Sunday, November 25, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်းရှိ ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက် ကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူများအား တွေ့ဆုံအားပေးရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြင့်လှိုင်၊ ဦးလှထွန်း၊ ဦးအုန်းမြင့်၊ ဦးကျော်လွင်၊ ဒေါက်တာမြအေး၊ ဒေါက်တာဖေသက်ခင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ၊ တပ်မတော်အရာအရှိကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယနေ့နံနက် (၇) နာရီ (၁၅) မိနစ်တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးတို့က ငလျင်လှုပ်ခတ်ခဲ့မှု၊ လူနှင့် အဆောက် အအုံများ ထိခိုက်ပျက်စီးမှု၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ ကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ဆွေးနွေးမှာကြားရာတွင် သဘာဝ ဘေးဟူသည် ရှောင်လွှဲ၍မရသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ တွင်သာမက ကမ္ဘာ့နိုင်ငံတိုင်းတွင် သဘာဝဘေးဒဏ်များကို ကြုံတွေ့ခံစားရလျက်ရှိကြောင်း ၊ သဘာဝ ဘေးအန္တရယ်များအနက် မုန်တိုင်းနှင့် ဆူနာမီရေလှိုင်းတို့ကဲ့သို့သော သဘာဝဘေးများကို ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းပါးအောင် ကြိုတင်ကာကွယ်နိုင်ကြောင်း။

မြေငလျင်လှုပ်ခတ်မှုမှာမူ ကြိုတင်ခန့်မှန်း၍မရသော သဘာဝဘေးတစ်ခုဖြစ်ကြောင်း၊ သို့သော် ယခုဖြစ်ပွားခဲ့သော မြေငလျင်လှုပ်ခတ်ချိန်သည် ကျောင်းပိတ်ရက် တနင်္ဂနွေနေ့ ဒေသခံ ပြည်သူများ လယ်ယာလုပ်ငန်းခွင်သို့ ရောက်ရှိနေချိန်ဖြစ်သည့် နံနက် (၇) နာရီကျော်တွင် လှုပ်ခတ် ခဲ့ခြင်းကြောင့် ငလျင်ပြင်းအားကြီးမားသော်လည်း လူသေဆုံးထိခိုက်ဒဏ်ရာရရှိမှု နည်းပါးခဲ့ပါကြောင်း၊ လူအများအိပ်စက်အနားယူချိန်ဖြစ်သည့် ညအချိန်နှင့် မြို့ပြကိုသာ ဗဟိုပြု၍ လှုပ်ခပ်ခဲ့ပါက ယခုထက်သေဆုံးထိခိုက်ပျက်ဆီးမှု ပိုမိုများပြားလာနိုင်ကြောင်း။

ငလျင်ဘေးဒဏ်ကျရောက်ပြီးသည်နှင့် တပြိုင်နက် မသေဆုံးသင့်သူများ ထပ်မံသေဆုံးမှု မဖြစ်ပွားရေး၊ ထိခိုက်ဒဏ်ရာရရှိသူများအား ကယ်ဆယ်ကုသပေးနိုင်ရေး၊ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီစောင့်ရှောက်နိုင်ရေးတို့အတွက် ဒုတိယသမ္မတဒေါက်တာစိုင်း မောက်ခမ်း ကိုယ်တိုင် သွားရောက်ကြည့်ရှုဆောင်ရွက်ပေးစေခဲ့ကြောင်း။

ယခုအခါ ငလျင်ဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးသည့်အဆင့်ကို လွန်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် နေအိမ်အဆောက်အအုံအချို့ လုံးဝပျက်စီးခဲ့ပြီး အချို့ မှာမူ မပျက်စီးသော်လည်း နေထိုင်ရန်ခက်ခဲသည့်အခြေအနေသို့ ရောက်ရှိသွားခဲ့ကြောင်း၊ ထို့ကြောင့် ၄င်းတို့ ယာယီစိတ်ချ လက်ချနေထိုင်နိုင်ရန် အဆောက် အအုံများ ဆောက်လုပ် ပေးရမည်ဖြစ်ကြောင်း၊ ထို့နောက် ရေရှည်နေထိုင်နိုင်မည့် အဆောက်အအုံများ ပြန်လည် ဆောက်လုပ်ပေးရာတွင်လည်း ငလျင်ထပ်မံလှုပ်ခတ်ပါက ထိခိုက်မှု နည်းပါးနိုင်မည့် အဆောက်အအုံမျိုးကို ဆောက်လုပ်ပေးရန် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဒေသခံပြည်သူများ၏ ဆန္ဒနှင့်အညီ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ထို့အတူ ဒေသခံပြည်သူများ၏ ငလျင်နှင့် ပတ်သက်သည့် အသိပညာဗဟုသုတများကိုလည်း ဆွေးနွေးဟောပြောပေးရမည်ဖြစ်ကြောင်း။

ယင်းဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှု အဆက်မပြတ်စေရေးအတွက် ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို အမြန်ဆုံးပြန်လည် ပြုပြင်ပေးရန်နှင့် ကျောင်းဆောင် သစ်များ ပြန်လည်တည်ဆောက်ပေးရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေး ယန္တယားလည်း ပတ်နိုင်ရေး အတွက်လည်း ရုံးဌာနများကို ပြန်လည်ပြုပြင် တည်ဆောက် ပေးရမည် ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ လယ်ယာလုပ်ငန်း၊ အုတ်လုပ်ငန်း၊ အိုးလုပ်ငန်းစသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန် အတွက် ကူညီပံ့ပိုးပေးရမည် ဖြစ်ပြီး ထိခိုက်ပျက်စီးခဲ့သည့် သာသနိက အဆောက်အအုံများ၊ စေတီ ပုထိုးများကိုလည်း ယာယီကျောင်းဆောင်များ ဆောက်လုပ်ပေးခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ အသစ်ဆောက်လုပ် ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း

လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင့်အလိုက် တစ်ခုပြီးတစ်ခု၊ သို့မဟုတ် တစ်ပြိုင်တည်း ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် သဘာဝဘေးရန်ပုံငွေအဖြစ် ကျပ်ငွေ (၁၀၀) ဘီလျံလျာထားသုံးစွဲလျက်ရှိပြီး ယခု ငလျင်ဒဏ်သင့် ပြည်သူများအတွက် ကျပ်ငွေ တစ်ဘီလျံကို သုံးစွဲသွားမည် ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ နေအိမ်များပြန်လည် ဆောက်လုပ်ပေးရာတွင် နိုင်ငံတော်၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ ၀ိုင်းဝန် ပူးပေါင်း ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ငွေကြေးကုန်ကျမည့် အခြေအနေကို ပြည်သူများအား အသေးစိတ်တွက်ချက်ချပြပြီးမှ ဆောက်လုပ်ပေးရန်ဖြစ်ပြီး Ready Made အဆောက်အအုံများ ဆောက်လုပ်လိုပါကလည်း ပြည်ပမှ မှာယူတည်ဆောက်ပေးရန်ဖြစ်ကြောင်း။

ကျေးရွာများကို ပြန်လည်တည်ဆောက်ပေးရာတွင် ဆေးရုံ၊ ကျောင်း၊ လမ်း စသည်တို့ ဖြင့် စနစ်တကျ အကွက်ချတည်ဆောက်ပေးရန်ဖြစ်ကြောင်း၊ အဆောက်အအုံအပျက်အစီးများ ဖယ်ရှားရှင်းလင်းရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရေးအတွက် စက်ယန္တှရားများဖြင့် ကူညီဆောင်ရွက်ပေးရန်ဖြစ်ကြောင်းဖြင့် မှာကြားသည်။



ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့သို့ ရောက်ရှိကြပြီး မြို့တွင်းရှိ မြို့နယ်ရဲစခန်းနှင့် ရုံးဌာနများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့မှုကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ဆောက်လုပ်ပေးထားသည့် ယာယီစာသင်ဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင် ကြားနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး အားပေးစကားပြောကြားရာတွင် ငလျင်ဘေး ဒဏ်သင့် သော်လည်း ထိခိုက်သေဆုံးပျက်စီးမှုနည်းပါးခဲ့ခြင်းအပေါ် အဆိုးထဲက အကောင်း အဖြစ် မှတ်ယူသင့်ကြောင်း၊ အဟောင်းများပြိုကျပျက်စီးခဲ့ခြင်းကြောင့် အသစ်များပြန်လည် ရရှိမည်ဟု ယုံကြည်ကြစေလိုကြောင်း၊ ပြည်သူများအနေဖြင့် စိတ်ဓါတ်ကျဆင်းမနေဘဲ မိမိတို့၏ ရင်သွေးငယ်များကိုလည်း အားပေးစကားပြောကြားကြစေလိုကြောင်း။

ငလျင်ဒဏ်သင့်ပြည်သူများအတွက် နိုင်ငံတော်နှင့် အလှူများက ၀ိုင်းဝန်းကူညီပံ့မှုဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြည်သူများကလည်း ပါဝင် ပူးပေါင်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဤမြို့ကိုလည်း နေရာ ပြောင်းရွှေ့ပေးမည်မဟုတ်ဘဲ လက်ရှိ နေရာမှာပင် ပြုပြင်တည်ဆောက်ဖွယ်ရာများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြည်သူများ ယာယီနေထိုင်ရေး နှင့် အမြဲတမ်းနေထိုင်နိုင်ရေးတို့အတွက် နေအိမ် အဆောက် အအုံများ ပြန်လည် ဆောက်လုပ်ပေးမည် ဖြစ်ပြီးဘုန်းတော်ကြီးကျောင်းများကိုအရင်ဆုံး ပြန်လည် ပြုပြင် တည်ဆောက်ပေးမည် ဖြစ်ကြောင်း။

ယခုခရီးစဉ်တွင် လိုအပ်သည်များကိုကူညီပံ့ပိုးလှူဒါန်းနိုင်ရန် အတွက် မိမိနှင့်အတူတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် အလှူရှင်များပါ လိုက်ပါလာခဲ့ပါကြောင်း၊ ငလျင် ဘေးဒဏ် ဖြစ်ပွားလျှင် ဖြစ်ပွားချင်း ပြည်သူကိုအမြဲကာကွယ် စောင့်ရှောက် ပေးနေသည့် တပ်မတော်သားများကချက်ချင်းလာရောက် ကူညီကယ်ဆယ်စောင့်ရှောက် ပေးခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပြန်လည် လုပ်ကိုင် ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက နေရောင်ခြည်ဖြင့် အားသွင်း၍ ရသည့် ဆိုလာမီးအိမ် များကို တစ်အိမ်ထောင်လျှင် တစ်လုံးနှုန်းဖြင့် ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နေအိမ်များဆောက်လုပ်ရန်အတွက် သွပ်၊ ဘိလပ်မြေတို့ကိုပေးအပ် လှူဒါန်းသည်။

ထိုမှ တစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် သပိတ်ကျင်းမြို့ ပြည်သူ့ ဆေးရုံသို့ ရောက်ရှိပြီး ယာယီဆေးကုသဆောင်များဖွင့်လှစ် ကုသပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လူနာများအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် သရက်တောကျောင်းတိုက်သို့ ရောက်ရှိပြီး မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဇောတိပါလနှင့် ဆရာတော်များအားဖူးမြော်ကြည်ညိုပြီး မြို့နယ်အတွင်းထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီး ကျောင်းများအပါအဝင် သာသနိကအဆောက်အအုံများအား ပြန်လည် ပြုပြင် တည်ဆောက် ပေးမည့် အခြေအနေကိုလျှောက်ထားကာ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းသည်။

ထိုမှ တစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် သပိတ်ကျင်း မြို့နယ် စပ္ပါယ်နဂိုရ် ကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့နယ် မလယ်ကျေးရွာတို့သို့ ရောက်ရှိပြီး ကျေးရွာများတွင် ငလျင်ဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားမှု၊ စာသင်ကျောင်းများတွင် ယာယီစာသင်ဆောင်များ ဆောက်လုပ်၍ ပညာသင်ကြားနေမှုနှင့် ကျောင်းအဆောက် အအုံများ ထိခိုက်ပျက်စီးမှု တို့ကိုလှည့်လည် ကြည့်ရှုသည်။

ထို့နောက် ကျေးရွာများမှ ဒေသခံ ပြည်သူများအား တွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီး ဆိုလာမီးအိမ်များကိုပေးအပ်ခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ခရီးစဉ်တွင် ငလျင်ဒဏ်သင့် ဒေသများရှိ ပြည်သူများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကဘိလပ်မြေအိတ် (၆၁၀၀)၊ သွပ်ချပ်ရေ (၁၀၀၀၀)၊ ဆန်နှင့် စားသောက်ဖွယ်ရာများ၊ စောင်၊ အဝတ် အထည်များနှင့် အလှူငွေများ၊ စုစုပေါင်းငွေကျပ် သိန်း (၁၅၂၀)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ကြက်နှင့် နွားများ၊ အလှူရှင်များ ဖြစ်ကြသည့် Skynet ရုပ်သံ၊ Asia World၊ IGE၊ Max Myanmar၊ ရွှေတောင်၊ IBTC ကုမ္ပဏီတို့ကစုစုပေါင်းအလှူငွေ ကျပ်သိန်းပေါင်း (၁၂၀၀၀)တို့ကို လှူဒါန်းခဲ့ကြသည်။

ထို့အတူ Mother Construction Co., Ltd. မှ ဒါရိုက်တာဦးစန်းကြူကစပ္ပါယ်နဂိုရ် ကျေးရွာတွင် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံအားလုံးအတွက် ပြန်လည် ပြုပြင် ဆောက်လုပ် လှူဒါန်းမည် ဖြစ်ကြောင်းသိရှိရသည်။

http://www.myawady.net.mm/post/2012-11-15-01-48-10/187-2012-09-22-17-00-53/6721-2012-11-24-16-42-50








No comments:

Post a Comment