Tuesday, November 20, 2012

ဥပဒေပြု မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင် လွှတ်တော်နဲ့ အခြေခံဖွဲ့ စည်းပုံ ခုံရုံး အကြား ပေါ်နေတဲ့ အငြင်းပွားမှုတွေဟာ Storming အဆင့် ကို ရောက်နေပြီ၊ ဒီအဆင့်ကို အမြန်ဆုံး ကျော်လွန်ပြီး Norming Stage ကို ရောက်အောင် ကြိုးစားကြရမယ်လို့ ပြောလာတဲ့ ဒေါက်တာ အောင်ထွန်းသက်

ပြောင်းလဲမှုစီမံခြင်း (၁၃)

ပြောင်းလဲမှုစီမံခြင်း (၁၃)

 ‘အလိမ္မာစာမှာရှိ’၊ ဒီအဆိုကို ဆရာ ကြားဖူးခဲ့တာ ကြာခဲ့ပါ ပြီ။ ကြားဖူးရုံမက စိတ်ရောကိုယ်ပါ လက်ခံ ခဲ့ပါတယ်။ ကျောင်း ဆရာ တစ်ဦး အနေနဲ့ သီအိုရီတွေနဲ့ ရင်းနှီးခဲ့တယ်။ အတွေးအခေါ် အယူအဆတွေကို မြတ်နိုးတယ် လေးစားတယ်။ ဒါကြောင့် ဘွဲ့လွန် သင်တန်းတွေ သင်ကြားတဲ့အခါ တချို့က စာတွေ့တွေ သိပ်များတယ်၊
လက်တွေ့ကို များများ သင်ပေးပါ။ လက် တွေ့ဘဝကို ဘယ်လို ရင်ဆိုင်သင့်သလဲ ဆိုတာတွေကို သင်ကြားပေး ပါလို့ တောင်းဆို လာကြတယ်။ သီအိုရီ ပိုင်အောင်လုပ်၊ ကျောင်းတက် နေတုန်း သီအိုရီကို သိအောင် နားလည်အောင်လုပ်၊ ကျောင်းပြီးမှ သီအိုရီတွေကို လက်တွေ့ အခြေအနေမှာ ဘယ်လို အသုံးချသင့်သလဲ ဆိုတာကို ကိုယ်ကိုတိုင် ဆင်ခြင် သုံးသပ်ဖို့ အမြဲ မှာကြားခဲ့ပါတယ်။
ဒီလိုပြောတာလည်း ကိုယ်တွေ့ အတွေ့အကြုံ အပေါ်အခြေခံပြီး ပြောခဲ့တာပါ။ ဆရာက စီးပွားရေး တက္ကသိုလ်မှာ စီမံ ခန့်ခွဲမှုပညာ ကို လေ့လာသင်ယူခဲ့တယ်။ သင်ကြားခဲ့တယ်။ တတ်နိုင်သမျှလေ့လာ ခဲ့တယ်၊ သုတေသနတွေ လုပ်ခဲ့တယ်။ ဒါကြောင့် စီမံခန့်ခွဲမှု ပညာနဲ့ ပတ်သက်တဲ့ သီအိုရီ အတော်လေး ကြေညက်ခဲ့တယ်။ နိုင်ငံတော်က တာဝန် ပေးတဲ့အခါ ဆရာက ဦးစီးဌာန တစ်ခုကို တာဝန်ယူခဲ့ရတယ်။ အခုလိုလက်တွေ့ စီမံ ခန့်ခွဲတဲ့အခါ အခက်အခဲတွေ သိပ်မတွေ့ရဘူး။ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ပြဿနာတွေ အားလုံးလိုလို သီအိုရီ အခြေခံတွေ ရှိပြီးသား။ မိမိ ဆည်းပူးခဲ့တာကို လက်တွေ့မှာ တိုက်ရိုက် အသုံးချနိုင်ခဲ့ပါတယ်။

ဆရာလေ့လာခဲ့တဲ့ ပြောင်းလဲမှု စီမံခန့်ခွဲမှု (Change Management) နဲ့ပတ်သက်ပြီး သီအိုရီ တစ်ခု ရှိခဲ့ပါတယ်။ ဒါကတော့ ပြောင်းလဲမှု အဆင့် လေးဆင့် Four-Stage of Change ပဲဖြစ်ပါ တယ်။ အမှန်စင်စစ် ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အသင်းအဖွဲ့ (Teams) တွေကို အခြေခံပြီး သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ အသင်းအဖွဲ့ လို့ အခြေခံထား ပေမယ့် အဖွဲ့အစည်း အဆင့်၊ နိုင်ငံအဆင့်မှာလည်း အသုံးချနိုင်တာ တွေ့ရပါတယ်။ ပြောင်းလဲမှုရဲ့ပထမ အဆင့်က ဖွဲ့ စည်းခြင်း (Forming) အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ အသင်း အဖွဲ့ အသစ်ဖြစ်ဖို့ အဖွဲ့ဝင်တွေ ပထမဦးဆုံး အကြိမ် ထိတွေ့ကြရတယ်။ တစ်ဦးနဲ့တစ်ဦး သူစိမ်းတွေ ဖြစ်တာမို့ ယဉ်ကျေး သိမ်မွေ့ကြတယ်။ တစ်ယောက်အကြောင်း တစ်ယောက် သိအောင် ဆောင်ရွက်ကြတယ်။ ဒီအဆင့်မှာ အချိန်သိပ်မကြာဘဲ ခပ်မြန်မြန် ကျော်လွှားနိုင်တယ်။

ဒုတိယအဆင့်က Storming အဆင့်ဖြစ်တယ်။ တစ်နည်းပြောရရင် လေမုန်တိုင်း တိုက်တဲ့ အဆင့်ပေါ့။ အဖွဲ့ဝင် အချင်းချင်း သူ့နေရာ ကိုယ့်နေရာ လုကြတယ်။ ကိုယ့်တာဝန်က ဘာလဲ၊ သူ့တာဝန်က ဘာလဲ ဒါတွေကို အကြိတ်အနယ် ဆွေးနွေးကြတယ်။ ငြင်းခုံကြ တယ်၊ နေရာတွေ လုကြတယ်။ တွန်းကြတိုက်ကြ အသားမကျ နိုင်လို့ အခုလိုပဲ ဖြစ်တာ။ တည်ငြိမ်မှု မရှိတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ဒီ အဆင့်ကို အမြန်ဆုံး ကျော်လွှားနိုင်ဖို့ အရေးကြီးတယ်။ ဒီအဆင့်မှာ အချိန်ကြာမြင့်လေလေ၊ အဖွဲ့အစည်း အတွက် နစ်နာလေလေ ဖြစ်ပါတယ်။

အခုလို ပထမနဲ့ ဒုတိယ အဆင့်တွေ ကျော်လွှားပြီးမှ တတိယ အဆင့်ဖြစ်တဲ့ Norming အဆင့်ကိုရောက်ရှိခဲ့ပါတယ်။ ဒီအဆင့်မှာ တော့ Norms တွေဖြစ်တဲ့ စံသတ်မှတ်ချက်တွေဟာ ပီပြင်ခဲ့ပါတယ်။ ဘယ်သူက ဘာလုပ်၊ ဘယ်သူ့မှာက တာဝန်ရှိတယ်။ ဘယ်လို ဆောင်ရွက်ကြသလဲဆိုတာကို ပေါ်ထွက်လာခဲ့တယ်။ နောက်ဆုံး အဆင့်ကတော့ (Performing) လုပ်ဆောင်မှု အဆင့်ကို ရောက်ရှိ ခဲ့ပါတယ်။ ဒီအဆင့် မှာတော့ အလုပ်တာဝန်တွေ သပ်သပ်ရပ်ရပ် ဆောင်ရွက်နိုင်စွမ်း ရှိပြီး သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေ အောင်မြင် ပြည့်ဝလာမှာ ဖြစ်ပါတယ်။

အသင်းအဖွဲ့ တစ်ခုဟာ ပြုပြင် ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ အဆင့်လေးဆင့်ကို ကျော်ဖြတ်ရမှာသာ ဖြစ်ပါတယ်။ အရေးကြီးဆုံးက Forming အဆင့်ကနေ Perfrming အဆင့်ကို အမြန်ဆုံး ရောက်အောင် ကြိုးစားရမှာသာ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ကြားအဆင့်ဖြစ်တဲ့ Storming နဲ့ Norming အဆင့်တွေ ကိုဖြတ်ကို ဖြတ်ရမှာ ဖြစ်ပါတယ်။ ရှောင်လို့ မဖြစ်ပါဘူး။ ဒီအဆင့် လေးဆင့်ကို ကူးပြောင်းတဲ့ နေရာမှာ မျဉ်းဖြောင့်ပုံစံ မဟုတ်ဘဲ U ပုံစံနဲ့ အောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီ သီအိုရီကို အခြေခံပြီး လက်ရှိ မြန်မာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းကို သုံးသပ် နိုင်မှာဖြစ်ပါတယ်။

ဥပဒေပြု မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင် လွှတ်တော်နဲ့ အခြေခံဖွဲ့ စည်းပုံ ခုံရုံး အကြား ပေါ်နေတဲ့ အငြင်းပွားမှုတွေဟာ Storming အဆင့် ကို ရောက်နေလို့ဖြစ်ပါတယ်။ ပထမအဆင့်ကတော့ ၂၀၁၀ ရွေးကောက်ပွဲပြီးပြီးချင်း လွှတ်တော် သမ္မတရုံး၊ တရားဥပဒေ အဖွဲ့ အစည်းတွေ ဖွဲ့စည်း ခဲ့ကြတယ်။ ဒါက Forming အဆင့်။ ဒီအဆင့် ကို ကျော်လွန်ပြီး အခုအချိန်မှာ Storming အဆင့်မှာ ရောက်နေတာ။ ငြင်းကြခုံကြ ဆွေးနွေးကြ အခုလို ဖြစ်နေတာဟာ သဘာဝ ကျပါ တယ်။ ဖြစ်ကို ဖြစ်ရမယ်။

ဒီအဆင့်ကို အမြန်ဆုံး ကျော်လွန်ပြီး Norming Stage ကို ရောက်အောင် ကြိုးစားကြရမယ်။ ဒီအဆင့်ကနေ နောက်ဆုံး Perforing Stage ကို မလွဲမသွေ ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာ့ သဘောကတော့ Storming အဆင့်မှာ ရောက်ရှိနေတာကို သိကြပါ။ ဒီအဆင့်ကို အမြန်ဆုံး ကျော်လွှား နိုင်အောင် ဝိုင်းဝန်း အဖြေ ရှာကြပါ။ ဒီအဆင့်ကနေ ကျန်တဲ့ အဆင့်ဖြစ်တဲ့ Norming အဆင့်ကို ဖြတ်ပြီး နောက်ဆုံး Performing အဆင့်ကို ရောက်အောင် အားထည့်ကြ ဖို့ တိုက်တွန်း အပ်ပါတယ်။

From -TheVoiceJournal

No comments:

Post a Comment