Saturday, October 6, 2012

မအောင်မြင်သော အမျိုးသား စီမံကိန်းများ

စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်သည် ဆိုသောစကားကို မြန်မာပြည်သူလူထု အတော်ကို စိတ်ပျက်ခဲ့ရသော နှစ်များရှိခဲ့သည်။ စီမံကိန်းဟုဆိုလျှင် ပြက်ရယ်ပြုစရာအဖြစ်သာ သိမြင်နေခဲ့ကြတာ နှစ်ပေါင်းများစွာ ဖြစ်ပါသည်။ လူအများစိတ်မှာ စွဲလမ်းနေကြသည်က နိုင်ငံတော် စီမံကိန်းများဆိုတာ ရယ်စရာ။

        ပြည်သူတို့ စိတ်ပျက်ကြသည်မှာလည်း အပြစ်ဆိုစရာ မရှိလှပါ။ အစဉ်အဆက်မှာ မြောက်မြားလှစွာသော ရယ်စရာ စီမံကိန်းများက အမျိုးစုံလှသည်။ လူသိများ ထင်ရှားသည့် မအောင်မြင်သော စီမံကိန်းတွေက ဒုနဲ့ဒေး။ လူတစ်ကိုယ် တိုက်တစ်လုံး ကားတစ်စီး လခ ဘယ်လောက်ဆိုသည့် ဖဆပလခေတ် ပြည်တော်သာ စီမံကိန်းမှသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၏ ပထမ လေးနှစ်စီမံကိန်း၊ ဒုတိယ လေးနှစ်စီမံကိန်း အစရှိသည့် စီမံကိန်းများ၊ မကြာလှသေးသော အချိန်များက ရေးဆွဲ အကောင်အထည်ဖော်ခဲ့သည့် ရေနက်ကွင်းစီမံကိန်း၊ ကြက်ဆူပင်များ စိုက်ပျိုးပြီး ကြက်ဆူပင်မှ လောင်စာဆီ ထုတ်လုပ်ရေး စီမံကိန်းများ၊ ဘာစီမံကိန်း ညာစီမံကိန်းများ။
        လမ်းစဉ်ပါတီခေတ် နေ၀င်ချိန်များမှာ လောင်စာရှာဖွေရေး စီမံကိန်းတွေမှ ရေနံတွေ မည်ရွေ့မည်မျှတွေ့ပြီး၊ မကြာမီတူးဖော်ပြီး နေ့ချင်းညချင်း မြန်မာတစ်နိုင်ငံလုံး သူဌေးဖြစ်တော့ မည့် အကြောင်းများကို ခေါင်းဆောင်ကြီး ကိုယ်တိုင် ပြည်သူလူထုကို မိန့်ခွန်းများ ပြောဆို ပြီးနောက် ဘာမျှဖြစ်မလာခဲ့။ ပြည်သူလူထုကြားမှာ ပြက်လုံး အသစ်များသာ ရရှိလိုက်၏။ ဘာရေနံထွက်သည့် အသံမျှ မကြားရတော့။ ထိုစီမံကိန်း အကြောင်းကိုလည်း နောက်ထပ် မပြောတော့။
        ထိုသို့ ဤသို့သော စီမံကိန်းများမှာ မအောင်မြင်တာက ပြောစရာတစ်ခု။ ထိုမျှမက၊ ပွင့်လင်းမြင်သာ မရှိတာက ပို၍ဆိုးဝါးသည့် ပြောစရာတစ်ခု။ စီမံကိန်းများ စတင်ချိန်မှာ အကြီး အကျယ် ပြောဆို၊ ကြေညာ ကြွားဝါနေသည်ကလည်း နောက်ပိုင်း မအောင်မြင်သည့်အခါ ပို၍ စိတ်ပျက်စရာ။ ဤမျှလောက် နိုင်ငံနှင့်ချီ၍ ပြောဆိုကြေညာပြီး နောက်ထပ် မည်သည့် သတင်းမျှ မထုတ်ပြန်တာကလည်း အစဉ်အလာလို ဖြစ်နေသည်။ မအောင်မြင်လျှင်လည်း မအောင်မြင်တော့ ကြောင်း၊ စီမံကိန်းများကို ဘယ်လို ပြောင်းလဲဆောင်ရွက်မည် ဖြစ်ကြောင်း မျှလောက်ကိုပင် မပြောတော့။ ရေငုံနှုတ်ပိတ်။
        ပြည်သူလူထုက အလွယ်တကူ မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပဲဟု ထင်လျှင်တော့ မှားပါမည်။ အကြီးအကျယ် လူထုလှုပ်ရှားမှုလို ကြွေးကြော်သံများနှင့် လုပ်ဆောင်ခဲ့သော စီမံကိန်း များမှာ အလွယ်တကူ မေ့ပျောက်ပစ်ဖို့ မဖြစ်နိုင်ပါ။
        မကြာသေးသည့်အချိန်က ကြက်ဆူပင် စီမံကိန်းများ ဆိုပါတော့။ ကြက်ဆူပင် စိုက်ပျိုးရေး စီမံကိန်းမှာ ပါဝင်စိုက်ပျိုးဖို့ လုပ်ငန်းရှင်များ၊ စီးပွားရေးသမားကြီးများ ရယူခဲ့သည့် မြေဧကမှာ ထောင်နှင့်ချီပြီး ရှိသည်ဟု သိခဲ့ကြားခဲ့ရဖူးသည်။ ယခုအချိန်မှာ ဘယ်လိုမှ သတင်း မထုတ်ပြန် သော်လည်း ကြက်ဆူပင် စီမံကိန်းဆိုတာ ဆက်လက် မလုပ်တော့ဘူးဆိုတာ သေချာနေသည့် စီမံကိန်း ဖြစ်နေပြီ။ ကြက်ဆူပင် စိုက်ပျိုးဖို့အတွက် ထောင်ပေါင်းများစွာသော မြေဧကများကို ဘာ စီမံကိန်းနှင့် ဘယ်လိုတွေ ဆက်လက် စိုက်ပျိုးကြမည်ဆိုတာကို မသိရတော့ပါ။ ထို့အတူပါပဲ၊ ရေနက်ကွင်း စီမံကိန်းတို့၊ ရာဘာစီမံကိန်းတို့ ဆိုသည်များမှာလည်း အောင်မြင်သည်လား၊ ဆက်လက် လုပ်ဆောင်နေသည်လား၊ စီမံကိန်း ပြီးဆုံးသွားပြီလား၊ စီမံကိန်း မရှိတော့ပြီလား၊ စီမံကိန်း ဖျက်သိမ်းလိုက်ပြီလား။ သာမန် ပြည်သူများအဖို့ မသိနိုင်တော့။ စီမံကိန်း စတင်စဉ်က ရုပ်မြင်သံကြားပေါ်မှာ၊ သတင်းစာများပေါ်မှာ ထပ်ခါတလဲလဲ ကျယ်ကျယ်လောင်လောင်နှင့် စတင်ခဲ့သော စီမံကိန်းများမှာ ဘယ်တုန်းကမှ မရှိဖူးသလို။ တိတ်တိတ်ဆိတ်ဆိတ်။
        ဒီလိုနှင့် စီမံကိန်းများ ရေးဆွဲလိုက် မအောင်မြင်လိုက်၊ မသိချင်ယောင်ဆောင်နေလိုက်၊ နောက်ထပ် စီမံကိန်းအသစ်များ ထပ်မံရေးဆွဲလိုက်၊ ကြေညာလိုက်၊ နောက်ထပ် နောက်ထပ် နောက်ထပ်။
        စီမံကိန်းများကို ရေးဆွဲခဲ့ကြသူတွေက တကယ်မကျွမ်းကျင်သည့် အတွက်ကြောင့်ပဲ သည်လို မအောင်မမြင် ဖြစ်နေကြရသည်လား၊ သို့မဟုတ် စီမံကိန်းများကိုက စတင်စဉ် ကတည်းက တကယ်အောင်မြင်ဖို့အတွက် မျှော်လင့်ထားတာ မဟုတ်ဘဲ၊ အခြား အခြားသော နိုင်ငံရေး ရည်ရွယ်ချက်၊ စီးပွားရေး ရည်ရွယ်ချက် စသည့် စသည့် အကြောင်းများကြောင့်လား ဆိုတာကတော့ မအောင်မြင်သော စီမံကိန်းများကို စနစ်တကျ လေ့လာကြည့်မှပဲ သိနိုင်မည် ထင်သည်။
        မအောင်မြင်သည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုသည်များမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟုတ်၊ ဖွံ့ဖြိုးတိုးတက်ရေးမှ လွဲလျှင် ကျန်တာအကုန်ပါသော အစီအမံ အခင်းအကျင်းများ ဖြစ်နေခဲ့တာကြောင့် ဖြစ်မည်ဟု ထင်ပါသည်။ ပြီးတော့ စီမံကိန်းများကို ရေးဆွဲချမှတ် ဖော်ဆောင် သူများမှာ နိုင်ငံရေးသမားများ မဟုတ်ကြ။ စီမံကိန်းများ ရေးဆွဲသည်ဆိုရာမှာ တကယ်နားလည် တတ်ကျွမ်းသော ပညာရှင်များ လိုအပ်သလို၊ တစ်နိုင်ငံလုံး၏အရေး၊ ပြည်သူတို့၏ အရေးနှင့် ယှဉ်တွဲ စေ့ငုအလေးထားမည့် နိုင်ငံရေးသမား လိုပါသည်။ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန် နိုင်ငံရေးသမားများကသာ ဘယ်လိုစီမံကိန်းကို ဘယ်ပုံ အကောင်အထည်ဖော်ကြမည် ဆိုတာကို အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်ပါသည်။ ပြည်သူ့ကိုယ်စားပြု နိုင်ငံရေးသမားများ မဟုတ်သူများက စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်သောအခါ ပြည်သူလူထု၏ သဘောထား၊ ပြည်သူ လူထု၏ အခန်းကဏ္ဍကို ဘယ်တုန်းကမှ မစေ့ငုကြ။ ပြည်သူလူထု ဘာဖြစ်ချင်သည်လဲ ဆိုတာကို ဘယ်တုန်းကမှ နားမလည်ကြ၊ နားလည်အောင်လည်း မကြိုးစားကြ။ အမျိုးသား စီမံကိန်း၊ စီမံကိန်းများ ဆိုသည်က ပြည်သူလူထု၏ သူ့ကဏ္ဍနှင့်သူ ပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်သည် ဆိုတာကို နားမလည်ကြ။ ပြည်သူလူထုကို ပါဝင်နိုင်အောင် မစဉ်းစားကြ။ ထို့ကြောင့်လည်း ပြည်သူတို့က စီမံကိန်းတွေဟာ ပြည်သူ့အကျိုးစီးပွား ဆိုတာထက် ကိုယ်ကျိုးစီးပွားကို အဓိကထားရေးဆွဲ အကောင်အထည်ဖော်ကြတာပါဟူ၍ ဝေဖန် ပြောဆိုသံများ ထွက်ပေါ်ခဲ့တာဖြစ်သည်။
        မည်သို့ပင်ဖြစ်စေ၊ စီမံကိန်းများရေးဆွဲ၊ အကောင်အထည်ဖော်၊ ကြွေးကြော်သံများ ကြွေးကြော်ရသည်တို့က တိုင်းပြည်ဘဏ္ဍာ မြောက်မြားစွာကို ပွန်းပဲ့ထိပါးစေတာ ဖြစ်သည်မို့ ယခုလို ပြည်သူ့ကိုယ်စားလှယ်များ နိုင်ငံရေးသမားများ ပါဝင် ဆွေးနွေးနေကြသည့် လွှတ်တော် များ ပေါ်ပေါက်နေချိန်မှာ ဆွေးနွေးမေးမြန်း ဆန်းစစ် ကြည့်သင့်သည်ဟု ထင်ပါသည်။ အနိမ့်ဆုံး အားဖြင့် နောင်ကိုသည်လို အမှားမျိုး ထပ်မံကျူးလွန်ဖို့ ခက်ခဲသွားမှာ ဖြစ်သည်။ စီမံကိန်းများကို ပြန်လည်စိစစ်၊ ဆန်းစစ်ခြင်းက မအောင်မြင်သော စီမံကိန်းများအစား အောင်မြင်သော စီမံကိန်း များ ပေါ်ပေါက်ရေးအတွက် ခြေလှမ်းသစ်များ ဖြစ်လာပါလိမ့်မည်။
        သို့မဟုတ်လျှင်တော့ ပြည်သူလူထုက စီမံကိန်းဆိုတာကို မကြားချင်ပါဘူး၊ လက်တွေ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကိုပဲ လုပ်ပြကြပါလို့ တောင်းဆိုနေတာ မလွန်လှပါ။
        သို့သော်လည်း တိုင်းပြည် ထူထောင်ရေး လုပ်ငန်းမှာ စီမံကိန်းဆိုတာက မပါလို့မရ။ လက်တွေ့ လုပ်ဆောင်ရမည့် လုပ်ငန်းများကို မဖြစ်မနေ ချက်ချင်း ဖြေရှင်းလုပ်ကိုင်ရမှာ ဖြစ်သလို ကြိုတင်ပြင်ဆင်ရသည့် စီမံကိန်း ရေးဆွဲရေးကိုလည်း လုပ်ကိုလုပ်ရမှာ ဖြစ်နေသည်။ ကြိုတင် ရေးဆွဲ စီမံပြင်ဆင်မှု မလုပ်ဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဖို့ ဆိုတာက မဖြစ်နိုင်။
        ပြီးတော့ အများပြည်သူနှင့် သက်ဆိုင်သော စီမံကိန်း များတွင် စကဘူငခ့ နမေငညါ ဆိုသော ပြည်သူကို တင်ပြအသိပေးပြီး ပြည်သူ့အမြင်ကို နားထောင်ရသည့် လုပ်ငန်းစဉ် တစ်ခု ရှိပါသည်။ ဒီလို ပြည်သူနှင့် ပွင့်လင်းမြင်သာ ရေးဆွဲ အကောင်အထည် ဖော်ခြင်းကသာ စီမံကိန်းများ အောင်မြင်ဖို့ နီးစပ်မှာ ဖြစ်ပါသည်။
        အချုပ်အားဖြင့် ဆိုရပါမူ၊ ဒီနေ့အချိန်မှာ နိုင်ငံရေးသမားများ တိုင်းပြည် ထူထောင်ရေးကဏ္ဍ အသီးသီးမှာ ပါဝင်လာနေသည်က မျှော်လင့်အားတက်စရာ ဖြစ်ပါသည်။ ခေတ်စနစ်များ တကယ် ပြောင်းပြီဆိုလျှင် ပြည်သူလူထုနှင့် အဆက်မပြတ်သော၊ ပြည်သူ့သဘောထားများ ပါဝင်သည့် အမျိုးသား စီမံကိန်းများကို နိုင်ငံရေးသမားများနှင့် နားလည်တတ်ကျွမ်းသော ပညာရှင်များ ပူးပေါင်းရေးဆွဲပြီး ပြည်သူလူထု ၀ိုင်းဝန်း ပါဝင်ကူညီကြခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း များ အကောင်အထည် ဖော်နိုင်မည်ဟု ယူဆမိပါကြောင်း။

၁ အောက်တိုဘာ  ၂၀၁၂
(အောက်တိုဘာ ၄/၂၀၁၂၊ အတွဲ ၃၊ အမှတ် ၁၁၄၊ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)

No comments:

Post a Comment