Monday, October 22, 2012

လူမျိုးခြားများ ခိုးဝင်လာခြင်းကို ကာကွယ်ရန် နယ်စပ်ဒေသများတွင် Satellite ဂြိုလ်တုများသုံးပြီး စောင့်ကြည့်မည်

အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ ခိုးဝင်လာခြင်းကို ကာကွယ်ရန် အတွက်နယ်စပ်ဒေသများတွင် Satellite ဂြိုလ်တုများ အသုံးပြုကာ စောင့် ကြည့် သွားရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
“ဒါ့အပြင် လူမျိုးခြားတွေ ခိုးဝင်လာတာတွေကို ကာကွယ်ဖို့ လှည့်ကင်း၊ ရဲကင်းနဲ့ စောင့်ကြည့်အဖွဲ့တွေ ဖွဲ့စည်းသွားဖို့ အစီအစဉ်တွေလဲ ရှိတယ်။ စောင့်ကြည့်စနစ်ဆိုတာ မျိုးစုံရှိပါတယ်။ ရဲကင်းတွေ ထပ်မံတိုးချဲ့ဖို့နဲ့ လိုအပ်တဲ့ အင်အားဖြည့်ဆည်းမှုတွေကိုလဲ လုပ်ဆောင်သွားမှာပါ” ဟု ယင်းကဆက်လက် ပြောသည်။ ရခိုင်အရေးကိစ္စကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်မျဉ်း တစ်လျှောက်လုံးတွင် ဘော်ဒါကွန်ထရိုးကို စနစ်တကျ တည်ဆောက်သွားရန် လိုအပ်နေပြီဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။ “ဒီမိုကရေစီ လမ်းကြောင်း ဖြစ်လာတဲ့အတွက် လွတ်လွတ်လပ်လပ် သွားလာခွင့်လဲ ပြုရမယ်။ ဒီအထဲမှာ မသမာတဲ့သူတွေ မပါလာဖို့လဲ အရေးကြီးတယ်။ မပါလာအောင်လဲ တားဆီးရမယ်။ နိုင်ငံတကာမှာလဲ အရေးကြီးတဲ့ လုံခြုံရေးကိစ္စတွေမှာ အစိုးရအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်နေကြပါပြီ။ မြန်မာနိုင်ငံ အနေနဲ့လဲ ဒီလိုအရေးကြီးတဲ့ လုံခြုံရေးကိစ္စတွေမှာ နိုင်ငံတကာလိုပဲ Private Sector နဲ့ Public Sector ပူးပေါင်းဆောင်ရွက်ဖို့ လိုနေပါပြီ။ အခုလက်ရှိဆိုရင် လုံခြုံရေးကိစ္စတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ကိုယ့်တပ်ဖွဲ့နဲ့ကိုယ် လုပ်နေရတာပါ” ဟု နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဓိက Satellite ဂြိုလ်တုနဲ့ စောင့်ကြည့်ရမယ့် နေရာကတော့ ရခိုင်ပြည်နယ် မြောက်ဘက်အခြမ်းပဲ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ကနေ ဘင်္ဂါလီတွေ ခိုးဝင်လာတာ အများအပြားရှိတာကို သတိထားရမယ်။ အဲဒီဟာတွေကို အဓိကထားပြီး စောင့်ကြည့်ရမယ်။ တွေ့ရင် ထိထိရောက်ရောက် အပြစ်ပေးဖို့ လိုအပ်တယ်။ ဒီလိုမျိုး ခိုးဝင်လာတာတွေကိုလဲ ကမ္ဘာကသိအောင် ကြေညာရမယ်” ဟု ပြည်တွင်းဘူမိပညာရှင်တစ်ဦးက ပြောသည်။ အဆိုပါ Satellite ကို နယ်စပ်ဒေသများတွင် မကြာမီ တပ်ဆင်ရန် စီစဉ်နေကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment