ ဒီအတိုင်းပဲ သဘောထားပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ သည်းညည်းခံပြီးတော့ ငြိမ်းချမ်းရေးကို မရရ အောင် ဆောင်ရွက်သွားမယ်လို့ကျွန်တော်တို့ ဒီလိုဆုံးဖြတ်ထားပါတယ်။

No comments:

Post a Comment