Sunday, November 4, 2012

ရန်ကုန်တစ်မြို့လုံးရှိ အခြေအနေမဲ့တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်ရေးအထူးစီမံချက်ကို နှစ်ပတ်ကြာ ပြုလုပ်မည်


ရန်ကုန်တစ်မြို့လုံးရှိ အခြေအနေမဲ့များ၊တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်းရေးအထူးစီမံချက်ကို လာမည့်နို ၀င်ဘာလ ၅ ရက်နေ့မှစတင်၍ နှစ်ပတ်ကြာပြုလုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊လုံခြုံရေးနှင့် စည်းကမ်း ထိန်း သိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့တွင်း အခြေအနေမဲ့၊ တောင်းရမ်းစားသောက်သူနှင့် မိဘမဲ့လေလွင့်ကလေးများကို ရန်ကုန်မြို့ ရှိလမ်းဆုံမီးပွိုင့်များ၊ခုံးကျော်တံတားအောက်များတွင် အများဆုံးတွေ့ရှိထိန်းသိမ်းခဲ့ရပြီး ထိန်းသိမ်းခဲ့ရသည့်သူများအထဲတွင် ကလေးငယ်များ၊ လူကြီးများအပြင် အနာကြီးရောဂါဝေဒနာရှင်များ၊ဒုက္ခိတမသန်စွမ်းသူများ၊စိတ် ရောဂါရှိသူများနှင့် ကလေးငယ်အားရင်ခွင်ပိုက်ကာ တောင်းရမ်းနေသူများလည်း ပါဝင်ကြောင်းသိရသည်။
''အခြေအနေမဲ့သူတွေ၊ တောင်းရမ်းစားသောက်သူတွေ၊ မိဘမဲ့ လေလွင့်ကလေးငယ်တွေကို ဦးတို့အနေနဲ့ ဖမ်းတာမဟုတ်ပါဘူး။ ရန်ကုန် မြို့ကို အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်တဲ့နေရာမှာ လမ်းဆုံလမ်းခွနေရာတွေမှာ အမြင်မသင့်လျော်တာကြောင့် ထိန်းသိမ်းတာ ဖြစ်ပါတယ်။ ထိန်းသိမ်းခဲ့တဲ့သူတွေ ကိုဦးတို့ကနေတဆင့် လူမှုဝန်ထမ်းကို ပြန်အပ်ပြီးလူမှုဝန်ထမ်းကနေတဆင့် ယောက်ျားလေး၊ မိန်းကလေး၊ လူကြီးခွဲပြီး သက်ဆိုင်ရာသင်တန်းကျောင်းတွေ၊ စောင့်ရှောက်ရေးဌာနတွေကို ခွဲ ပြီးပို့တာဖြစ်ပါတယ်''ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ထိန်းသိမ်းခံရသူများအထဲတွင် မွေးစမှငါးနှစ်အထိကလေးငယ်များ ဖြစ်ပါက ရွှေဂုံတိုင်ရှိကလေးပြုစုရေးဌာန၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ (ကျား) များအားကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ၁၂နှစ်မှ ၁၆ နှစ်အထိ (ကျား)များအား သန်လျင်နှင့် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊  ၅ နှစ်မှ ၁၂ နှစ်အထိ(မ)များအား အမျိုးသမီးသက်ငယ်သင်တန်းကျောင်း၊ ၁၂ နှစ်မှ ၁၆ နှစ်အထိ(မ)များအား အမျိုးသမီးသက်မွေးသင်တန်းကျောင်း၊ အသက် ၁၈ နှစ်အထက်(ကျား၊မ) များအား ၀ါးနက်ချောင်းလူမှုစောင့်ရှောက်ရေးဌာန၊ ယင်းအထဲမှ စိတ်ရောဂါဝေဒနာရှင်များအား စိတ်ရောဂါဆေးရုံ၊ အနာကြီးရောဂါဝေဒနာရှင်များအား ရန်ကုန်ဆေးရုံကြီးအရေပြားဌာန၊ မျက်မမြင်ဆိုပါက မျက်မမြင် ကျောင်း၊မိသားစုကစွန့်ပစ်သောသက်ကြီးများအား တိုင်းလူမှုဝန်ထမ်းဌာနသို့လည်းကောင်း ပို့ဆောင်ပြီး အချို့ အယောင်ဆောင် တောင်းရမ်းစားသောက်သူများကို မွေးကင်းစမှ အသက် ၁၆ နှစ်အထိအား မိဘထံပြန်လည်အပ်နှံပြီး မိဘမရှိပါက လူမှု ၀န်ထမ်းသို့အပ်နှံကာ အသက် ၁၈ နှစ်အထက်ဖြစ်ပါက ဥပဒေအရအရေးယူရန်ရဲစခန်းသို့ လွှဲပြောင်းပေးကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း အခြေအနေမဲ့၊ တောင်းရမ်းသူများနှင့် မိဘမဲ့လေလွင့်ကလေးများထိန်းသိမ်းရေး စီမံချက်ကို ပုံမှန်ပြုလုပ်နေပြီး နိုဝင်ဘာ ၅ ရက်နေ့တွင်ပြုလုပ်မည့် အထူးစီမံချက်မှာ ယခုနှစ်အတွင်း ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ကာ ပထမအကြိမ်အထူးစီမံချက်ကို ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက တစ်ပတ်ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

thn-4-11-6
Eleven Media Group

No comments:

Post a Comment