Thursday, October 4, 2012

တိုင်စာများ သေချာစိစစ်ရန်လို

ရန်ကုန်၊ စက်တင်ဘာ - ၃၀

ကာယကံရှင်များ နစ်နာမှုမရှိစေရန် တိုင်စာများကို မှန်ကန်ခြင်း ရှိ မရှိ သေချာစိစစ်ရန်လိုကြောင်း ရေးရာကော်မတီများနှင့် ကျောင်းသားအဖွဲ့အစည်းများက ပြောသည်။

တိုင်ကြားခံရသော ဘက်ကိုလည်း စုံစမ်းမှုများ ပြုလုပ်ရန်လိုကြောင်း၊ တိုင်စာထဲတွင် ရေးသားထားသော မမှန်ကန်သော အချက်များကြောင့် မလိုလားအပ် သည့် ပြဿနာများ   ဖြစ်ပေါ်နိုင်ကြောင်း ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြေ
ာသည်။



“ကိစ္စတစ်ခု တိုင်ကြားတဲ့အခါ တိကျမှုထက် Emotion တွေလည်းပါတယ်။ မတိကျတဲ့ သတင်းအချက်အလက်တွေပါရင် ဂုဏ်သိက္ခာချမှုဆိုတဲ့ အပြန်အလှန် တရားစွဲဆိုမှုတွေ ရှိတယ်ဆိုတာ သတိထားမိပါတယ်”ဟု ဗကသခေါင်းဆောင် ကိုကျော်ကိုကိုက ဆိုသည်။

ကျောင်းသားအဖွဲ့အစည်းအချို့က တိုင်ခံရသူဘက်သို့ သေချာစုံစမ်းခြင်းမရှိဘဲ သက်ဆိုင်ရာဝန်ကြီးဌာနသို့ တိုင်ကြားခြင်း၊ လူမှုရေးကွန်ယက်များတွင် တင်ထားခြင်းတို့ကြောင့် နစ်နာမှုအချို့ ဖြစ်ပေါ်နေကြောင်း ကိုယ်တွေ့ကြုံသူ အစိုးရ၀န်ထမ်းတစ်ဦးက ပြောသည်။

ကျောင်းသားတစ်ဦး ကျောင်းခေါ်ချိန်မပြည့်၍ စာမေးပွဲဖြေဆိုခွင့် မရရှိခြင်းမှစ၍ ၀န်ကြီးဌာနသို့ တိုင်ကြားခြင်း၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ထားခြင်းတို့ကို ကျောင်းသားအဖွဲ့အစည်းအချို့က သေချာမစုံစမ်းဘဲ ပြုလုပ်ခဲ့သဖြင့် နစ်နာရကြောင်း တက္ကသိုလ်တစ်ခုမှ မော်ကွန်းထိန်းတစ်ဦးကဆိုသည်။

နယ်တွင် ဆောင်ရွက်နေသော အဖွဲ့အစည်းများသည် မိမိတို့ဆန္ဒဖြင့် တက်ကြွဆောင်ရွက်ကြခြင်းဖြစ်ပြီး အသေးစိတ်အနေဖြင့် ၎င်းတို့ပါဝင်ခြင်း မရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကပြောသည်။ ထို့ကြောင့် ၎င်းတို့ဆီ ရောက်ရှိလာသော တိုင်စာများကိုလည်း မှန်ကန်ခြင်း ရှိ၊ မရှိ သက်ဆိုင်ရာဒေသသို့ လူလွှတ်၍ဖြစ်စေ၊ ဒေသခံများမှတစ်ဆင့်ဖြစ်စေ စုံစမ်းမှုများ ပြုလုပ်ကြောင်း ဦးကိုကိုကြီးက ရှင်းပြသည်။

“လူကိုယ်တိုင် လာတိုင်ရင် မျက်နှာချင်းဆိုင်မျိုးကျတော့ ကျွန်တော်တို့ လေ့လာလို့ရတာပေါ့။ သက်ဆိုင်ရာဒေသက ကျွန်တော်တို့နဲ့ လုပ်နေတဲ့သူတွေကိုအချက်အလက် ပြန်စုံစမ်းခိုင်းတာ၊ လေ့လာခိုင်းတာတွေ လုပ်ပါတယ်”ဟု တိုင်ကြားစာ မှန်ကန်ခြင်း ရှိ မရှိ စိစစ်ပုံကိုပြောသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလာပြီး နိုင်ငံရေး ပိုမိုပွင့်လင်းလာသော ယနေ့ကာလတွင် ကဏ္ဍအများစု၌ စနစ်အဟောင်းကြောင့် ပြဿနာများရှိနေရာ တိုင်ကြားရသော အဖွဲ့အစည်းများသို့ တိုင်ကြားမှုများစွာ ပြုလုပ်နေကြသည်။ သို့သော် အချို့သည် ကိုယ့်အမှားကို တိုင်စာမဟုတ်ဘဲ ပစ်စာအဆင့်သာရှိသည်။

တိုင်ကြားစာနှင့် စပ်လျဉ်း၍ လိုအပ်သော အထောက်အထားများ အပြည့်အစုံ ပါဝင်ရမည်ဖြစ်ကြောင်း၊ တိုင်စာများကို နေ့စဉ် အဖွဲ့ဝင်လေးဦး ပါဝင်သောအဖွဲ့က စိစစ်နေကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးက 7Day News သို့ ပြောသည်။

“တိုင်တဲ့စာတွေ သုံးထောင်ကျော်ရှိတယ်။ လူတွေဟာ သူတို့ပြောချင်တာတွေကို ပို့လို့ရတဲ့ နေရာတစ်ခု ရှိတယ်ဆိုတာ သိနေပြီ”ဟု အဖွဲ့ဝင် ဦးလှမြင့်က ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေတွင် တိုင်စာများလာခြင်းကို သုံးသပ်သည်။

နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဝင်းကလည်း တိုင်ကြားစာများကို ပုဂ္ဂိုလ်ရေး၊ အများပြည်သူဆိုင်ရာ၊ မူဝါဒပိုင်းဆိုင်ရာဟု သုံးပိုင်းခွဲထားပြီး လွှတ်တော်ရုံး၊ နိုင်ငံတော်သမ္မတရုံးမှတစ်ဆင့် ဆောင်ရွက်ကြောင်း၊ အများဆုံး မဆောင်ရွက်နိုင်သော ကိစ္စများမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ် တိုင်ကြားစာများဖြစ်ကြောင်း ပြောသည်။ မိမိဘက်မှ တာဝန်စည်းကမ်းအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်သော်လည်း ယခုကဲ့သို့ အထက်မှ မေးမြန်းမှုများ ကြုံတွေ့ရသဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊ (လူမှုကွန်ရက်) ထစ်ခနဲဆိုတိုင်ခြင်း၊ ဖေ့စ်ဘွတ်ခ်တင်ခြင်းတို့ကို သေချာစိစစ်ကြစေချင်ကြောင်း အထက်ပါ နည်းပညာတက္ကသိုလ် မော်ကွန်းထိန်းက ပြောသည်။

တိုင်စာတိုင်ကြားလျှင် အထောက်အထားအပြည့်အစုံ မှတ်ပုံတင်မိတ္ထူနှင့် ထိုးမြဲလက်မှတ်တို့ ပါရှိရမည်ဖြစ်ပြီး ပစ်စာများကို ကိုင်တွယ်ခြင်းမပြုကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးလှမြင့်က တိုင်ကြားစာတွင် ပါရမည့် အချက်များကို ရှင်းလင်းပြောဆိုသည်။

“၂၀၁၁ ခုနှစ် အောက်တိုဘာ ၄ ရက်က သတင်းစာမှာ ကြေညာထားတယ်။ တိုင်စာမှာ ဘာတွေပါရမလဲဆိုတာ။ ဒါတွေမပါရင် မယူဘူးတော့မဟုတ်ဘူး ပြန်ပေးမယ်”ဟု ပြောသည်။

ပစ်စာနှင့်စပ်လျဉ်း၍ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးက “ဘယ်သူကတိုင်တယ်၊ ဘယ်ရွာကတိုင်တာ မပါတော့ ဘာမှဆောင်ရွက်ပေးလို့ မရဘူးပေါ့”ဟု ပစ်စာ၏ အားနည်းချက်များကို သုံးသပ်ပြောကြားသည်။
From -7dayNewsJournal

No comments:

Post a Comment