Thursday, October 18, 2012

ကျောက်ဖြူ၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ်များတွင်OICအားထပ်မံကန့်ကွက်ဆန္ဒထုတ်ဖော်မည်ကို ခွင့်ပြုလိုက်ခြင်း


Kyauk-pru-protester

ကျောက်ဖြူ၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့များတွင် OIC ရုံးဖွင့်လှစ်ခြင်းကို ထပ်မံဆန္ဒထုတ်ဖော်ရန် အတွက် ဒေသခံအာဏာပိုင်များက လူဦးရေ အကန့်အသတ်ဖြင့် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းဆန္ဒပြပွဲကို အောက်တိုဘာလ(၂၀)ရက်နေ့ နေ့လည် (၂)နာရီမှ (၄)နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး အာဏာပိုင်များက လူထုအင်အား (၂၀၀)ခန့်သာ ခွင့်ပြုထားကြောင်း သိရှိရသည်။
"အခု OIC ရုံးဖွင့်ခွင့်ကို အစိုးရက ခွင့်မပြုဘူးလို့ ရုပ်မြင်သံကြားမှာ ကြေငြာထားပေမယ့်။ OIC ကို တရားဝင်အကြောင်းကြားထားတွေမရှိသေးတဲ့အတွက် သူတို့ရုံးမစိုက်နိုင်တော့ဘူး ဆိုတဲ့ကိစ္စရပ်ဟာ ပြည်သူတွေအနေနဲ့ စိတ်မချရသေးတဲ့ အခြေအနေမှာဘဲရှိပါသေးတယ်။ ဒါကြောင့် ကျနော်တို့ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ဖို့ ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ တောင်ကုတ်မြို့နယ်သုံးခုက လူငယ်တွေနဲ့ တခြားလူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ ဒေသအာဏာပိုင်တွေဆီ စာတင်ထားတာ၊ အခု လူဦးရေအကန့်အသတ်နဲ့ ခွင့်ပြုလိုက်ပါတယ်။"ဟု ကျောက်ဖြူမှ ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံ အာဏာပိုင်များက လူဦးရေ (၂၀၀)ကန့်သတ်ထားသော်လည်း ဆန္ဒထုတ်ဖော်ပွဲသို့ ကျောက်ဖြူမြို့နယ် ကျေးရွာများမှလည်း လာရောက်ဆန္ဒထုတ်ဖော်လိုနေကြကြောင်း သိရှိရသည်။
ရခိုင်ပြည်အတွင်း ပဋိပက္ခများဖြစ်ပွားပြီးနောက် လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးရန်အတွက် ရန်ကုန်နှင့် စစ်တွေမြို့တွင် လာရောက်ရုံးစိုက်မည့် OIC အနေဖြင့် သွေးရိုးသားရိုး အကူအညီပေးခြင်းမဟုတ်ဟု မြန်မာနိုင်ငံပြည်သူများအနေဖြင့် ယုံကြည်၍ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လာခဲ့ရာ အောက်တိုဘာလ(၁၅)ရက်နေ့က မြန်မာနိုင်ငံတ၀ှမ်း မြို့နယ်တော်တော်များများတွင် ကြီးမားသော ဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ပြုလုပ်ခဲ့ကြပြီး ယခုလာမည့် စနေနေ့တွင်လည်း ကျောက်ဖြူ၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့တို့တွင် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်သည်။

မူရင်းသတင်း - arakantimes.net

No comments:

Post a Comment