Wednesday, October 3, 2012

အစ်မ ဘော်ဒီဂတ် တိုင်ချီတိုလေး


အစ်မ၏ ဘော်ဒီဂတ် တိုက်ချီတိုခွေးကလေး။
ကျုပ် ဒီဆောင်းပါးလေးကို ရေးထားတာ ကြာပါပြီ။ အကြမ်း ရေးထား တာ ပေါ့ဗျာ။ အကြောင်း အရာ တိုက်ဆိုင်လာတဲ့ တစ်နေ့ကျ အချော ရေးမယ်ပေါ့။ ၂၀၁၁ ဒီဇင်ဘာလလို့ ထင်တာပဲ။ ဒေါက်တာ တင်မျိုးဝင်း က ခွေးကလေးတစ်ကောင် ဓာတ်ပုံနဲ့ 'သတိ ခွေးကိုက်တတ်သည်' လို့ ဗီနိုင်းနဲ့လုပ်တာ ကြည့်လိုက်တော့ 'တိုင်ချီတို'ပုံနဲ့၊ ကျုပ် ပြုံးမိတယ်။ ဒါ ကျုပ်အစ်မ အစီအစဉ်ဖြစ်ရမယ်။


အဲဒီအချိန်ကတည်းက အခုဆောင်းပါးလေးကို ရေးမိတာပါ။ နောက်ပိုင်း ဟိုဖြည့် ဒီဖြည့်နဲ့ ဆက် ရေးမိတာပါ။ မကြာခင်က 'တိုင်ချီတို' လေးအကြောင်း အစ်မက တစ်စွန်း တစ်စနဲ့ စာဖွဲ့ရေးတော့ ကျုပ်ကလည်း 'တိုင်ချီတို'လေး အကြောင်း သိထားတော့ ပြောပြချင်လို့ပါ။
အစ်မတို့ ကလေးဘ၀အရွယ် ငယ်စဉ်တုန်းက ရင်းနှီးခဲ့တဲ့ တိရစ္ဆာန် က အစ်မအဘိုး မွေးထားတဲ့ ကြောင်ကြီး 'ပူစီ'တဲ့။ အစ်မအဘိုး
ကခေါ်တာ၊ အစ်မတို့က လေးစားလို့ 'ဘိုးဘိုးကြောင်'လို့ ခေါ်ကြတယ်။ အစ်မတို့ အရွယ်ရောက်လာတော့ အစ်မမေမေအလုပ်ရှိရာ
နယူးဒေလီ မှာ နေထိုင်ရပါတယ်။ သံတမန် အသိုင်းအ၀ိုင်း၊ လူကုံထံအသိုင်းအ၀ိုင်း၊ အစိုးရ အသိုင်းအ၀ိုင်းကြားမှာ နေရတော့
မြင်းစီး သင်ကြရပါတယ်။
အစ်မ ဒုတိယအကြိမ် ရင်းနှီးမိတဲ့ တိရစ္ဆာန်က မြင်းကလေးတွေပါ။ ဘလက်ပရင့်စ်လို့ခေါ်တဲ့ (မဟူရာ မင်းသားလေး) မြင်းကလေးနဲ့
အစ်မ မြင်းစီးသင်ရပါတယ်။ နောက်တော့ 'ပရစ်ဗီရာဇ' နဲ့ 'ရှီဗာဂျီ' ဆိုတဲ့ မြင်းကလေးတွေနဲ့ လေ့ကျင့်သင်ကြား ရပါတယ်။ အစ်မ
ဘ၀အတွက် တိရစ္ဆာန်လေးတွေနဲ့ ရင်းနှီးကျွမ်းဝင်ရတဲ့ ဘ၀ကလေးတစ်ခုပေါ့။ ဒါနဲ့လည်း မပြီးသေးဘူး။ ၁၉၆၉-၁၉၇၀ ခုနှစ် လောက်
မှာ ကုလသမဂ္ဂမှာ အလုပ်လုပ်တော့ အရေးပေါ် အဒေါ်လို့ခေါ်တဲ့ ကြီးကြီး (ဒိုရာသန်းအေး)နဲ့ အတူနေရတော့ ကြီးကြီး မွေးထားတဲ့
'အင်ပီ'လို့ခေါ် တဲ့ ခွေးကလေးနဲ့ ရင်းနှီးခဲ့ပြန်ပါတယ်။
အစ်မနဲ့ ကြီးကြီးအတွက်ကတော့ 'အင်ပီ'မှ 'အင်ပီ' ဖြစ်ခဲ့ကြပါတယ်။ 'အင်ပီ'ကလေ လူတွေလာရင် ဆိုဖာပေါ်မှာ ထိုင်လို့မရအောင်
လုပ်တတ်ပါတယ်။ အဲဒါ အင်ပီရဲ့အကျင့်။ အစ်ကိုနဲ့ အိမ်ထောင်ပြုပြီး နောက်ပိုင်း ဘူတန်နိုင်ငံမှာ နေထိုင်တော့ ခွေးကလေးတစ်
ကောင် မွေးခဲ့ပါတယ်။ အဖြူရောင်နဲ့ အညိုရောင်စပ် ခွေးကလေး။ အစ်မ တို့က 'ပါပီ' လို့ ခေါ်ကြပါတယ်။ ပါပီက အိပ်ရင် အစ်မ
လည်ပင်းဖက်ပြီး အိပ်တတ်ပါတယ်။ အစ်ကို့ရဲ့ ဖိနပ်တွေ၊ သိုးမွေးခြေအိတ်တွေနဲ့ နပန်းလုံးပြီး ဆော့ကစားတတ် ပါတယ်။ ပါပီဟာ
အစ်မတို့မိသားစုနဲ့ ကမ္ဘာတစ်ပတ် ပတ်ပြီး နေလာ ခဲ့ဖူးပါတယ်။
ဘူတန်၊ နီပေါ၊ ရန်ကုန်၊ အင်္ဂလန် အကုန်ရောက်ဖူးပါတယ်။ အစ်မကလေးတွေ ကြီးလာတော့လည်း စောင့်ရှောက်ပါတယ်။ အားလုံးက
လည်း ချစ်ခင်ကြပါတယ်။ မိသားစုရဲ့ အမှတ်သင်္ကေတသဘောပါပဲ။ ၁၉၈၈ ခုနှစ်မှာ အစ်မက ဒီမှာလာနေရတော့ မိသားစုနဲ့ရော၊
ပါပီနဲ့ပါ ခွဲနေခဲ့ရပါတယ်။ ပါပီက လည်း အစ်မကို သတိရနေမှာပါပဲ။ အစ်မကလည်း ပါပီကိုတော့ သတိရ နေမယ်လို့ ထင်ပါတယ်။
ပါပီဟာ အသက်ကြီးရင့်လာတဲ့ ၁၉ နှစ်အရွယ်မှာ ဆုံးသွားပါတယ်။ (၁၉၉၁ ခုနှစ်၊ မလွတ်လပ်တဲ့ဘ၀ အချိန်မှာ) မိသားစု ခွေးကလေး အပေါ်မှာ သံယောဇဉ်ကြီးခဲ့တဲ့ အစ်မအတွက် ခံစားရမှာပါပဲ။ သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့။ ပါပီကို ခင်ဗျားတို့ မြင်ဖူး ကြမှာပါ။ ၂၀၁၁
ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း ထုတ်ဝေကြတဲ့ ဂျာနယ်တွေမှာ ခေါင်းမှာ စကပ်ဖ်ပ၀ါလေး မေးသိုင်းစည်းပြီး မျက်မှန် တပ်ထားတဲ့
အမျိုးသမီးကြီး (ဒိုရာသန်းအေး)က ခွေးကြီးတစ်ကောင်ကို ချီပိုးနေတဲ့ ပုံလေ။
အဲဒီခွေးကြီးက ပါပီပေါ့။ အဲဒီတုန်းက ဂျာနယ်တွေမှာ ရေးကြတယ်။ အစ်မဟာ မိန်းမဖော် နှစ်ယောက်နဲ့ ခွေးတစ်ကောင်နဲ့ နေထိုင်ကြ
ရတယ်လို့ မှားရေးကြပါ တယ်။ မိန်းမဖော်နှစ်ယောက်ဆိုတာ မှန်ပါတယ်။ ခွေးတစ်ကောင် ဆိုတာက မဟုတ်ပါဘူး။ ခွေးတစ်ကောင်
ဆိုတာက ဒီလိုပါ။ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့မှာ အစ်မကို အကျယ်ချုပ် တစ်နှစ်ခွဲ သတ်မှတ်လိုက်တယ်။ (၂၀၀၉ မေလ ၁၃
ရက်နေ့ကစပြီး သတ်မှတ်တော့ ၂၀၁၀ နိုဝင်ဘာလ ဆိုရင် တစ်နှစ်ခွဲပြည့်ပါတယ်) ၂၀၁၀ နိုဝင်ဘာလ ၁၃ ရက်မှာ အစ်မကို
ကြိုဆို ခဲ့ပါတယ်။ အစ်မ သားငယ်ကလည်း နိုဝင်ဘာ လဆန်းကတည်းက ဘန်ကောက်မှာ လာစောင့်နေရှာပါတယ်။
အမေနဲ့ မတွေ့ရတာ ၁၀ နှစ်နီးပါး ရှိပါပြီ။ နောက်ဆုံး တွေ့ခဲ့ကြတာ ၂၀၀၁ ခုနှစ် တစ်ပတ်အကြာ နိုဝင်ဘာ ၂၀ ရက်မှာ လာခွင့် ရခဲ့
ပါတယ်။ သားအမိတွေ ပြန်လည်ဆုံတွေ့ခဲ့ ကြပါတယ်။ အစ်မကလည်း အလုပ်တွေများနေခဲ့ပါတယ်။ သားငယ်အတွက် ဆရာက
ဟိုလိုက်ပို့ ဒီလိုက်ပို့ တာဝန်တွေယူရပါတယ်။
တစ်နေ့ နိုဝင်ဘာ ၂၇၊ ၂၈ လောက် ထင်တယ်၊ သားငယ်နဲ့ ဆရာ အပြင်သွားကြတော့ ခွေးရောင်းတဲ့ဆိုင်ကို သားငယ်က လိုက်ပို့
ခိုင်းပါတယ်။ သူ ခွေးတစ်ကောင်လိုချင်တယ်ပေါ့။ ဆရာက ဘာလုပ်မလို့တုံး မေးတော့ "မေမေ့အတွက် ဘော်ဒီဂတ်" တဲ့။ ပြန်လာ
တော့ သားငယ်နဲ့အတူ ခွေးကလေးတစ်ကောင် (လသား အရွယ်) ပါလာတယ်။ သားငယ်က သူ့အမေကို "မေမေ့ အတွက်
ဘော်ဒီဂတ်" လို့ ပြောရှာတယ်။ (သူ့အမေအတွက် အကြောင်းခြင်းရာတွေ၊ လုံခြုံမှုတွေ အတွက် သိထားတော့) အမေက လည်း
သားကိုယ်စား ချစ်ရပေမှာပေါ့။
ခွေးကလေးက ပုသေးသေးလေး၊ ကျောလျားက ရှည်တယ်။ နီညိုရောင် လေး။ ဒီဇင်ဘာလဆန်းမှာ သားငယ် က ပြန်သွားတော့
သားကိုယ်စား ဘော်ဒီဂတ် ခွေးကလေးက ကျန်ရစ် ခဲ့ရှာတယ်။ (မပြန်ခင် သားငယ် အတွက် အမှတ်တရပွဲလေးလုပ်တော့)
ခွေးကလေးပုံတွေက အင်တာနက် စာမျက်နှာတွေပေါ် ရောက်သွားတယ်။ နာမည်က 'တိုင်ချီတို'တဲ့။ သားငယ်ကိုယ်စား ခွေးကလေး
ကို အစ်မမွေးရပြီပေါ့။ အစ်မကလည်း ချစ်ရှာပါတယ်။ တိုင်ချီတိုမှ တိုင်ချီတို ပဲ။ ငယ်သေးတော့ ချစ်ဖို့ကောင်းပါ တယ်။ အားလုံးကလည်း ချစ်ကြပါ တယ်။
အစ်မအတွက်ကတော့ သားငယ် ကိုယ်စားရော မိသားစု မွေးခဲ့ဖူးတဲ့ ပါပီကိုယ်စားရော အစားပြန်ရတော့ ၀မ်းသာနေပါတယ်။ ဘယ်
အချိန်ဆို အစာကျွေးရမယ်၊ အရိုးမကျွေးရဘူး၊ ကျန်တဲ့အချိန်ဆို ဘာမှမကျွေးရဘူး၊ စည်းကမ်း သတ်မှတ်ပေးပါတယ်။ ကြိတ်ပြီးသား
အသားတွေကို ပြုတ်ကြော်လုပ် ထားရပါတယ်။ ဆလတ်ရွက်ကို နုပ်နုပ်စဉ်းပြီး အသား၊ ထမင်းတို့နဲ့ နယ်ကျွေးရပါတယ်။
ခွေးတွေရဲ့ သဘာဝက အရိုးကိုက်တတ်ပါတယ်။ တိုင်ချီတိုက မီးဖိုချောင်ထဲဝင်လာပြီး ပန်းကန်ဆေးစင်နားက အမှိုက်ပုံးလေးနား
လာပြီး မွှေနှောက်လေ့ ရှိပါတယ်။ သူကလည်း တစ်ခန်းဝင် တစ်ခန်းထွက် လျှောက်သွားလေ့ရှိပါ တယ်။ မီးဖိုချောင်ဘေးက ကြောင်
ကလေးတွေအတွက် ကျွေးထားတဲ့ ပန်းကန်တွေအပေါ်ကိုလည်း မျက်စိကျလာပါတယ်။ ကြောင်လေး တွေ စားနေတတ်တာကို ၀ပ်ပြီး
ကြည့် နေတတ်ပါတယ်။ ဟောင်လေ့လည်း ရှိပါတယ်။ 'သူ့ကိုတော့ မကျွေးဘူး' ပေါ့ဆိုတဲ့အနေနဲ့ ကြောင်ကလေးတွေ ကိုတော့
ရန် မလုပ်ပါဘူး။
အစ်မက တိုင်ချီတိုကို မီးဖိုချောင် ဘက် မ၀င်စေဖို့ တံခါးအမြဲတမ်းပိတ် ထားဖို့ သတိပေးပါတယ်။ အစ်မ ထမင်းစားရင် တိုင်ချီတိုက
အစ်မနားမှာ အမြဲနေပါတယ်။ အစ်မက စာနာတော့ တိုင်ချီတို လေးအတွက် အသားတုံးပြုတ်ကြော် လေး အစ်မနားမှာ ပန်းကန်လေးနဲ့
ထားပေးရပါတယ်။ အစ်မမှာ တစ်နေကုန် အလုပ် များနေသော်လည်း ညနေပိုင်း အလုပ်နားတဲ့အခါ တိုင်ချီတိုနဲ့ နေပေးပါတယ်။
သူ့အတွက် ဘောလုံးလေးတွေ ထားပေးပြီး ဆော့ကစားစေပါတယ်။ တိုင်ချီတိုကလည်း သူ့သခင် ပြန်သွားတော့ သူ့သခင်ရဲ့အမေကို
သူ့သခင်မှ သခင် ဖြစ်လာပါတယ်။ အစ်မအနားကို မည်သူမျှ ကပ်ခွင့်မပြုပါ။ ရန်ပြုမယ့် သဘော ဖြစ်လာပါတယ်။ ချစ်ဖို့လည်း ကောင်း
ပါတယ်။ အစ်မရဲ့ခွေးလေးဆိုတော့ နာမည် ကလည်း ကြီးလာပါတယ်။
တိုင်ချီတို ကလည်း စတိုင်နဲ့ မလိုင်နဲ့ နေတတ် လာပါတယ်။ ဧည့်သည်က တကူး တက တွေ့ချင်လို့ဆိုပြီး တိုင်ချီတိုကို အိမ်ပြန်ခေါ်
ခိုင်းခဲ့ရပါတယ်။ တိုင်ချီတိုက ကားစီးရတာလည်း ၀ါသနာပါပါတယ်။ ကားရှေ့ခန်းမှာ ပတတ်ရပ်ပြီး နေတတ်ပါတယ်။ ဒေါက်တာ
တင်မျိုးဝင်း ခြံထဲကိုလာတိုင်း တိုင်ချီတိုကို ကားပေါ်တင်ပြီး တစ်ပတ်ပတ် မောင်းပို့ရလေ့ ရှိပါတယ်။ တိုင်ချီတိုက ခေသူတော့
မဟုတ်ဘူး ဗျ။ ကုသိုလ်ကံကောင်းတယ်။ 'စက္ကတေရီ အော့ဖ်စတိတ်' လာတုန်း ကဆိုရင် တိုင်ချီတိုအတွက် အသုံးအဆောင် လက်ဆောင် ပစ္စည်းတွေ ပါလာခဲ့ရတာ။
အဲဖို့စ်ဝမ်း' ပိုင်ရှင်ကတောင် သူ့အတွက် လက်ဆောင် ပစ္စည်းတွေ ပေးလိုက်တယ်ဆိုပဲ။ နှယ်နှယ်ရရတော့မဟုတ်ဘူး။ ဒါကြောင့် သူက
မာန်တက်ပြီပေါ့ဗျာ။ သူ့သခင်မှ သူ့သခင်။ အစ်မသားငယ် ဒုတိယအကြိမ် ပြန်လာတော့ အစ်မက သားငယ်ကို ပုဂံဘုရားဖူး လိုက်ပို့
ပါတယ်။ တိုင်ချီတိုလည်း ပါတာပေါ့။ ပျော်နေရှာပါတယ်။ ဂျာနယ်တွေရဲ့ စာမျက်နှာမှာ မျက်နှာဖုံးကနေတောင် ဖော်ပြကြပါတယ်။
တဖြည်းဖြည်းနဲ့ အကောင်က ကြီးလာပါတယ်။ အရွယ်ရောက်လာပြီ ပေါ့။ တစ်နေ့တော့ ခြံထိပ်က အိမ်လေးမှာ ကျုပ် ပက်လက်လှန်
ပြီး စာဖတ်နေတယ်။ တိုင်ချီတိုကလည်း ထုံးစံအတိုင်း ဟိုခွ ကျော်၊ ဒီခွကျော် လုပ်နေရာကနေ ကျုပ်လက်ကို လာခဲတယ်။ ကိုက်တာ
တော့ မဟုတ်ဘူး။ (ခဲတာနဲ့ ကိုက်တာ မတူဘူး)။ ခဏ ခဏ လာခဲတယ်။ တိုင်ချီတိုတော့ ဟိုကိုက်ချင် ဒီကိုက်ချင်တော့ လုပ်တော့
မယ်လို့ တွေးမိတယ်။ အရွယ်ရောက် လာပြီဆိုတော့လည်း ၀တ္တရားရှိသည့် အတိုင်း စီမံပေးရတော့မယ်လေ။
မကြာပါဘူးဗျာ၊ ဟိုလူ့ကိုက်လိုက် ပြန်ပြီ၊ ဒီလူ့ကိုက်လိုက်ပြန်ပြီတဲ့။ ကျုပ်လည်းလန့်လာတယ်။ ကျုပ်အစ်မအကြောင်း ကျုပ်က သိ
တယ်။ ကိုက်တဲ့သူအပြစ် မဟုတ်ဘူး။ အကိုက်ခံရသူရဲ့အပြစ်။ သူ့ရှေ့မှာ မျက်စိနောက်အောင် သွားနေတော့ ကိုက်ခံရမှာပေါ့။ သူ့
သခင်အနား ဘယ်သူမှ မကပ်စေရဖို့ ဘော်ဒီဂတ်တာဝန် ထားခဲ့တာ။ တာဝန်ကျေပွန် ရှာပါတယ်။ ဒါပေမယ့် သူ့မှာ တစ်ကောင်တည်း
အဖော်မဲ့တာပေါ့။ စိတ်တိုမှာပေါ့။ ဒါကို ကျုပ်တို့က နားလည်ပေးရပါမယ်။ (လုံခြုံရေးရှုထောင့်ကကြည့်ရင် တိုင်ချီတိုမှန်တယ်)။
ကျုပ်ကြော်ငြာတစ်ခု ထည့်ချင်တယ် ဗျာ။ 'တိုင်ချီတိုအတွက် အဖော်အလိုရှိ သည်' 'ပေါ့သေးသေးတော့ မဖြစ်စေရ။ စတိုင်လ်ရှိပြီး
စတားရှိသူမှ ဖြစ်ရမည်' လို့။ 
From-မြန်မာ့တိုင်း (မ်)

No comments:

Post a Comment