Saturday, November 10, 2012

မီဒီယာအချို့ရဲ့ရေးသားချက်များဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ၀န်ကြီးရဲ့ ရည်ရွယ်ချက်များအပေါ် ပြည်သူလူထုနဲ့ စာနယ်ဇင်းလောကသားများက နားလည်မှု လွဲမှားစေနိုင်တဲ့အတွက် ပြည်ထောင်စုဝန်ကြီးက အောက်ပါအတိုင်း ပြန်လည် ရှင်းလင်းရေးသား


ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် က နိုဝင်ဘာလ ၆ ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ နေ့စဉ်သတင်းစာ ထုတ်ဝေမှုနဲ့ပတ်သက်တဲ့မေးခွန်းကို ဖြေကြားခဲ့ပါတယ်။ ၀န်ကြီးရဲ့ ဖြေကြားချက်အပေါ် လိုသလောက်သာ ထုတ်နှုတ်ပြီး မီဒီယာအချို့ရဲ့ရေးသားချက်များဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ၀န်ကြီးရဲ့ ရည်ရွယ်ချက်များအပေါ် ပြည်သူလူထုနဲ့ စာနယ်ဇင်းလောကသားများက နားလည်မှု လွဲမှားစေနိုင်တဲ့အတွက် ပြည်ထောင်စုဝန်ကြီးက အောက်ပါအတိုင်း ပြန်လည် ရှင်းလင်းရေးသား ထားပါတယ်။

စာနယ်ဇင်းလောကအတွင်းမှ ညီအစ်ကိုမောင်နှမများခင်ဗျား -

နိုဝင်ဘာ(၆)ရက်နေ့ ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့်၏ ထပ်ဆင့်မေးခွန်းကို ကျွန်တော်က ဖြေကြားခဲ့ခြင်းနှင့် ပတ်သက်သော ဝေဖန်ချက်များတွင် အံ့သြခြင်း၊ အပြစ်တင်ခြင်းနှင့် ပေါက်ကွဲခြင်းတို့ ပါသလို တန်ဖိုးရှိသော သဘောထား အမြင်များလည်း ပါဝင်တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

တချို့ စွပ်စွဲမှုများဟာ ကျွန်တော်ရဲ့ စာရိတ္တကိုလည်း ထိခိုက်စေတဲ့အတွက် ဒါကလေးကိုတော့ ပြန်ရှင်းပါရစေ။ ကျွန်တော်ရဲ့ ကိုယ်ရေးဖြစ်စဉ်များ အသေးစိတ် ထုတ်ပြန်ထားပြီး ဖြစ်တဲ့အတွက် ငယ်စဉ်ကလေးဘဝမှ စ၍ ယခုအထိ ကျွန်တော့ရဲ့စာရိတ္တ၊ လူမှုရေး၊ စီးပွားရေးဖောက်ပြန်မှု တစ်စုံတစ်ရာ ရှိ/မရှိ စစ်ဆေးနိုင်ပါတယ်။

“သီလဘေဒနဘ ယေန” သီလပျက်ရမည်ကို အလွန်ကြောက်သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ စကားမတည်သူ တစ်ယောက်အဖြစ်တော့ မခံယူလိုပါဘူး။
ပြည်ထောင်စုဝန်ကြီး တစ်ဦးအနေဖြင့် မိမိလုပ်နေသော အလုပ်များကို ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်အရ ပြည်သူလူထုက ကြိုတင်ခန့်မှန်းတွက်ဆနိုင်မှု (Predictability) ရှိစေရန် ရည်ရွယ်၍ သတင်းဌာနများကို ရံဖန်ရံခါ ပြောကြားခဲ့ပါတယ်။ နမူနာအနေနဲ့ (၂၄.၉.၂၀၁၂)ရက်နေ့ DVB သတင်းဌာနနဲ့ တွေ့ဆုံမှုမှာ ပြောခဲ့တာကတော့ “သတင်းစာနဲ့ ပတ်သတ်လို့ ဒီနှစ်ကုန် ထွက်မယ်လို့ မပြောခဲ့ပါဘူး။ ကျနော်ပြောခဲ့တာက ခန့်မှန်းခြေကိုပဲ ပြောခဲ့တာပါ။ ဖြစနိုင်ချေက ရှေ့နှစ်အစောပိုင်းကာလ ဖြစ်နိုင်မယ်လို့ မျှော်မှန်းပါတယ်။ သတင်းစာထွက်တဲ့ ကာလမှာ ကျနော်တို့ရဲ့ institution အပိုင်းမှာ အထိုက်အလျောက် စာနယ်ဖင်းကျင့်ဝတ်တွေ ဘာတွေ သူ့အတိုင်းအတာနဲ့သူ ရှိပြီးသား ဖြစ်စေချင်တယ်။
ကျွန်တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကလည်း တတ်နိုင်သမျှ ဆီလျော်တဲ့ အနေအထားမျိုး ရောက်စေချင်တယ်၊ အစရှိသဖြင့်။ နိုင်ငံတော်ဘက်ကလည်း ပြင်ဆင်စရာ ရှိတာလေးတွေ ရှိပါတယ်။ အဲလို ပြင်ဆင်စရာရှိတာ ပြင်ဆင်နိုင်အောင် အချိန်ယူတဲ့ သဘောဖြစ်ပါတယ်၊ ကျနော်ပြောခဲ့တာကတော့ တတ်နိုင်သမျှ ရှေ့နှစ် အစောပိုင်းပေါ့။ ဒါက ခန့်မှန်းခြေပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ အခြေအနေက ကျနော်တစ်ဦးတည်းအပေါ်မှာ မူတည်တာ မဟုတ်ပါဘူး၊ ကိုယ့်အပိုင်းနဲ့ကိုယ် ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍတွေအားလုံး အလုံးစုံပြည့်စုံမှ လုပ်မယ်ဆိုတဲ့ သဘောမျိုးတော့လည်း မဟုတ်ပါဘူး။ အတိုင်းအတာ တစ်ခုအထိ လုံလောက်တဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံပြီ ဆိုတဲ့အချိန် အမြန်ဆုံး ဆောင်ရွက်ပေးသွားမှာပါ။” ဟူ၍ဖြစ်ပါတယ်။

နိုဝင်ဘာ(၆)ရက် လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးသိန်းညွန့်ရဲ့ မေးခွန်းများမှာ-
(၁) မြန်မာနိုင်ငံတွင် ၁၉၆၅-၁၉၆၇ ခုနှစ် အထိ ပုဂ္ဂုလိကသတင်းစာ ထုတ်ဝေခွင့် ရခဲ့သည်ဆိုလျှင် မှန်ပါသလား
(၂) တော်လှန်ရေးကောင်စီခေတ်ကပင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေအရ ပုဂ္ဂုလိကသတင်းစာများ ထုတ်ဝေခွင့် ပေးခဲ့သည်ကို ယင်းဥပဒေ တည်ဆဲကာလတွင်ပင် ပြည်ထောင်စုအစိုးရ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့် ပြုပါမည်လား။ ထုတ်ဝေခွင့် မပြုဟုဆိုပါက အဘယ်ကြောင့်နည်း
တို့ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အဖြေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးသိန်းညွန့်ရဲ့ မေးခွန်းပထမပိုင်းဖြစ်တဲ့ ‘မြန်မာနိုင်ငံတွင် ၁၉၆၅-၁၉၆၇ ခုနှစ်အထိ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့် ရခဲ့သည်ဆိုလျှင် မှန်ပါသလား’ မေးခွန်းကို ဖြေကြားရရင် ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ အာဏာတည်ပြီးဖြစ်တဲ့ ၁၉၆၅-၁၉၆၇ ကာလအတွင်းမှာ ရှိရင်းစွဲ ပုဂ္ဂလိက သတင်းစာတစ်ချို့ ဆက်လက် တည်ရှိခဲ့သည်ဆိုလျှင် မှန်ကန်ပါကြောင်း ဖြေကြားလိုပါတယ်။ ဖြည့်စွက် ဖြေကြားလို တာကတော့ ဒီ ဥပဒေအရ ပုဂ္ဂလိက သတင်းစာအသစ်များ ထုတ်ဝေခွင့် ရခဲ့ခြင်းတော့ မရှိပါကြောင်း ဖော်ပြအပ်ပါ တယ်။

မေးခွန်းဒုတိယပိုင်း ဖြစ်တဲ့ “တော်လှန်ရေးကောင်စီခေတ်ကပင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေအရ ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့် ပေးခဲ့သည်ကို ယင်းဥပဒေ တည်ဆဲကာလတွင်ပင် ပြည်ထောင်စုအစိုးရက ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့် ပြုပါမည်လား”မေးခွန်းနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရသည် ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ အာဏာတည်ဆဲ ကာလအတွင်းမှာပင် လွတ်လပ်သော ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ပြုရန် အစီအစဉ် ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ သို့ရာတွင် ယခုအခါ ကျွန်တော်တို့ဟာ (၂၁) ရာစုကာလ ပြောင်းလဲလာသော မီဒီယာရှုခင်းရှုကွက်များနှင့် သတင်းပညာ အဓိပ္ပာယ် ရှင်းလင်းဖော်ပြချက်များအရ လွတ်လပ်သော ပုဂ္ဂလိကသတင်းစာများ ကောင်းစွာရှင်သန်ပြီး တာရှည် တည်တံ့စေမည့် မီဒီယာပတ်ဝန်းကျင် အသစ်တစ်ရပ်ကို သက်ဆိုင်ရာ စာနယ်ဇင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြုစုပျိုးထောင်လျက် ရှိကြပါတယ်။ ဒီ မီဒီယာ ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်ရာတွင်-

(၁) ကျင့်ဝတ်ဆိုင်ရာ အခြေခံမူများ ရေးဆွဲခြင်း
(၂) ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ်များ သတ်မှတ်ခြင်း
(၃) ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများ ရေးဆွဲခြင်း
(၄) ကျင့်ဝတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်း (Code of Conduct) များ ရေးဆွဲခြင်း
(၅) သတင်းစာနယ်ဇင်း အဖွဲ့အစည်းဆိုင်ရာ စံနှုန်းထား (Community Standard) များ ရေးဆွဲခြင်း
(၆) ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များ ရေးဆွဲခြင်းတို့ ဆောင်ရွက်လျက် ရှိပါတယ်။

ဒါကြောင့် အထက်မှာ ပြောခဲ့တဲ့ Institution ဆိုင်ရာ ဖြည့်ဆည်းမှုများ အားလုံး ဆောင်ရွက်နိုင်ခြင်း မရှိသည့် တိုင် ထိုက်သင့်သလောက် ပြည့်စုံလုံလောက်သည့် အခြေအနေသို့ ရောက်ရှိပြီဆိုလျှင် လွတ်လပ်သော ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများကို ထုတ်ဝေခွင့်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရက စဉ်းစားဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ဖြေကြားအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်’ ဆိုပြီး ဖြေကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ထပ်ဆင့်မေးခွန်းမှာ ‘မည်သည့်ကာလတွင် ထုတ်ဝေခွင့် ပေးနိုင်မလဲ ဆိုတာ တိတိကျကျ ဖြေကြားပေးဖို့ သိလိုတဲ့အတွက် ဝန်ကြီးဖြေကြားခဲ့တဲ့ အခြေအနေ တစ်စုံတစ်ရာ ကာလအားဖြင့် အကြမ်းဖျဉ်း ၂၀၁၃ ခုနှစ် မည်သည့် အချိန်ပိုင်းလောက် ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့် ပေးနိုင်မည်ကို ခန့်မှန်း ဆိုပေမယ့် တိတိကျကျ ဖြေဆိုပေးပါ’ ဟု ဖြစ်ပါသည်။

ထပ်ဆင့်မေးခွန်းအတွက် ကျွန်တော့အဖြေကတော့ “မီဒီယာပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် နေရာတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အပါအဝင် ကျန် အဖွဲ့အစည်းအားလုံးက Institution များကို မည်မျှအထိ ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်မည် ဆိုသည့်အချက်အပေါ် အဓိက မူတည်နေသည့်အတွက် ပြည်ထောင်စု အစိုးရ အနေဖြင့် မည်သည့်နေ့၊ မည်သည့်ရက် ဆိုသည်ကို အဆုံးအဖြတ်ပေးနိုင်သည့် အခြေအနေတွင် မရှိကြောင်း” ပြန်လည် ဖြေကြားခဲ့ပါသည်။

သတင်းမီဒီယာများနဲ့ တွေ့သည့် အခါတုန်းက “ရှေ့နှစ်အစောပိုင်းလို့ ခန့်မှန်းခြေ” ကို ပြောနိုင်ခဲ့ပြီး လွှတ်တော်မှာတော့ “ပြည်ထောင်စု အစိုးရအနေနဲ့ ဘယ်နေ့၊ ဘယ်ရက်ဆိုတာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခြေအနေ မရှိပါကြောင်း” လို့ ပြောခဲ့တာဟာ စကားမမှန်တာလား၊ မရိုးသားတာလား၊ ဝေ့လည်ကြောင်ပတ် လုပ်တာလား၊ အရေခြုံ ဒီမိုကရေစီ လား၊ ရှေ့နောက် မညီသော စကားလား၊ ဘာလဲ။

ပြုလုပ်သူ ကတ္တားလည်း မတူ၊ ဝါစကလည်း မတူ၊ နေရာဌာနလည်း မတူ ကျွန်တော်နဲ့ ညီနောင်များအကြား ရှုထောင့် Obsrevational Position ခြင်းမတူတဲ့အတွက် ဖြစ်ပေါ်လာရသော (Parallax) ဖြစ်နေလို့ပါဘဲ။ ကျွန်တော်က ပြည်သူလူထု ကြိုတင်ခန့်မှန်းတွက်ဆနိုင်မှု ရှိစေရန်ရည်ရွယ်၍ ခန့်မှန်းခြေကို ပြောဆိုခွင့်ရှိသော်လည်း မူလ မေးခွန်းတွင် မပါဘဲ ပြည်ထောင်စုအစိုးရက ကတိကဝတ် သဘောမျိုးပေးရန် ဘာလုပ်မလဲဆိုသည်ကို ရည်ရွယ်ပြီးမေးသော ထပ်ဆင့်မေးခွန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ကြိုတင်သဘောတူညီချက် မရဘဲ ပြည်ထောင်စုအစိုးရကို ကိုယ်စားပြုပြီး ၀န်ကြီးက တိကျသောအဖြေ ပေးခွင့်မရှိသည်ကို နားလည်ပေးကြ စေလို ပါတယ်။

ကျွန်တော် စကားမပြင်ပါ၊ လွတ်လပ်သော ပုဂ္ဂလိကသတင်းစာများ အမြန်ဆုံး ထွက်ပေါ်လာရေးအတွက် ကျွန်တော့ ဘက်ကလည်း အစွမ်းကုန်ကြိုးစားနေပါတယ်။ စာနယ်ဇင်း အဖွဲ့အစည်း များဘက်ကလည်း ကောင်းမွန်သော မီဒီယာ ၀န်းကျင်တစ်ခု အမြန်ပေါ်ပေါက်လာစေရန် ၀ိုင်းဝန်းကူညီကြစေလိုပါတယ်။

Institution တွေ ဘာကြောင့် လိုသလဲလို့ အလွယ်ဆုံး မြင်နိုင်တဲ့ အချက်တစ်ခုပဲ ပြောပါ့မယ်။ နေ့စဉ်သတင်းစာ ထုတ်ဝေနေတဲ့ ဒီမိုကရေစီနိုင်ငံတိုင်းမှာ စာနယ်ဇင်းကျင့်ဝတ်များ ကို ထိန်းကျောင်းဖို့နဲ့ ပြည်သူများရဲ့ ပုဂ္ဂလိက အခွင့်အရေးများကို ကာကွယ်ဖို့အတွက် အဖွဲ့အစည်းများ၊ လုပ်နည်းစနစ်များ ရှိပါတယ်။ စာနယ်ဇင်း ကျင့်ဝတ်များ ကိုလည်း ရေးဆွဲထားပြီး ပြည်သူများသိအောင် ထုတ်ပြန်ထားပါတယ်။ ဒီအလုပ်ကို လွတ်လပ်တဲ့ စာနယ်ဇင်း ကောင်စီများက လုပ်ဆောင်တာရှိသလို တချို့ နိုင်ငံများမှာတော့ ခုံသမာဓိလူကြီးခေါ်တဲ့ Ombudsman များ ထားရှိပြီး ဆောင်ရွက်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ဆီမှာ အခြေခံအကျဆုံးဖြစ်တဲ့ အဲဒီလုပ်ငန်းကိုတောင် လုပ်ဆောင်ဖို့ အသင့် ဖြစ်နေပြီလား၊ ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကို ဖြေရှင်းပေးခြင်း၊ အမှားပြင်ဆင်ခြင်းကို လုပ်နေပြီလား၊ သတင်းလွတ်လပ်ခွင့်နဲ့ အတူ တာဝန်ယူမှုရှိအောင် ဘာတွေလုပ်ပြီးနေပြီလဲ၊ ပြည်သူလူထုအပေါ် စာဖတ်သူများ အပေါ်နှင့် မီဒီယာသမားအချင်းချင်း အပေါ် ထားရှိရမည့် တာဝန်ခံမှုများ ရှိနေပြီလား မေးကြည့်စေချင်ပါတယ်။

ဒါတွေလုပ်ဖို့ ၀န်ကြီးဌာနမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လွှမ်းမိုးမှုမပြုဘဲ၊ စာနယ်ဇင်းလောကကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးထားပါတယ်။ ကိုယ်ဘာသာ လုပ်သင့်တာတွေ လုပ်ပေးဖို့လည်း ကျွန်တော်တို့က သတိပေးရုံ ပေးနေတာပါ။
လွတ်လပ်သော ပုဂ္ဂလိက သတင်းစာများ အမြန်ပေါ်ပေါက်လာရေးအတွက် ၀ိုင်းဝန်းကြိုးစားကြရအောင်။ ကျွန်တော် စိတ်မဆိုးတတ်ပါဘူး။ ကျွန်တော်လုပ်နေသော အလုပ်အတွက် လိပ်ပြာသန့်ပါတယ်။ နောက်တော့ ကျွန်တော့ စေတနာကို အားလုံးက နားလည်လာကြမှာပါ။ အချိန်ကလေး တစ်ခုတော့ စောင့်ကြည့်ပါ။ သို့ရာတွင် ဒီကြားထဲလည်း ဝေဖန်စရာရှိရင်လည်း ဆက်ဝေဖန်ပေးကြပါ။ ဒီဝေဖန်မှုများဟာ ကျွန်တော့အတွက် အမှန်တကယ် အကျိုးရှိစေ ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment