Monday, November 19, 2012

ဆက်သွယ်ရေး ဥပဒေမူကြမ်း ကို ကန့်ကွက်စာ တင်မည်

ပြည်သူများ အကြားတွင် ဝေဖန်မှု များစွာ ဖြစ်ပေါ်နေသော ဆက်သွယ်ရေး ဥပဒေ မူကြမ်းနှင့် ပက်သက်ပြီး ရှေ့နေများ ကွန်ယက်က ကန့်ကွက်စာ တင်သွင်းသွားမည် ဖြစ်ကြောင်း ယင်းကွန်ယက် အဖွဲ့ဝင် တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်က The Voice Weekly သို့ ပြောကြား သည်။ ဆက်သွယ်ရေး ဥပဒေ မူကြမ်းတွင် ဥပဒေကို လိုသလို အဓိပ္ပါယ် ဖွင့်ဆို၍ ပြည်သူ များကို အပြစ် ပေးနိုင်သော အချက်အလက် များ
ပါရှိသဖြင့် ရှေ့နေများ ကွန်ယက် အစည်းအဝေး တွင် တင်ပြပြီး အများ သဘောဖြင့် ကန့်ကွက် သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။ “မူအားဖြင့်တော့ မကြိုက်ဘူး။” ဟု ၄င်းတို့၏ သဘောထားကို
ပြောပြသည်။


ရှေ့နေများ ကွန်ယက် အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးစိုးတင်ရီ

ကမူ ဆက်သွယ်ရေး ဥပဒေ မူကြမ်းတွင် ပြည်သူလူထု ၏ ဆက်သွယ်ရေး ဆိုင်ရာ အဝင်အထွက် များကို ချုပ်ကိုင်သည့် သဘောများ ပါဝင်

နေသည်ဟု ပြောဆို သော်လည်း အသေးစိတ် ပြောဆိုနိုင်ခြင်း မရှိပေ။ ၄င်းအပြင် ကန့်ကွက်စာ တင်မည့် အချိန်ကိုလည်း သတ်မှတ် ပြောဆိုခြင်း မရှိပေ။


လက်ရှိ ကြေငြာ ထားသော ဆက်သွယ်ရေး ဥပဒေ မူကြမ်းတွင် ၁၈၈၅ခုနှစ် မြန်မာ့ ကြေးနန်း အက်ဥပဒေ The Myanmar Telegraph (1885) နှင့် ၁၉၃၄ခုနှစ် မြန်မာ့ ကြိုးမဲ့ ကြေးနန်း အက်ဥပဒေ The Myanmar Wireless Telegraphy (1934) တို့ကို ဖျက်သိမ်း တော့မည်

ဖြစ်ကြောင်း ဖော်ပြ ထားသော်လည်း ယခင် အစိုးရများ လက်ထက်က အသုံး ပြုခဲ့သော အီလက်ထရွန်းနစ် အက်ဥပဒေ ကိုမူ လက်ရှိ အချိန်ထိ ဖျက်သိမ်းရန် ကြေငြာခြင်း မရှိသေးကြောင်း အိုင်တီ ပညာရှင်

ဦးရဲမြတ်သူက The Voice Weekly သို့ ပြောကြားသည်။


၂ဝဝ၇ ခုနှစ် လောင်စာဆီ ဈေးနှုန်း မြင့်တက်မှု ဆန္ဒပြပွဲ တွင် ပါဝင်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ပြန်လည် လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသား များတွင် အီလက်ထရွန်းနစ် ဥပဒေ ပုဒ်မ ၃၃ နှင့် ငြိစွန်းသည် ဆိုကာ အီးမေးလ် တစ်စောင် လျှင် ၁၅ နှစ်ဖြင့် ထောင်ချ ခံရသူများ ပါဝင်သည်။


ပြည်ထောင်စု လွှတ်တော်က နိုဝင်ဘာ ၇ ရက်နေ့တွင် ကြေငြာ ခဲ့သော ဆက်သွယ်ရေး ဥပဒေမူကြမ်း အခန်း ၁၉၊ အပိုဒ် ၆၀ တွင် “မည်သူမဆို ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင် ရာတွင ဖြစ်စေ၊ ဆက်သွယ်ရေး ပစ္စည်းကို သုံးသည် ဖြစ်စေ၊ အောက်ပါ ပြုလုပ်မှု တရပ်ရပ် ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား

ထောင်ဒဏ် အနည်းဆုံး ခုနစ်နှစ် မှ အများဆုံး တစ်ဆယ့်ငါးနှစ်
အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ဖော်ပြ ပါရှိသည်။
The Voice

No comments:

Post a Comment