Tuesday, October 2, 2012

ရှမ်းပြည်နယ် လွှတ်တော်ထဲက ကိုယ်စားလှယ်တဦးနဲ့ အင်တာဗျူး



 
 စိုင်းမောင်ကြီးက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)က ဖြစ်ပါတယ်။
တောင်ကြီးတက္ကသိုလ်ကနေ သမိုင်းဘာသာရပ်အထူးပြု သင်ကြားခဲ့သူပါ။
၂၀၁၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ရွေးကောက်ခံရပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူပါ။
ထိုင်းနိုင်ငံမှာ လေ့လာရေးရောက်နေတဲ့ စိုင်းမောင်ကြီးနဲ့ ဒီမနက် တွေ့ဆုံ မေးမြန်းခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။ သူနဲ့ အဆက်အသွယ် ထပ်ရရင် ဧရာဝတီဘလော့အတွက် ထပ်ပြီးတော့ အင်တာဗျူးချင်ပါသေးတယ်။

မနေ့တုန်းက အမေရိကန်ကနေ ပြန်လာတဲ့ ဦးသိန်းစိန်ကို ရန်ကုန်လေဆိပ်မှာ လူအများအပြား သောင်းသောင်းဖြဖြကြိုဆိုကြတာ ဘာကြောင့်လို့ ထင်သလဲ။
လူဆိုတာကတော့ ကျနော်ပဲဖြစ်ဖြစ် တခြားပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ကိုယ့်စိတ်ဆန္ဒသဘောထား၊ လိုအင်ဆန္ဒနဲ့ အစပ်အဟပ်မိမယ် ဆိုရင် သဘောကျတာပဲလေ။
 အခု သမ္မတကြီးကိုယ်တိုင် အပြောင်းအလဲ လုပ်နေပါပြီ၊ ပြုပြင်ပြောင်းလဲတဲ့အဆင့်လည်း အဆင့် ၁ တောင် ပြီးသွားပါပြီ၊ ခုလည်း မြန်မြန်ဆန်ဆန်ကို လုပ်ပြနေတယ် ဆိုတော့၊ အတိတ်က ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ သမ္မတကြီးက အပြုသဘောကို ဆောင်တယ်၊ ကျနော်တို့ National Hero (အမျိုးသားခေါင်းဆောင်) ပုံစံမျိုးလို  ဖြစ်လာတဲ့အခါကျတော့ သူတို့ ကျေနပ်နှစ်သက်လို့ ၀မ်းပမ်းတသာကြိုဆိုကြတယ်လို့ ထင်ပါတယ်။

လက်ရှိအစိုးရရဲ့ အကောင်းဆုံးလုပ်ရပ်တွေက ဘာတွေ ဖြစ်မလဲ။


ထင်သာမြင်သာ တခုက၊ ဘယ်သူမှ မငြင်းနိုင်တဲ့တခုက သူက ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်စေတနာလေး မြင်ရတာပေါ့။ အဲဒါက တခု။ နောက် ... အကောင်အထည်ပေါ်တာပဲဖြစ်ဖြစ် မပေါ်တာပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေး ဆိုတဲ့ စကားလေး သူ ပြောလာတယ်၊ ဒါကို ကျနော်တို့ အကောင်းမြင်တယ်။

SNDP ပါတီက အခု ဘာတွေ လုပ်နေပါသလဲ။ 


နိုင်ငံရေးအပိုင်းကိုပဲမေးတယ်လို့ ယူဆပါတယ်၊ ကျနော်တို့မဲဆန္ဒရှင်တွေ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေး၊ ကျနော်တို့ရှမ်းပြည်လူထုက ခေတ်အဆက်ဆက် အမှောင်ကျခဲ့တယ် ဆိုတော့ ကျနော်တို့ပါတီဝင်တွေက တတ်စွမ်းသမျှ၊ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေက ဒီကိစ္စကို ဦးတည်ပြီးတော့ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေကို အဓိက ဦးတည် ဆောင်ရွက်နေပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကာလမှာ စိုင်းမောင်ကြီး ဘာတွေ ကတိပေးခဲ့သလဲ၊ ဘယ်လောက်အထိ အကောင်အထည် ဖော်ခဲ့ပြီးပြီလဲ။ 


ရွေးကောက်ပွဲ စည်းရုံးရေးကာလတုန်းကတော့ အထူးတလည် ကတိပေးပြီးတော့ လူထုကို ဘယ်ကဲ့သို့ ဘယ်နည်းဘယ်ပုံ ဆောင်ရွက်ပေးမယ် ဆိုတာကတော့ အတိအကျတော့ ကတိမပေးခဲ့ပါဘူးဗျာ။  သို့ပေမယ့် ၂၀၀၈ အခြေခံဥပဒေကို နည်းတာများတာတော့ ကျနော်တို့ မတွက်ဘူးပေါ့နော်၊
ကျနော်တို့တိုင်းရင်းသားတွေအတွက် တစုံတရာ ရပိုင်ခွင့်လေး၊ လုပ်ပိုင်ခွင့်လေး ရလိုရငြားနဲ့ ကျနော်တို့ ယုံကြည်ပြီး ၀င်တယ် ဆိုတော့ အထူးတလည်လည်း ကတိပေးစရာ မလိုပါဘူး။ ကျနော်တို့က တိုင်းရင်းသားပါတီ ဆိုတော့ တိုင်းရင်းသားဒေသမှာ အထူးတလည် စည်းရုံးစရာတော့ မရှိဘူးပေါ့ဗျာ၊ ကိုယ့်လူမျိုး အချင်းချင်းဆိုတော့ ကိုယ့်ပါတီကိုပဲ ထည့်လိုက်တာပေါ့။

လွှတ်တော်ကိုယ်စားလှယ်တယောက် အနေနဲ့ ဘာတွေများ ထူးထူးခြားခြား ဆောင်ရွက်ခဲ့တာ ရှိပါသလဲ။
နှစ်ပိုင်းတော့ ခွဲပြောရမယ်ဗျ။  ပထမတပိုင်းကတော့ လွှတ်တော်ပြင်ပ။ ဒုတိယတပိုင်းကတော့ လွှတ်တော်အတွင်းပေါ့နော်။

 ပထမပိုင်းကိုပြောရမယ် ဆိုရင် အရင်ခေတ်အစိုးရတုန်းက လူထု ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေ အားလုံးမဟုတ်တာတောင်မှ ခပ်များများလေး ဒီနောက်ပိုင်းမှာ ထပ်မကြုံတွေ့ရအောင် ကျနော်တို့ ကူညီ ဖြေရှင်းပေးနိုင်တယ်။

ဥပမာတခုလောက် ပြောပါဦး။ 


ဥပမာတခုအနေနဲ့ ပြောမယ် ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ပတ်သက်တယ် ဆိုပြီးတော့ နည်းနည်း မသင်္ကာတဲ့ အစိတ်အပိုင်းလေးတွေ၊ ဖမ်းတာဆီးတာ ရှိတာပေါ့ဗျာ၊ စစ်တာ မေးတာ ရှိတာပေါ့၊ အဲဒါလေးတွေ ကျနော်တို့က နည်းနည်း ၀င်ပြီးတော့ ဖြေရှင်းပေးနိုင်ခဲ့တာတွေ ရှိတယ်၊ နောက် - လုပ်အားပေးတဲ့ကိစ္စမျိုး ၊ ကင်းငွေ၊ ချောငွေ ကိစ္စမျိုးတွေက လုပ်ပိုင်ခွင့် ဆင့်ဆိုပိုင်ခွင့် မရှိတော့ပါဘူး စသဖြင့် လူထုကို ပညာပေးတယ်၊ ဒုက္ခကတော့ တဆင့် လျော့ပါးသွားတယ်လို့ပဲ ပြောရမှာပေါ့။ ဒါက လွှတ်တော်ပြင်ပပေါ့။ 


လွှတ်တော်တွင်းကျတော့ လူ့အခွင့်အရေး ကော်မရှင်လေးတွေကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ဖွဲ့ပေးဖို့ မေးခွန်းတွေ၊ အဆိုတွေ တင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်အစိုးရ ဆိုပြီး နည်းနည်း သီးခြားပုံစံ ဖြစ်လာချိန်မှာ အစိုးရတရပ် အနေနဲ့ အလံတော့ ရှိသင့်တယ်၊ ရှမ်းပြည်နယ်အလံက ၀ါစိမ်းနီကို ခလယ်က လပြည့်ဝန်းကြီးနဲ့။ ဒီအလံကို လက်ရှိအစိုးရက အသိအမှတ်ပြုခြင်းရှိမရှိ စတဲ့ မေးခွန်းတွေ။ ပြီးတော့ ကျနော်တို့မဲဆန္ဒနယ်ထဲမှာ ကျိုင်းတောင်း ဆိုတာ ရှိတယ်၊ ကျိုင်းတောင်းက ကျွန်းသစ်တွေ တော်တော်လေး ပေါများခဲ့တယ်ခင်ဗျ၊ ခုတော့ မကျန်သလောက်ပါပဲ။ ဒေသခံပြည်သူတွေအနေနဲ့ ကျွန်းတောကြီးထဲမှာ တသက်လုံး မွေးဖွားကြီးပြင်းလာပြီးတော့ သူတို့အနေနဲ့ ရပိုင်ခွင့် တစုံတရာ မရှိဘဲနဲ့ ဘေးထွက်ဆိုးကျိုးပဲ သူတို့ ကျန်ခဲ့တာပေါ့၊  အခု ရာသီဥတုတွေ ဖောက်ပြန်တယ်၊ လမ်းပန်းဆက်သွယ်ရေး အကြီးအကျယ် ပျက်စီးသွားတယ်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားတော့ အစားထိုး စိုက်ပျိုးခြင်းလည်း မရှိဘူး ၊ လမ်းပန်းဆက်သွယ်ရေး ၁၂ ရာသီစလုံး သွားလာနိုင်အောင် အဆင့် မြှင့်တင်ပေးပါရန်   ဆိုပြီးတော့ အဲဒီလို မေးခွန်းလေးတွေ မေးခဲ့ပါတယ်။

ထိုင်းနိုင်ငံခရီးစဉ်အတွင်း လေ့လာရေးထွက်ရာမှာ မြန်မာပြည်နဲ့ ကွာခြားတာ၊ ထူးခြားတာ ဘာတွေ သတိထားမိသလဲ။  


ထူးခြားတာကတော့ လေဆိပ်ရောက်ပြီဟေ့ ဆိုတာနဲ့ ပြောင်းပြန်ပုံစံမျိုး ဖြစ်သွားတာပေါ့။ သင်တန်းမှာ လေ့လာရတာတွေ၊ (ထိုင်းအစိုးရ အုပ်ချုပ်ရေးပိုင်းမှာ) လုပ်ပုံလုပ်နည်း၊ ဘတ်ဂျက်ခွဲဝေနည်းတွေက အခု ကျနော်တို့ဆီမှာ လုပ်နေတာနဲ့ ပြောင်းပြန်လို ဖြစ်နေတာပေါ့။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရတဲ့ ပါတီ ၃ ခုက ဘယ်ပါတီတွေ ဖြစ်မယ် ထင်သလဲ။  


ဒီကိစ္စက ခန့်မှန်းပြောဆိုရမှာဆိုတော့ ပိုပြီးတော့ လက်တွေ့ကျအောင် (ခန့်မှန်းရမယ်) ဆိုရင် .... လောလောဆယ် မဲဆန္ဒနယ်အလိုက် အနိုင်ရခဲ့တဲ့  ကိုယ်စားလှယ်တွေအပေါ် မူတည်လိမ့်မယ်လို့ ကျနော် ထင်တယ်။ မိုးနဲမဲဆန္ဒနယ်ဆိုရင် ၂၀၁၀-၂၀၁၅ အတွင်း ပြည်သူလူထုအတွက် ဘာမှ မယ်မယ်ရရ လုပ်ကိုင်နိုင်ခြင်းမရှိဘူးဆိုရင် တခြား သူတို့ကြိုက်နှစ်သက်တဲ့ပုဂ္ဂိုလ် အစားထိုးဝင်လာမှာပေါ့ဗျာ။
 From-ဧရာဝတီ

No comments:

Post a Comment