Wednesday, November 21, 2012

မီးလောင်ပျက်စီးသွားသော နေအိမ်ခြံဝင်းများကို ကျူးကျော်ဝင်ရောက်ပါက ထိရောက်စွာ အရေးယူမည်ဟု ရခိုင်ပြည်နယ်အစိုးရမှ ထုတ်ပြန်



ရခိုင်ပြည်နယ်အတွင်း မီးလောင်သွားသော နေအိမ်နေရာများ၊ ပျက်စီးသွားသော နေအိမ်နေရာများနှင့် ခြံဝင်းများအတွင်း ကျူးကျော်ခြင်းမပြုလုပ်ရန် ထုတ်ပြန်ထားရှိကြောင်းနှင့် ကျူးကျော်သူ များ တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရှိရပါသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် နေအိမ်များမီးလောင်သွားခြင်း၊ ပျက်စီး သွားခြင်းများရှိခဲ့ရာ လက်ရှိအနေအထားတွင် ထိုနေရာများတွင် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် မည်သူမှမကျူးကျော်ရန် တားမြစ်ထားသည့် ဆိုင်းဘုတ်များ ရေးထိုးထားသည်ကို တွေ့ရှိရပါသည်။
သို့သော် အချို့ဒေသခံများသည် မီးလောင်ပျက်စီးနေရာများတွင် နေအိမ်များ၊ အဆောက်အအုံများအား အသစ်ဆောက်လုပ်ရန် ကြိုးစားနေခြင်းများနှင့် ပြင်ဆင်နေခြင်းများရှိလာကြောင်း သိရသည်။
ထို့အပြင် မြေနေရာများကို ကျူးကျော်တိုးချဲ့ကာ ခြံခတ်ခြင်းများနှင့် နေအိမ်များတွင် ခွင့်ပြုချက်မရှိဘဲ နေထိုင်ခြင်းများကိုလည်း တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။
“မီးလောင်ပျက်စီးသွားတဲ့ နေရာတွေမှာ ဘယ်သူမှ ကျူးကျော်လို့မရဘူး။ စည်ပင်သာယာရေး ဥပဒေအရ အရေးယူသွားမှာပါ။ ပြည်နယ်အစိုးရအနေနဲ့ ဒီကိစ္စကို နောက်မှဖြေရှင်းသွားမှာ ဖြစ်တာကြောင့် တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမှာပါ။ ဘယ်လိုကျူးကျော်သည်ဖြစ်စေ အရေးယူသွားမှာပါ” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဥပဒေရာရှိချုပ် ဦးလှသိန်းက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထိုသို့ ရခိုင်ပြည်နယ်အနှံ့အပြား ပဋိပက္ခများ ဖြစ်ပွားခဲ့ရာတွင် မီးလောင်ခြင်းများရှိခဲ့ရာ ထိုနေရာများတွင် လက်ရှိအချိန်ထိ မည်သူကိုမှ နေထိုင်ခွင့်၊ အဆောက်အအုံ ဆောက်လုပ်ခွင့်များ ပေးထားခြင်း မရှိသေးကြောင်း၊ ကျေးရွာများနှင့် ရပ်ကွက်များ အစရှိသည့် နေရာများအားလုံးကို ပြည်နယ်အစိုးရက သတ်မှတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထို့အပြင် စည်ပင်သာယာရေးမှလည်း ခွင့်ပြုပေး၍ မရနိုင်ကြောင်းနှင့် နေထိုင်ရေးခွင့်ပြုချက်များ ရရှိလာအောင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီမံကိန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်သွားမည်ဖြစ်ကြောင်း၊  ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Eleven Media Group

No comments:

Post a Comment