Sunday, November 4, 2012

နှစ်(၅၀)အတွင်း နမ့်ဆန်၌ အကြီးမားဆုံးမီးလောင်မှုဖြစ်

by Myit Makha Mediagroup on 3 Nov, 2012
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဆန်မြို့၌ နိုဝင်ဘာလ (၂)ရက်နေ့နံနက်ပိုင်းက မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၅၀)၀န်းကျင်နှင့် ကာလတန်ဖိုး သိန်းလေးထောင်ကျော် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။နိုဝင်ဘာလ (၂)ရက်နေ့ မနက်(၁၀)နာရီခန့်တွင် နမ့်ဆန်မြို့လယ်ရှိ သံထည်ပစ္စည်းဆိုင်တစ်ဆိုင်မှ စတင်၍ လောင်ကျွမ်းခဲ့ရာ အိမ်ခြေငါးဆယ်ဝန်းကျင်လောင်ကျွမ်းပြီးချိန် နေ့လည် (၂)နာရီဝန်းကျင်ကမှ မီးညွန့်ကျိုး ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

 
 
" ကျောက်မဲ နဲ့ သီပေါက မီးသတ်ကားတွေကို လှမ်းပြီးအကူအညီတောင်းတယ်၊ မြို့ခံတွေဝိုင်းပြီးငြိမ်းနေရင်း မီးသတ်ကားတွေ မရောက်ခင် မီးငြိမ်းသွားတယ်၊ အိမ်ခြေတော့ ငါးဆယ်ဝန်းကျင်လောက် ပါသွားတယ်´ ဟု ဒေသခံတစ်ဦးကပြောသည်။
 
 
အဆိုပါမီးလောင်ကျွမ်းမှုမှာ နှစ်ပေါင်း (၅၀)အတွင်း အကြီးမားဆုံးဖြစ်ပြီး ပျက်ဆီးဆုံးရှုံးမှုမှာလည်း အများဆုံး ဖြစ်ကြောင်း  သိရသည်။
 
 
`ဒီကသွားတဲ့ မီးသတ်ကားတွေနဲ့ မီးသတ်တပ်ဖွဲ့တွေက အခုထိနမ့်ဆန်ကနေ ပြန်မရောက်လာသေးပါဘူး၊ အဲ့ဒါကြောင့် တိတိကျကျဘာမှပြောပြလို့မရသေးပါဘူး ´ ဟု ကျောက်မဲမြို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ကျတပ်သား တစ်ဦးက ပြောသည်။
 
 
နမ့်ဆန်မြို့သည် ကျောက်မဲမြို့နယ်အတွင်းတွင် ပါဝင်ပြီး ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု (၂၁) စုနှင့် ကျေးရွာ ပေါင်း (၉၉) ရွာ ပါဝင်သော တောင်ပေါ်မြို့တစ်မြို့ဖြစ်သည်။
 
 
မီးလောင်ကျွမ်းရာ ရပ်ကွက်အတွင်းရှိ နေအိမ်အများစုမှာ ရေနံချေးဝနေသော နေအိမ်များဖြစ်ပြီး နေအိမ် တစ်ခု နှင့် တစ်ခုနီးကပ်နေခြင်း၊ မီးငြိမ်းသက်နိုင်ရန် လုံလောက်သော ရေအင်အားမရှိခြင်း နှင့် မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားသောနေအိမ်အများစုမှာ ဆန်နှင့်လက်ဖက်ပစ္စည်းသိုလှောင်ထားသောနေအိမ်များ ဖြစ်သောကြောင့် ယခုကဲ့သို့ ပျက်ဆီးဆုံးရှုံးမှုများပြားရခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

No comments:

Post a Comment