Monday, November 26, 2012

နှစ်ရက်လုပ် တစ်ရက်နား ကြီးပွားနိုင်ပါ့မလား


နှစ်သစ်ကူး မဟာသင်္ကြန် ရုံးပိတ်ရက် ၁၀ ရက်မှာ များနေသဖြင့် ပြန်လျှော့ သင့်ပါကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက လွှတ်တော်တွင် အဆို တင်ခဲ့ ဖူးပါသည်။ သို့ရာတွင် သမ္မတရုံး ဝန်ကြီး ဦးစိုးမောင်က ပြန်လျှော့ရန် အစီအစဉ် မရှိပါကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။ ၂၀၁၃ ခုနှစ် ပြက္ခဒိန်ပါ ရုံးပိတ်ရက်များကို ရေတွက်ကြည့်ရာ စုစုပေါင်း ၁၁၉ ရက်ရှိသည်။ ပြက္ခဒိန်တွင် ကြိုတင် ဖော်ပြ မထားသည့် ဘက္ကဒီး အစ်နေ့နှင့် ဒေပါဝလီနေ့ များသည် စနေ၊ တနင်္ဂနွေ မဟုတ်ခဲ့ပါ က တစ်နှစ်အတွင်း ရုံးပိတ်ရက် စုစုပေါင်း ၁၂၁ ရက် ရှိမည်ဖြစ်ပါ သည်။


တစ်နှစ်တွင် ၃၆၅ ရက်၊ ရုံးပိတ်ရက်က ၁၂၁ ရက် ဆိုတော့ နိုင်ငံတော် ဝန်ထမ်း အများစုမှာ နှစ်ရက်လုပ်၊ တစ်ရက်နားသူများ ဖြစ် နေကြတော့သည်။ (ရုံးပိတ်ရက်တိုင်းတွင် နားခွင့် မရသူများမှာ ဝန်ထမ်း အနည်းစုသာဖြစ်သည်။) ပုဂ္ဂလိက လုပ်ငန်း အများစုမှာတော့ တနင်္ဂနွေ တစ်ရက်သာ နားရက် ရှိသည်။ စနေနေ့ကို ရုံးပိတ်ပေးသော ကုမ္ပဏီ၊ လုပ်ငန်းတို့မှာ အနည်းစုသာဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂလိက လုပ်ငန်း အများစု၏ တစ်နှစ် ရုံးပိတ်ရက်မှာ တစ်နှစ်လျှင် ၆၉ ရက်သာရှိသည်။ ငါးရက် လုပ်လျှင် တစ်ရက်နားရသည်။

အစိုးရ ဝန်ထမ်း အများစုမှာ နှစ်ရက်လုပ်၊ တစ်ရက် နားသည့် အပြင် အလုပ်လုပ်သည့် နှစ်ရက် မှာလည်း ဘယ်လို အလုပ်လုပ်ကြ ပါသလဲ။ ရုံးချိန်က မနက် ၉း၃၀မှ ညနေ ၄း၃၀ အထိ။ ရုံးတက်ချိန် ၉း၃ဝ ဆိုသော်လည်း မနက် ၉း၃ဝ အချိန်မှန် ရုံးရောက်သူ ခပ်ရှားရှား။ ရောက်လာပြန်တော့လည်း ဟိုယောင်ယောင်၊ ဒီယောင်ယောင်နှင့် ၁၀ နာရီ ထိုးပြန်ရော။ တော်ကြာ ထမင်းစားချိန် ရောက်ပါတော့သည်။ ရုံးဆင်းချိန် ညနေ ၄း၃၀ နာရီ ဆိုသော်လည်း ညနေ ၄ နာရီဆိုလျှင် ပြန်ဖို့ အဆင်သင့် ဖြစ်နေပြီ။ အလုပ် လက်စသိမ်း ကြပါတော့သည်။ ဝန်ထမ်း အားလုံးကို မဆိုလိုပါ။ ပုဂ္ဂလဓိဋ္ဌာန် ရည်ညွှန်းခြင်းလည်း မဟုတ်ပါ။ အမိ မြန်မာနိုင်ငံ တိုးတက် ကြီးပွားစေလိုသော စေတနာ သက်သက်ဖြင့် တင်ပြခြင်းသာ ဖြစ်ပါသည်။

ဌာနဆိုင်ရာများ သို့ ဝင်ထွက်သွားလာ ဖူးကြသူများ တွေ့ထိ ခံစားဖူးပါသည်။ ရုံးကို အစောကြီးသွား၊ မိုးချုပ်မှ ပြန်သော ဝန်ထမ်းများလည်း ရှိပါသည်။ ထိုပုဂ္ဂိုလ်များကတော့ က.ည.န၊ လ.ဝ.က၊ ပြည်တွင်း အခွန်နှင့် အလားတူဌာနတို့မှ ဝန်ထမ်းများ ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ် များ အဘယ်ကြောင့် ကြိုးစား နေကြသည်ကိုတော့ အများပြည်သူတို့ သဘောပေါက်ကြပြီး ဖြစ်ပေလိမ့်မည်။

ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်နှိုင်းယှဉ်ဖို့ မဆိုထားနှင့်။ နယ်ခြားမျဉ်း ဆက်နေသော အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် ဖွံ့ဖြိုးမှုတွင် အနှစ်နှစ်ဆယ် ခန့်စာမျှ နောက်ကျ ကျန်နေသော မြန်မာနိုင်ငံဟု စာနယ်ဇင်း ဆရာတို့က ရေးသား နေကြသည်။ ရှက်ဖို့လည်းကောင်း သည်။ ဝမ်းနည်းဖွယ်ရာလည်း ဖြစ်သည်။ နှစ်ရက်လုပ် တစ်ရက်နား နှင့် ဆိုလျှင်ဖြင့် အိမ်နီးချင်း နိုင်ငံများပင် မီအောင် လိုက်နိုင်ပါ့မလား။

"အတော့်ကိုပြဲအောင် လုပ်မှ တော်ကာ ကျမည်"ဟု ဗိုလ်ချုပ် အောင်ဆန်းက ခပ်ကြမ်းကြမ်း ပြောခဲ့သည်ကို ဗိုလ်ချုပ် မိန့်ခွန်းနားထောင် ခဲ့ဖူးသူများ သတိတရ ရှိနေကြပါသေးသည်။

ဆရာချစ်နိုင်(စိတ်ပညာ)၏ ဆောင်းပါးတစ်ပုဒ်မှ ကျွန်တော် မှတ်မိသမျှကို ဖော်ပြလိုပါသည်။ မျက်စိအထူးကု ဆရာဝန် ဒေါက်တာ ရဲနိုင် စင်ကာပူရှိ ဆေးရုံကြီး တစ်ရုံပေါ်တွင် လမ်းလျှောက်နေစဉ် သူ့ နာမည်ကို ခေါ်နေသော အမျိုးသမီး တစ်ဦး၏ အသံကိုကြားရသည်။ သူလှည့်ကြည့်လိုက်သည်။ ခေါ်နေသော အမျိုးသမီးကို သူမသိပါ။ သို့သော် သူ့ကိုခေါ်နေတာ သေချာသဖြင့် ရပ်စောင့်နေပြီး သူ့ကို ဒေါက်တာရဲနိုင်မှန်း မည်သို့ သိရှိပါကြောင်း မေးမြန်းလိုက်သည်။

ထိုအမျိုးသမီးမှာ မြန်မာနိုင်ငံတွင် မ.ဆ.လ ခေတ်က ဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးသူ ဦးစိန်ဝင်း(အငြိမ်းစား ဗိုလ်မှူးချုပ်)၏သမီးဟုဆိုပါ သည်။ ဆရာဝန် တစ်ဦးဖြစ်ပြီး အဆိုပါ စင်ကာပူ ဆေးရုံတွင် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ ဒေါက်တာရဲနိုင်မှန်း မည်သို့ သိရှိကြောင်း အမျိုးသမီး ဆရာဝန် ၏အဖြေကို ဖတ်ကြည့်ပါ။

"ဆရာ့နံဘေးမှာ လမ်းလျှောက်နေသူတွေကို ကြည့်လိုက်လေ။ အကုန်လုံးက သုတ်သုတ်ပျာပျာတွေ ချည်းပဲ။ ဆရာတစ်ယောက်ပဲ အေးအေးဆေးဆေး လျှောက်နေတာ ရှိတယ်။ ဆရာ ဒီဆေးရုံလာမယ် ဆိုတာလည်း မနေ့က သတင်းစာမှာ ကျွန်မဖတ်ရတယ်။ အဲဒီတော့ ဆရာ့မျက်နှာကို မမြင်ရပေမယ့်၊ ဆရာ့ကို မသိပေမယ့် လမ်းလျှောက် နေပုံကြည့်တာနဲ့ ဆရာဟာ မြန်မာပြည်က ဒေါက်တာ ရဲနိုင်မှန်း ကျွန်မ သေချာပေါက် သိတယ်လေ"

၁၉၆၅ ခုနှစ်တွင်မှ လွတ်လပ်သော နိုင်ငံဖြစ်ခဲ့သည့် စင်ကာပူ၊ သဘာဝ သယံဇာတ အလွန်ရှားသော စင်ကာပူ (ရေတောင် မလေးရှား နိုင်ငံထဲမှ ဝယ်ရသတဲ့)၊ ရန်ကုန်မြို့၏ လူဦးရေမျှပင် မရှိသည့် စင်ကာပူ။ သူ့ကို ကျွန်တော်တို့ မော်ကြည့်နေရပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ အလုပ်မလုပ်လို့။ ထို့ပြင် အလုပ်လုပ်ပုံ နေရာ မကျလို့ ဆိုတာ သေချာနေပါသည်။

အစိုးရ ဝန်ထမ်း အများစုက နှစ်ရက်လုပ် တစ်ရက်နားသည်။ ပုဂ္ဂလိက ဝန်ထမ်း အများစုက ငါးရက်လုပ် တစ်ရက်နားသည်။ အစိုးရ ဝန်ထမ်းက ယောင်ဝါးဝါး လုပ်လို့ရသည်။ ပုဂ္ဂလိက ဝန်ထမ်းက ယောင်ဝါးဝါး လုပ်လို့မရ။ အလုပ်ချိန်နှင့် လုပ်အား ကွာသလို ဝင်ငွေ ချင်းလည်း ကွာပါသည်။ အစိုးရဝန်ထမ်း အများစုက အလုပ်ကို ကြိုးစားပမ်းစား မလုပ် သလို ဝင်ငွေလည်း ထိုက်တန်အောင် မရကြပါ။ မလုပ်လို့မရ၊ မရလို့ မလုပ်၊ ဂျာအေး သူ့အမေရိုက် ဖြစ်နေသည်။ ကြာလာတော့ အချိန်တွေ အလဟဿ ဖြစ်ပြီး တိုင်းပြည်နစ်နာသည်။ ဝန်ထမ်းတွေ၏ အကျင့် စရိုက် ပျက်ပြားလာသည်။ ထိုမှ တစ်ဆင့် တစ်နွယ်ငင် တစ်စင်ပါ လာဘ်ပေး လာဘ်ယူတွေ၊ အကြံအဖန်တွေ ဖြစ်လာတော့သည်။

နိုင်ငံတော်ကို ဖွံ့ဖြိုး တိုးတက်စေချင်သည်၊ သူများနှင့် တန်းတူ လိုက်စေချင်သည် ဆိုလျှင်တော့ သူများလိုပဲ စည်းကမ်းရှိမှ ဖြစ်မည်။ ကြိုးစားမှဖြစ်မည်။ ရိုးသား၊ ကြိုးစား၊ နိုးကြား၊ စည်းကမ်း ရှိကြမှ လူတန်းစေ့မည်ဖြစ်ပါသည်။ ဝန်ထမ်းတွေကို တန်အောင်ခိုင်းချင်လျှင် တန်အောင်ပေးဖို့ လည်း လိုလာပါသည်။ ဝန်ထမ်းများကို တန်အောင်ခိုင်း၊ တန်အောင် ပေး၊ စည်းကမ်းကောင်းအောင် ထိန်းခြင်းသည် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဖြစ်မနေ လှမ်းရမည့် ပထမဆုံး ခြေလှမ်းများ ဖြစ်သင့်သည်။ တန်အောင် မပေးသေးသရွေ့တော့ မလောက်လို့ ဆိုသော ဆင်ခြေပေးကာ ရေသာခိုမြဲ ခိုမည်။ လာဘ်စားမြဲ စားနေမည်သာ ဖြစ်သည်။ တန်အောင်ခိုင်း၊ တန်အောင်ပေး၊ လူပိုတွေဖြုတ်၊ ခေါင်းဆောင်တွေက နမူနာ လုပ်ပြ၊ စည်းကမ်းဖောက်သူ အရေးယူ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို လုပ်ကြမှသာ တိုးတက် ဖွံ့ဖြိုးသော နိုင်ငံတော်အဖြစ်သို့ မျှော်မှန်း နိုင်ပါမည်။

နှစ်ရက်လုပ်၊ တစ်ရက်နား ယောင်ဝါးဝါးနှင့်တော့ ကြီးပွား လမ်း အလှမ်းဝေး နေဆဲပါဟုပင် ဆိုပါရစေ။
from -TheVoiceWeekly

No comments:

Post a Comment