Wednesday, November 21, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်တွင်းမီဒီယာများကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်၌ တွေ့ဆုံအမေရိကန်သမ္မတနှင့် တွေ့ဆုံစဉ် တောင်းဆိုချက်နှစ်ခု ပြောကြားခဲ့သည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

211
ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် တွေ့ရသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ- နေထွန်းနိုင်)
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးေ ဆွးနွေးပွဲ သို့  တက်ရောက် သတင်း ရယူခဲ့သည့် ပြည်တွင်းမီဒီယာ များ  တွေ့ဆုံခြင်းကို နိုဝင်ဘာလ ၂၁ရက်နေ့  နံနက် ၇နာရီ မိနစ် ၃၀
အချိန်ခန့်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ Cambodiana  ဟိုတယ်၌ ပြုလုပ်ခဲ့ပါ သည်။


အဆိုပါ တွေ့ဆုံပွဲ၌ နိုင်ငံတော် သမ္မတက  (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်း အဝေးများနှင့် စပ်လျဉ်းသော ကိစ္စ၊ အမေရိကန် သမ္မတ၏ ခရီးစဉ်၊ တရုတ်နိုင်ငံနှင့်
ဆက်ဆံရေး အစရှိသည်တို့ အပါအ၀င် အမေရိကန် သမ္မတနှင့် တွေ့ဆုံစဉ် တောင်းဆိုချက်နှစ်ခု တောင်းဆိုခဲ့သည်ဟု ပြောကြားခဲ့သည်။ တွေ့ဆုံပွဲ၌ အချိန် အခက် အခဲကြောင့် သတင်းထောက်များ အား မေးခွန်းမေးမြန်းခွင့် မပေးခဲ့ပေ။

အမေရိကန် သမ္မတ၏ ခရီးစဉ်မှာ သမိုင်းဝင် ခရီးစဉ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဘာကြောင့် သွားရောက်ရသနည်း ဆိုသည်ကို အမေရိကန် လွှတ်တော် အမတ်များမှာ ဖိအားပေးနေချိန်တွင် သမ္မတ အိုဘားမားအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောသည်။

"အိုဘားမားနဲ့ တွေ့ဆုံချိန်မှာ ကိုယ့် နိုင်ငံအတွက် အမြတ် ထွက်အောင် နှစ်ခု တောင်းဆိုခဲ့ပါတယ်။ တစ်ခုက ခင်ဗျား တွေ့တယ် မဟုတ်လား။ လေဆိပ်က ရန်ကုန်မြို့ကြီးကို ဖြတ်ပြီးတော့ လာတဲ့ အခါမှာ ဘေး ဘယ်ညာမှာ လူတွေက အကုန်လုံး ခင်ဗျားကို ၀မ်းသာ အားရနဲ့ ကြိုဆိုတဲ့ မြင်ကွင်းကို ခင်ဗျား တွေ့တယ်မလား။ ခင်ဗျား အဲဒီလူတွေရဲ့ မျက်နှာကို သတိ မထားမိလို့ ဖြစ်ချင်လဲ ဖြစ်မယ်။ ဒီပြုံးပျော်နေတဲ့ မျက်နှာတွေ အိုဘားမား မြန်မာနိုင်ငံကို မလာစဖူး ကြုံတောင့် ကြုံခဲ လာခဲ့တယ်။ တို့ ရန်ကုန်မှာ နေထိုင်ကြတဲ့ ပြည်သူ လူထုတွေ အတွက် အိုဘားမား ဘာများ လုပ်ပေးမလဲ ဆိုတဲ့ ဒီ မျှော်လင့်ချက်တွေကို ခင်ဗျား မမြင်လိုက်ဘူး ထင်တယ်လို့။ ဒါကို ခင်ဗျားကို ပြောပြ ချင်တယ်လို့။ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးဟာ ကိုလိုနီ လက်ထက် ကတည်းက
မြို့ဟောင်းကြီး ဖြစ်တယ်။ မြို့ဟောင်း ဖြစ်တဲ့ အတွက် လျှပ်စစ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဆင် မပြေမှုတွေ အများကြီးရှိတယ်။ နောက်တစ်ခါ လူဦးရေ ကလည်း ခြောက်သန်းကျော် ရှိတယ်။ ခြောက်သန်းကျော် ရှိတော့ ဒီမြို့မှာ သွားရေး လာရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အခက်အခဲတွေ ရှိနေတယ်။  နောက်တစ်ခါ ရေကောင်းရေသန့် ရရှိရေး၊ ရေဆိုးတွေ သန့်စင်ရေး၊ ဒီအပိုင်းတွေကလည်း ကျွန်တော်တို့မှာ အခက်အခဲတွေ ရှိနေတယ်။ ခင်ဗျား ရန်ကုန်ကို ရောက်တဲ့ အထိမ်းအမှတ် အနေနဲ့ ရန်ကုန်မြို့လူထုကို ဒီကိစ္စတွေမှာ ပြေလည်အောင် လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် ရန်ကုန်မြို့လူထုက ခင်ဗျားကို ပိုပြီးတော့ ချစ်မှာပါ ဆိုပြီး ပြောလိုက်တာ သူ တော်တော်လေး သဘောတွေ့ သွားပုံရပါတယ်။ ကျွန်တော် ထင်ပါတယ်။ ခေါင်းတော့ မငြိမ့်ပေမယ့် လည်း အောက်က လူတွေက အကုန်မှတ်တော့ မှတ်တမ်းတော့ ၀င်သွားမယ်လို့ ထင်ပါတယ်" ဟု နိုင်ငံတော် သမ္မတက ပြောပြသည်။

အမေရိကန် သမ္မတသို့ တောင်းဆိုခဲ့သော ဒုတိယ အချက်မှာ ရန်ကုန်-မန္တလေး အဝေးပြေးလမ်း အဆင့်မြှင့်တင်ရေး အတွက် ဖြစ်ကြောင်း သိရသည်။

"နောက် တစ်ခုကတော့ ကျွန်တော်တို့ လူငယ်ပိုင်းလောက်ပဲ ရှိပါမယ်။ သမ္မတကြီး Eisenhower လက်ထက်မှာ မြန်မာနိုင်ငံ ရန်ကုန်နဲ့ မန္တလေးကို အဝေးပြေး လမ်း ဖောက်ပေးဖို့ အစီအစဉ် လေးတွေ ရှိခဲ့ ဖူးပါတယ်။ သို့သော်လည်း အကြောင်းကြောင်းကြောင့် ဒီအဝေးပြေးလမ်းမကြီးက ဖောက်မပေး ဖြစ်ခဲ့ဘူး။ ဟိုတုန်းက ခင်ဗျားတို့ သမ္မတကြီး ဒီလိုပဲ အစီအစဉ် ရှိခဲ့တယ်။ သို့သော်လည်း အကြောင်းကြောင်း တွေကြောင့် ပျက်ခဲ့တယ်။ အဲဒီတော့ အကြောင်းကြောင်းတွေကြောင့် ပျက်သွားတဲ့ အဝေးပြေး လမ်းကြီးကို ကျွန်တော်တို့ ဖောက်ထားပြီ။ သို့သော်လည်း လမ်းကတော့ လမ်းကြမ်း အဆင့်ပဲ ရှိသေးတယ်။ ဒီမှာလည်း နည်းပညာပိုင်းက ခင်ဗျားတို့လောက် ခေတ်မမီဘူး။ ခေတ်မမီတော့ အက်ဆီးဒင့်တွေက ခဏ ခဏ ဖြစ်တယ်။ ယာဉ်တွေ ခဏ ခဏ တိမ်းမှောက်တယ်။ လူတွေရဲ့ အသက်တွေကလည်း ဆုံးရှုံးကြ၊ ပြုကြ။ ဒီလမ်းကြီးကို ခင်ဗျားတို့များ ပြုပြင်ပေးရင် သိပ်ကောင်းမှာပဲ။ အဆင့်မြှင့်ပေးဖို့ ဒါလေးတွေ ကျွန်တော်တို့ တောင်းလိုက်ပါတယ်"နိုင်ငံတော် သမ္မတက ပြောခဲ့ပါသည်။
213
နိုင်ငံတော် သမ္မတနှင့် ပြည်တွင်း မီဒီယာများ တွေ့ဆုံပွဲ (ဓာတ်ပုံ- နေထွန်းနိုင်)


"ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေက သူတို့လို ချမ်းသာကြွယ်ဝတဲ့ နိုင်ငံအတွက် ဘာမှ ပြောပလောက်မှာ မဟုတ်ပါဘူး။ သို့သော်လည်း ကိုယ့်နိုင်ငံအတွက် ပြောခဲ့ပြုခဲ့ တောင်းခဲ့တာတွေ ရှိပါတယ်"ဟု နိုင်ငံတော် သမ္မတက ဆက်လက် ပြောကြားသည်။

အမေရိကန်နှင့် ဆက်ဆံရေးကြောင့် တရုတ်၊ အိန္ဒိယတို့နှင့် ဆက်ဆံရေး ပျက်ယွင်းမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတက ပြောပါသည်။

"အမေရိကန်နဲ့ ဆက်ဆံရေး ကြောင့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ ဘယ်လိုဖြစ်သွားမလဲ ဆိုတာ တစ်ချို့လည်း စိုးရိမ်တာတွေ ရှိပါတယ်။ တရုတ်နိုင်ငံက ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်း နိုင်ငံ ဖြစ်ပါတယ်။ နယ်နိမိတ်ချင်းကလည်း ကီလိုမီတာ ၂၀၀၀ လောက် ကျွန်တော်တို့ ဆက်စပ် နေပါတယ်။  အစိုးချင်းသာ မကပါဘူး။ နိစ္စဓူဝ နယ်စပ် တစ်လျှောက်မှာလည်း ပြည်သူ အချင်းချင်းက ကူးလူး ဆက်ဆံမှု အမြဲတန်း ရှိနေပါတယ်။ ကျွန်တော်တို့ အတွက် တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံ တို့ဆိုတာ  ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ ဒီနိုင်ငံတွေက ကြွယ်ဝ ချမ်းသာတာနဲ့ အမျှ သူတို့ရဲ့ ပိုလျှံ မှုတွေက ကျွန်တော်တို့ နိုင်ငံကို အကျိုးသက် ရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး၊ နောက်ပြီးတော့ အိန္ဒိယ နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ဘာမှ ပြောင်းလဲ တာမျိုး ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မူဝါဒတွေ အရလည်း ဒီအစိုးရသစ် တက်လာတဲ့ အခါ ဒီ အရှေ့နိုင်ငံရယ်၊ အနောက်နိုင်ငံရယ် မခွဲခြားဘဲ အားလုံးနဲ့ သင့်တင့် မျှတအောင်၊ အားလုံးနဲ့ ရင်းနှီး ချစ်ခင်အောင် ဆက်ဆံ သွားမယ်။ ဒီလို ဆက်ဆံခြင်း အားဖြင့် ကိုယ့်နိုင်ငံ အတွက် ရသင့် ရထိုက်တဲ့ အကျိုး စီးပွားတွေကို ရအောင်လုပ်မယ် ဆိုတဲ့ ဒီမူဝါဒနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါသည်။

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများတွင် ဒေသဆိုင်ရာ ပိသုကာ အပြောင်းအလဲများ၊ အာဆီယံ၏ စီးပွားရေးအပေါ် အမေရိကန်နိုင်ငံ၏ အနောက်ဘက်မှ အရှေ့ဘက်သို့ ရွေ့လာခြင်းများ၊ တောင်တရုတ် ပင်လယ် အရေးကို ငြိမ်းချမ်းစွာ အဖြေရှာရေးနှင့် ကိုရီးယား ကျွန်းဆွယ် တည်ငြိမ် အေးချမ်းရေး၊ အာဆီယံ စီးပွားရေး ရှင်သန် တိုးတက်ရေးနှင့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

212
ပည်တွင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် တွေ့ရသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ- နေထွန်းနိုင်)

ထို့အပြင် ရခိုင်အရေးသည် လူမျိုးရေးနှင့် ဘာသာရေးကြောင့် ဖြစ်ပေါ်လာရသော ပဋိပက္ခ မဟုတ်ဘဲ အကျည်းတန်သော ရာဇ၀တ်မှု တစ်ခုကို အခြေခံပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခ ဖြစ်ကြောင်း၊ ပြည်တွင်းမှ လူမျိုးစွဲ ဘာသာသာစွဲ ရှိသူများ၊ အဆိုးဆုံးအနေဖြင့် ပြည်ပမှ သွေးထိုးမှုများကြောင့် ကြီးမားကျယ်ပြန့်စွာ ဖြစ်ပေါ်လာရသည့် ပဋိပက္ခဖြစ်ကြောင်းကို အာဆီယံခေါင်းဆောင်များအား တင်ပြနိုင်ခဲ့ကြောင်း နိုင်ငံတော် သမ္မတက ဆက်လက် ပြောပါသည်။

"ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွက် ဘာအကျိုးအမြတ် ရလိုက်သလဲဆိုရင် ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်းသိအောင် ရှင်းပြနိုင်တဲ့ အခွင့်အရေး ရခဲ့တယ်။ နောက်ပြီး မြန်မာနိုင်ငံ အပေါ်မှာ ထောက်ခံမှုတွေ အများအပြား ရခဲ့ပါတယ်။ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျား အပါအ၀င် အမေရိကန် ကိုယ်တိုင်က မြန်မာနိုင်ငံအပေါ် အသိအမှတ်ပြု ထောက်ခံခဲ့ကြပါတယ်”ဟု နိုင်ငံတော် သမ္မတက ပြောခဲ့ပါသည်။

နိုင်ငံတော် သမ္မတနှင့် ပြည်တွင်း မီဒီယာများ၏ တွေ့ဆုံမှုမှာ မိနစ် (၃၀) ခန့်ကြာမြင့်ခဲ့ပြီး နိုင်ငံတော်သမ္မတသည် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့် အချိန်တွင် ကမ္ဘောဒီးယား နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရပါသည်။ (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများကို နိုဝင်ဘာလ (၁၅) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
From -EMG

No comments:

Post a Comment