Tuesday, December 18, 2012

ကျွန်မကနှင်းဆီပါ မောင်’ ဇာတ်ကားတွင် သက်မွန်မြင့် ငြင်းဆန်သည့် ဇာတ်ဝင်ခန်းသည် ဒါရိုက်တာမှ ဖြည့်စွက်တဲ့ အခန်းသာဖြစ်ကြောင်း စာရေးဆရာမ ပုညခင် ပြောပြီ



ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင် မှာ သက်မွန်မြင့် ကနမ်းရမယ့် ဇာတ်ဝင် ခန်းကို ရိုက်ကူးဖို့ ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။ အဲဒီ ဇာတ်ဝင်ခန်း ကိုငြင်းဆန်မှု နဲ့ ပတ်သက်ပြီး “ကျွန်မက နှင်းဆီပါမောင်” ဝတ္ထုရေးသူ စာရေးဆရာမ ပုညခင် ကို ပရိသတ်တွေက ဝတ္ထုထဲက အကြာင်း ကို မေးမြန်း ခဲ့ကြကြောင်း သိရပါတယ်။

ပရိသတ်တွေရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားတဲ့ အနေနဲ့ စာရေးဆရာမ ပုညခင်က သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ အခုလို “ကျွန်မကနှင်းဆီပါမောင်” နဲ့ ပတ်သက်ပြီး ကျွန်မဘက်က ပြောစရာလေး ရှိလာပါတယ်။ အခုတလော ဂျာနယ်စာမျက်နှာထက်မှာ ဒီဇာတ် ကားရိုက်ဖို့ သက်မွန်မြင့် က ငြင်းဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ ပရိသတ် များက မေးမြန်းလာတဲ့ အတွက် ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။ ဒီဝတ္ထုက ကျွန်မရဲ့ အုပ်၁ဝဝပြည့် ဝတ္ထုပါ။ ၁၅. ၆.၂ဝ၁၁ နေ့က ရေးသား ပြီးစီးခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်။


သက်မွန်မြင့်က ကျွန်မဝတ္ထုကို ဖတ်ပြီးသားပါ။ သူငြင်းတာက ကျွန်မဝတ္ထု ထဲက အခန်းတွေကို မဟုတ်ပါဘူး။ ဒါရိုက်တာဖြည့်စွက်ထားတဲ့ အခန်းတွေကို ငြင်းတာပါ။ ဖြည့်စွက်ထားတဲ့ အခန်းတွေကို ကျွန် မသိရချိန်မှာ ဒီအခန်းတွေဟာ မြန်မာ့ယဉ်ကျေးမှုအရရိုက်မပြသင့်တဲ့ အခန်းတွေလို့ ယူဆတဲ့ အတွက် ပြန်ဖြုတ်ပေးဖို့ ဒါရိုက်တာကို တောင်းဆိုခဲ့ပေမယ့် ဒါရိုက်တာက လက်မခံခဲ့ပါဘူး။ အတိအကျ သိချင်လို့ ဒါရိုက်တာဆီက ဇာတ်ညွှန်းတောင်းပြီး ဖတ်ပါတယ်။ ဒါရိုက်တာကသူ Sexy ဖြစ်အောင် ရိုက်မှာမဟုတ်ဘူး လို့ဆိုခဲ့ပေမယ့် ကျွန်မ သေသေချာချာအထပ်ထပ် ဖတ်ပြီးတဲ့အချိန်မှာ တချို့ အခန်း တွေဟာ ဘယ်လိုပဲရိုက်ရိုက် ဒီအဓိပ္ပာယ်ပဲ သက်ရောက်နိုင်တယ်လို့ မြင်လာပါတယ်။
ကျွန်မဖန်တီးခဲ့တဲ့ထားသခင်ဟာ ဒီလိုစရိုက်မျိုး မဟုတ်ပါဘူး။ ဒီလိုအခန်းတွေ ထည့်လိုက်တဲ့အတွက် ထားသခင်ရဲ့စရိုက်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ကျွန်မ ဒါမျိုး ရေးတတ်တဲ့စာရေး ဆရာမ မဟုတ်ဘူး ဆိုတာ ကျွန်မရဲ့ ပရိသတ် တွေ အသိဆုံးပါ။ ကျွန်မ ဝတ္ထုရေးတဲ့ အခါ ကျွန်မ မိဘ၊ မောင်၊ ညီမကိုပေး မဖတ်ရဲတဲ့ ဝတ္ထုမျိုး မဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်နဲ့ ရေးပါတယ်။ ဒါရိုက်တာ မှာလည်းသူ့ ပညာနဲ့သူ ရှိ ပါလိမ့်မယ်။ ဒါရိုက်တာရဲ့ အပိုင်းကိုတော့ ကျွန်မ ဘာမှမဝေဖန်လိုပါဘူး ။သူဘယ်လို ရိုက်မယ် ဆိုတာ အတိအကျ ကြိုမသိနိုင်တဲ့ အတွက် ဘာကိုမှ ကြိုပြီး မဝေဖန် ချင်ပါဘူး။ ကျွန်မနဲ့ ပတ်သက်တာကိုပဲ ကျွန်မပြောတာပါ။ ကျွန်မ ဝတ္ထုနဲ့ အကယ်ဒမီ ရခဲ့တဲ့ မင်းသမီးလေး ဒီဇာတ်ကားကို ရိုက်ခွင့် မကြုံတော့တဲ့ အတွက်တော့ ကျွန်မ တကယ် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒါရိုက်တာ ဖြုတ်မပေးနိုင်တာလည်း သူ့ခံယူချက် နဲ့သူ ၊မင်းသမီးက ငြင်းတာ လည်း သူ့ခံယူချက်နဲ့သူ။ ကျွန်မ လက်မခံနိုင်တာ ဟာလည်း ကျွန်မခံယူချက် နဲ့ကျွန်မ။ ဘယ်သူမဆို လွတ်လပ်စွာကွဲလွဲနိုင် တာပဲမဟုတ်ပါလား ရှင်” လို့ပြောပါတယ်။ .

From:[_ ပေါ်ပြုလာဂျာနယ်_]

No comments:

Post a Comment