Monday, November 12, 2012

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းတစ်လျှောက် မှောင်ခိုကုန်သွယ်မှုများ စတင်ဖမ်းဆီး ယာဉ်ကြီးယာဉ်ငယ် အစီးရေ ၃၀၀ နီးပါးကို စစ်ဆေးရာ တရားမ၀င် ကုန်စည်မျိုးစုံ ဖမ်းမိကြောင်း ထုတ်ပြန်


866

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းတစ်လျှောက်တွင် မှောင်ခိုလျော့ ကျစေ ရန် ဖွဲ့စည်းထားသည့် Mobile-Team  အဖွဲ့မှ မှောင်ခိုကုန်သွယ်မှု များအား နိုဝင်ဘာလ ၁ ရက်နေ့မှစကာ ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။ထိုသို့ဖမ်းဆီးရာတွင် ၄ ရက်အတွင်း ဂျူတီယာဉ်ကြီး၊
မှန်လုံ၊ Light Truck နှင့် Hiace ယာဉ်ငယ်စုစုပေါင်း အစီး ၃၀၀ နီးပါးအား စစ်ဆေးခဲ့ရာ တရားမ၀င်ကုန်သွယ်လာသည့် ကုန်စည်မျိုးစုံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဓိကအားဖြင့် အရည်အသွေး မစစ်ဆေးရသည့် စားသောက်ကုန်များ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် နိုဝင်ဘာလ ၁ ရက် နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မှာ ပညာပေးကာလ အနေဖြင့် ဖမ်းဆီးခြင်းဖြစ်ရာ ဖမ်းဆီးရမိသောကုန်စည်နှင့် တရားမ၀င် ကုန်သွယ်မှုပြုလုပ် သူများအား ဥပဒေအရ အရေးယူခြင်း မပြုလုပ်ဘဲ ကုန်စည်များအပေါ်တရားဝင် လိုင်စင်ပြုလုပ်ကုန်သွယ်ရန် အတွက်သာ ပညာပေး အရေးယူခြင်း ဖြစ်ကြောင်း သိရသည်။
“နိုဝင်ဘာလ ၁ ရက်နေ့က စပြီး မူဆယ်-မန္တလေးလမ်းကြောင်း ပေါ်မှာ စပြီး ဖမ်းဆီးပါတယ်။ ဖမ်းဆီးမယ့် အကြောင်းကိုလည်း ပြည်သူကို ကြိုတင်အသိပေးခဲ့ပါတယ်။ ဖမ်းဆီးတဲ့အခါ ကုန်စည်မျိုးစုံမိတယ်။ ဒါပေမယ့် ကျွန်တော်တို့အစကတည်းက ကြေညာထားတဲ့အတိုင်း ဒီဇင်ဘာလ ၃၁ ရက်နေ့အထိက ပညာ ပေးကာလဖြစ်လို့ အရေးယူခြင်းထက် ဖမ်းဆီးရမိတာတွေကို တရားဝင်လိုင်စင် ပြန်လုပ်ခိုင်းပါတယ်။ ဖမ်းတယ်ဆိုပြီး ပြင်းထန်စွာ အရေးယူတာ မဟုတ်သေးပါဘူး။ ရည်ရွယ်ချက်ကိုကလည်း တရားဝင်ကုန်သွယ်မှု မြင့်တက်လာဖို့ ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပညာပေးကာလ ကျော်လွန်တဲ့အခါမှာတော့ ဒီလိုပညာပေး အရေးယူတာမျိုး မလုပ်တော့ဘဲ ဒီထက်ပိုအရေးယူဖို့ စီစဉ်ထားပါတယ်”ဟု နယ်စပ်ကုန်သွယ်ရေးဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်မှ ပြောကြားခဲ့သည်။
ယခုကဲ့သို့ဖမ်းဆီးရာတွင် အဓိက မှောင်ခိုကုန်သွယ်သူ (လက်ကြီးသမားများ) အနေဖြင့် နေ့ဘက်တွင် ကုန်မသွယ်ဘဲ ညဘက်တွင် ကုန်သွယ်မှုပြုလုပ်လာကြောင်း၊ နေ့ဘက်တွင်မူ ကုန်သည်အငယ်များထံမှသာ အများဆုံး ဖမ်းမိကြောင်း သိရသည်။
တစ်နိုင်တစ်ပိုင်ဖြင့် တရားမ၀င် ကုန်သွယ်နေသည့် ကုန်သည်အငယ်များထဲတွင် ကုမ္ပဏီ မထူထောင်နိုင်ခြင်း၊ ငွေကြေးအရင်းအနှီး အနည်းငယ်သာရှိခြင်း၊ တရားဝင်လိုင်စင်ပြု လုပ်ရန်ခက်ခဲခြင်းကြောင့် တရားမ၀င် ကုန်သွယ်နေရသူများ ပါဝင်နေသည်။
“ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ အခါမေးတော့ သူတို့မှာကျပ် ၁၅ သိန်း လောက်ပဲရှိတယ်။ ကုမ္ပဏီလည်းမရှိတော့ တရားဝင်လိုင်စင်လုပ်ဖို့ ခက်တယ်လို့ပြောတယ်။ အဲဒီအတွက် တစ်ဦးချင်းကုန်သွယ်လိုင်စင် ထုတ်ပေးဖို့အထိ စီစဉ်နေပါပြီ။ အခုဖမ်းဆီးလို့ ထိခိုက်တာက ကုန်သည် အငယ်လေးတွေပဲ ဖြစ်နေတယ်။ သူတို့ ကိုလည်း တရားဝင် လုပ်ချင်လာအောင်၊ လုပ်သာအောင် ကျွန်တော်တို့က လုပ်ပေးမှ မှောင်ခိုလျော့နည်းပြီး တရားဝင် ကုန်သွယ်မှုများလာမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Eleven Media Group
866

No comments:

Post a Comment