Tuesday, November 20, 2012

စီဒီအမ်အေ ၈ဝဝ မဂ္ဂါဟက် ချပေးတော့မည် မဟုတ်



မြန်မာ့ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ ငှားရမ်းသုံးစွဲခွင့် ပြုခဲ့သော ငွေကျပ် ငါးသိန်းတန် စီဒီအမ်အေ ၈ဝဝ မဂ္ဂါ ဟက်(800 MHz) ဖုန်းများကို ထပ်မံ ချထား ပေးတော့မည် မဟုတ်ကြောင်း ယင်းဌာနမှ သိရသည်။

စီဒီအမ်အေ ၈ဝဝ မဂ္ဂါဟက်ဖုန်းများ ချထားပေးမှုကို ယခုလမှ စတင်၍ ရပ်နားထားခဲ့ပြီး ထပ်မံ ချထား ပေးတော့မည် မဟုတ်ကြောင်း၊ ယင်းသို့ ရပ်နား ထားရခြင်းမှာ ချထားပေးပြီးသော ဖုန်းအလုံးရေနှင့် မြို့နယ်များတွင် ထောင်သော တာဝါတိုင်၏ လုပ်ဆောင်ချက်များ မျှတနေပြီ ဖြစ်ကြောင်း၊ စီဒီအမ်အေ ၈ဝဝ မဂ္ဂါဟက် ဖုန်းချထားပေးမှုကို ရပ်ဆိုင်းလိုက်သော်လည်း အင်တာနက် အသုံးပြုရန် အင်တာနက် လျှောက်ထားမှုကို အလုံးရေ အကန့်အသတ်မရှိ လျှောက်ထားခွင့် ပြုထားကြောင်း သိရှိ ရသည်။

ယင်းသို့ စီဒီအမ်အေ ၈ဝဝ မဂ္ဂါဟက် ဖုန်းကတ်များအားချထားပေးမှုရပ်ဆိုင်း သောကြောင့် မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် ယင်းဖုန်းကတ်များ တစ်ဆင့်ပြန် လည်ရောင်းချမှု (အမည်ပေါက် မဟုတ်၊ လိုင်းကတ် ချိုးပြီး) ၏ ပြင်ပ ပေါက်ဈေးမှာ ငွေကျပ်သုံးသိန်းမှ ငွေကျပ် သုံးသိန်း ငါးသောင်းအထိ ရှိကြောင်း မိုဘိုင်းလ်ဖုန်း ပြင်ပဈေးကွက်မှ စုံစမ်း သိရှိရသည်။

စီဒီအမ်အေ ၈ဝဝ မဂ္ဂါဟက်ဖုန်းများကို ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်း တွင် စတင်ချထားပေးပြီး စတင်ချထား ပေးစဉ်က မိမိဝယ်ယူသော မြို့နယ် အတွင်း၌သာ ဖုန်းအသုံးပြုနိုင်ပြီး ၂ဝ၁ဝ ပြည့်နှစ် ဇူလိုင်လတွင် ယင်းဖုန်းများကို တစ်နိုင်ငံလုံးသို့ သယ်ဆောင် အသုံးပြု နိုင်ခဲ့သည်။
ယင်းဖုန်းများသည် အင်တာနက် အသုံးပြုရာတွင် အင်တာနက်လိုင်း Connection ကောင်းမွန်ပြီး အင်တာနက် အသုံးပြုခမှာ တစ်မိနစ်လျှင် လေးကျပ်ဖြစ်ကြောင်း၊ အဆိုပါဖုန်းများသည် ဈေးကွက်တွင် လူကြိုက်များသော ဖုန်းဖြစ်ကြောင်း တာမွေမြို့နယ်ရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် တစ်ဆိုင်မှ ပြောကြားသည်။

မြန်မာ့ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ စီဒီအမ်အေ ၈ဝဝ မဂ္ဂါဟက် ဖုန်းများကို ငှားရမ်းသုံးစွဲခ ငွေကျပ် ငါးသိန်းဖြင့် ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် စတင် ချထားပေးခဲ့ပြီး ၂ဝ၁၂ ခုနှစ် မေလဆန်းပိုင်းတွင် ယင်းဖုန်းများကို ဈေးလျှော့ကာ ငွေကျပ် နှစ်သိန်း ငါးသောင်းဖြင့် ငှားရမ်း သုံးစွဲခွင့် ပြုခဲ့ရာ ယခုလမှ စတင်၍ ယင်းဖုန်းများကို ချထားပေးမှု လုံးဝရပ် ဆိုင်းလိုက်ကြောင်း အဆိုပါဌာနမှ သိရသည်။
From -မြ၀တီ

No comments:

Post a Comment