Friday, November 16, 2012

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ လုံးခင်းအုပ်စု ငါးမိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ် အချုပ်သား (၂) ဦးသေ



ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ လုံးခင်းအုပ်စု ငါးမိုင်ကျေးရွာ အနီးတွင် နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက် (၁၀း၀၀) နာရီခန့်က ဖားကန့်မြို့မှ နိုင်ငံတော်အစိုးရ ဘဏ္ဍာငွေနှင့် အချုပ်သား (၁၈၆) ဦး တင်ဆောင်လာသော ယာဉ်တန်းမှာ ကေအိုင်အေလက်နက်ကိုင်များ၏
ပစ်ခတ်ခြင်းခံရပြီး အချုပ်သား (၂) ဦးသေဆုံးကာ အချုပ်သား (၁၄) ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
“အစိုးရ ဘဏ္ဍာငွေတွေက မြစ်ကြီးနားဗဟိုဘဏ်ကို ပို့ဖို့ပါ။ အခုလို အပစ်အခတ်ခံရပေမဲ့ ဆုံးရှုံးမှုတော့ မရှိပါဘူး။ အချုပ်သားတစ်ဦးကတော့ အပစ်ခံရတဲ့နေရာမှာတွင်ပဲ ပွဲချင်းပြီးသေဆုံးသွားပြီး နောက်အချုပ်သား တစ်ဦးကတော့ ကားမိုင်းဆေးရုံရောက်မှ ဆုံးသွားတာပါ။ အစိုးရ၀န်ထမ်းတွေကတော့ ဒဏ်ရာရမှု မရှိပါဘူး။ လက်နက်ကြီးတွေနဲ့ အပစ်ခံရတာတော့ မရှိပါဘူး။ အချုပ်သားတွေကတော့ မိုးညှင်းအချုပ်ကို ပို့မှာပါ” ဟု အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဖားကန့်ဒေသတွင် နိုဝင်ဘာလ (၁၄) ရက် ည (၁၂း၂၂) အချိန်တွင် ဖားကန့်ဒေသ၊ မော်ဝမ်းဗျူဟာကုန်းနှင့် ကေအိုင်အေတို့ တပ်စွဲထားသော လမောင်ကုန်းကျေးရွာတို့တွင်  အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ၊ ဒဏ်ရာရသူများမရှိခဲ့ဟု သိရသည်။ ဖားကန့်ဒေသအတွင်းတွင် စက်တင်ဘာ၊ အောက်တိုဘာလများအတွင်း တပ်မတော်နှင့် ကေအိုင်အေကြား အပစ်အခတ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အရပ်သားများမှာ တိုက်ပွဲအတွင်း သေဆုံးခြင်း၊ မိုင်းနင်းမိခြင်း စသည်တို့ကြောင့် သေဆုံးသူဦးရေ အများအပြားရှိခဲ့ပြီး နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ကျဆုံးသူများရှိခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

Eleven

No comments:

Post a Comment