Thursday, November 29, 2012

အတည်ပြုပြီး ဥပဒေကြမ်းအပေါ် သမ္မတက မှတ်ချက်ပြုခြင်းအား လွှတ်တော်ကိုယ်စားလှယ်အချို့ ဝေဖန်



ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသော ဥပဒေကြမ်းတစ်ခုအား နိုင်ငံတော်သမ္မတက သ၀ဏ်လွှာ ပေးပို့မှတ်ချက်ပြုခြင်းသည် ဥပဒေပြုခြင်းမဏ္ဍိုင်အား အုပ်ချုပ်ရေးမဏ္ဍိုင်နောက်တွင် ထားလိုသော သဘောဆောင်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးပို့လာသော ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက ၁၄ ရက်အတွင်း သဘောထားမှတ်ချက်များပေး၍ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့နိုင်ပြီး ထိုသို့ပေးပို့ခဲ့သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က ထပ်မံအတည်ပြုလိုက်လျှင် နိုင်ငံတော်သမ္မတအနေဖြင့် မှတ်ချက်ပေးခွင့်မရှိဘဲ လက်မှတ်ရေးထိုး ထုတ်ပြန်ရန်သာရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကဆိုသည်။

“လွှတ်တော်အဖွဲ့အစည်းတွေကို အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တန်းတူရည်တူ မထားချင်တာဟာ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေကို အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ နောက်မှာပဲ ထားချင်တယ်ဆိုတဲ့သဘော ဖြစ်နေတယ်။ အရင်အစိုးရရဲ့ အကျင့်အတိုင်းပဲ လုပ်ချင်တဲ့ပုံပေါက်နေတယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကပြောသည်။

၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတမှတ်ချက်နှင့် ပေးပို့လာသော ဥပဒေကြမ်းများအား ပြည်ထောင်စုလွှတ်တော်မှ ထပ်မံအတည်ပြုခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်၍ သမ္မတက သ၀ဏ်လွှာပေးပို့ မှတ်ချက်ပြုခဲ့ခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ခဲ့ကြပြီး အတည်ပြုပြီး ဥပဒေကြမ်းတစ်ခုအား ယခုကဲ့သို့ သ၀ဏ်လွှာပေးပို့ မှတ်ချက်ပြုခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

“နိုင်ငံပိုင်သတင်းစာတွေကနေ သမ္မတရဲ့သဘောထားကို ဒီလိုထုတ်ပြန်တာဟာ သတင်းစာကနေ ပြည်သူကို စည်းရုံးတဲ့သဘော ဖြစ်နေတယ်။ သမ္မတဟာ ပြန်ကန့်ကွက်ခွင့်မရှိတာကို ဒီလိုသ၀ဏ်လွှာပြန်ပို့တာဟာ အုပ်ချုပ်ရေးက ဥပဒေပြုရေးကို တစ်နည်းအားဖြင့် လွှတ်တော်ကို စိန်ခေါ်တာပဲ”ဟု အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောသည်။

“ဥပဒေအရ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီးသားဥပဒေကို သမ္မတက မှတ်ချက်ပေးပြီး ပြန်ပို့ခွင့်မရှိဘူး။ ကျွန်တော်ကတော့ ဒီအတိုင်းပဲ အတည်ဖြစ်မယ်ထင်တယ်။ လွှတ်တော်အနေနဲ့ကတော့ ဘာမှဆက်လုပ်စရာ မလိုတော့ဘူး”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောသည်။

နိုင်ငံတော်သမ္မတအနေဖြင့် ဤဥပဒေကြမ်းများအား သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်မှ သမ္မတထံပေးပို့ပြီး ခုနစ်ရက်အတွင်း ဥပဒေအဖြစ် အတည်ဖြစ်လာမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။

“ဒီဥပဒေကို ကျွန်မတို့ လွှတ်တော်ကတော့ အတည်ပြုပြီးပါပြီ။ ဥပဒေရဲ့ သဘောတရားအရတော့ ပြင်ဆင်စရာမရှိပါဘူး။ သမ္မတက လက်မှတ်မထိုးလည်း ခုနစ်ရက်အတွင်း အတည်ဖြစ်ပါလိမ့်မယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုကပြောသည်။

ယခု ဥပဒေကြမ်းနှစ်ခုကို သက်ဆိုင်ရာလွှတ်တော်များမှ နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သော်လည်း သမ္မတမှ သဘောထားမှတ်ချက်များဖြင့် အချက်ဆယ်ချက်ကို ပြန်လည်ပေးပို့လာသဖြင့် လွှတ်တော်ကိုယ်စားလှယ်များက အချက်နှစ်ချက်ကိုလက်ခံပြီး ကျန်ရှစ်ချက်ကို ပြည်ထောင်စုလွှတ်တော်၏ သဘောထားမှတ်ချက်ဖြင့်သာ ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းကိစ္စမှာ ပြန်လည်ပြင်ဆင်ရန် လိုအပ်မည်မဟုတ်ဟု ထင်မြင်ယူဆကြောင်း ဦးရဲထွန်းကပြောသည်။

“သမ္မတရဲ့ အချို့အယူအဆတွေကို လက်မခံပါဘူး။ ဒီဥပဒေတွေဟာ လွှတ်တော်ဥပဒေကြမ်းကော်မတီနဲ့ တိုင်ပင်ပြီး တစ်ပိုဒ်ချင်းစိစစ်ထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ လွှတ်တော်ကဆုံးဖြတ်ပြီးသား ကိစ္စရပ်တစ်ခုကို ဒီလိုထုတ်ပြန်ကြေညာတယ်ဆိုတော့ ဘယ်လိုသဘောလဲဆိုတာ မစဉ်းစားတတ်တော့ဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်ကပြောသည်။

အဆိုပါ ဥပဒေကြမ်းများအား ယခုနှစ် မတ်လ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ရာ အခြေခံဥပဒေပုဒ်မ ၁၀၆(က)အရ သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် မတ် ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည့်အပြင် လွှတ်တော်ဆိုင်ရာ ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် သတ်မှတ်သည့်ကိစ္စရပ်အား အခြေခံဥပဒေခုံရုံးသို့ တင်ပြအဆုံးအဖြတ်ယူခြင်းကို ပြုလုပ်ခဲ့သဖြင့် ခုံရုံးမှ လွှတ်တော်များ၏ စွပ်စွဲပြစ်တင်ခံရပြီး ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ နုတ်ထွက်သွားခဲ့ရသည်။

ယခု ကျင်းပပြီးစီးခဲ့သည့် ပဉ္စမအကြိမ် ပုံမှန်လွှတ်တော်အစည်းအဝေးများတွင် သမ္မတ၏ သဘောထားမှတ်ချက်များနှင့် ပြန်လည်ပေးပို့လာသော ဥပဒေကြမ်းများအား အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့ပြီး မှတ်ချက်ဆယ်ခုအနက် နှစ်ခုအား သဘောတူပြီး ကျန်ရှစ်ခုအား လွှတ်တော်များ၏ မူလဆုံးဖြတ်ချက်အတိုင်း ထားရှိအတည်ပြုခဲ့ကာ ပြည်သူ့လွှတ်တော်ကလည်း အမျိုးသားလွှတ်တော်၏ သဘောထားအတိုင်း အတည်ပြုခဲ့သဖြင့် ဥပဒေအရ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုသည့်အတိုင်း ဖြစ်ခဲ့ပြီး ယခုလ ၁၈ ရက်တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် ပေးပို့ခဲ့သည်။

အဆိုပါ ပေးပို့ခဲ့သည့် ဥပဒေများအပေါ် နိုင်ငံတော်သမ္မတမှ ယခုလ ၂၄ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သ၀ဏ်လွှာပေးပို့ခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်အချို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ရန် လိုအပ်သကဲ့သို့ အပြန်အလှန်ထိန်းကျောင်းမှုပြုရန်ဟူသည့် ဒီမိုကရေစီကျင့်စဉ်နှင့် ညီညွတ်ရန်လိုကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

အခြေခံဥပဒေပုဒ်မ ၁၀၆ (ခ)နှင့် (ဂ)တို့တွင် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားသော ဥပဒေကြမ်း (သို့မဟုတ်) သမ္မတ၏မှတ်ချက်ကို လက်မခံဘဲ မူလအတိုင်း အတည်ပြုသော ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်အခါ သမ္မတသည် ဥပဒေကြမ်း ပြန်လည်ရရှိသည့်နေ့၏ နောက်တစ်နေ့မှ ခုနစ်ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်၊ လက်မှတ်ရေးထိုးခြင်းမပြုလျှင် သတ်မှတ်ကာလ ပြည့်မြောက်သည့်နေ့တွင် ဥပဒေကြမ်းသည် သမ္မတလက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်ဟု ပြဋ္ဌာန်းထားသည်။
from-7DayNewsjournal

No comments:

Post a Comment