ရန်ကုန်ကားဈေးကွက်အတွင်း
မော်ဒယ်မြင့်ကားများမှာ Car Show Room များ၌ တစ်စီးလျှင် ပျမ်းမျှ ကျပ် ၁၀
သိန်းမှ သိန်း ၃၀ အတွင်း ဈေးနှုန်းများ ကျဆင်းလျှက်ရှိပြီး
ယာဉ်ရောင်းဝယ်ရေးစခန်းများ၌အတွင်း ကားဈေး များမှာကျပ် သိန်း၂၀ သိန်းမှ ၃၀
အတွင်း ဈေးကျဆင်းနေကြောင်း သိရှိရသည်။
ထိုကဲ့သို့
ကျဆင်းလာရခြင်းမှာ ၂၀၁၃ ခုနှစ်တွင် ထပ်မံရောက်ရှိလာတော့မည့် ၉၇ ခုနှစ်မှ
၂၀၀၇ အထိ မော်ဒယ်မြင့်ကားများ ရောက်ရှိလာတော့မည် ဖြစ်သည့်အပြင်
ယခင်ကတည်းက တရိပ်ရိပ် ကျဆင်းလာသော ကားဈေးကွက်အခြေအနေ
များကြောင့်ဖြစ်သည်ဟု ကားဈေးကွက်အတွင်းမှ တာဝန် ရှိသူများက ဆိုသည်။
ယခင်က
97/ 98/ 99 ခုနှစ်ထုတ် Surf ကားများသည်မူ ယခင်က ၄၀၀ သိန်း စွန်းစွန်းပင်
ရှိသော် လည်း ယခုနောက်ပိုင်း ကားဈေးများကျလာသည်နှင့်အလျောက် ဈေးများမှာ
၂၅၀ သိန်း ၀န်းကျင်သာ ရှိတော့ကြောင်း သိရှိရသည်။
``
အခုနောက်ပိုင်း ကားဈေးတွေ ကျတာ တစ်စီးကို အနိမ့်ဆုံး သိန်း ၁၀
သိန်းလောက်ကနေပြီးတော့ ၄၀ လောက်အထိကို ကျလာတာပါ၊ 1300 CC အောက်တွေရော 1300
CC အထက်တွေရော ကျတာပါ၊ အရင်တုန်းက သိန်း ၂၆၀ ကနေပြီးတော့ ၃၀၀ အတွင်းရှိတဲ့
HILUX SURF (4 WD) တွေဆိုရင်အခု သိန်း ၁၅၀ ၀န်းကျင်ပဲရှိတော့တယ်၊ Harrier(4
WD) 2000 CC ထုတ်ကားတွေဆိုရင် အရင်တုန်းက သိန်း ၂၅၀ ၀န်းကျင်ကနေ
အခုနောက်ပိုင်း သိန်း ၁၄၀ အတွင်းလောက်ပဲ ရှိတော့တယ်၊ ဈေးကျရတဲ့
အကြောင်းတွေထဲမှာ မော်ဒယ်အသစ်တွေ တင်သွင်းခွင့်ရတော့မှာနဲ့လည်း သက်ဆိုင်တယ်´´ ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှ ပြောသည်။
ထို့အပြင်
Car Show Room များတွင်လည်း အရောင်းအေးလျက် ရှိပြီး လျှော့ဈေး များဖြင့်
ရောင်းချ လာကြသည့် Show Room များလည်း ရှိလာကြောင်း တွေ့ရသည်။
မော်တော်ယာဉ်တင်သွင်းခွင့်နှင့်
ပတ်သက်၍ သက်ဆိုင်ရာမှ တဖြည်းဖြည်း လျှော့ချပေးလာခြင်းသည်
ကားဝယ်စီးနိုင်သည့် အခွင့်အရေးများ ရရှိလာသော်လည်း
ကားရောင်းဝယ်လုပ်ကိုင်သူများ အခက် အခဲရှိ လာကြောင်း သိရှိရသည်။
``ကျနော်တို့ဆီမှာ
အခုနောက်ပိုင်း ကားဝယ်တဲ့သူ နေနေသာသာ တစ်နေကုန်လို့ ကားလာ ကြည့်တဲ့ သူတောင်
မရှိသလောက်ပဲ၊ ကားတွေက ရောင်းရရင်လည်း 1300 CC အောက်ကားတွေနဲ့ အရစ်ကျ TAXI
ကားတွေလောက်ပဲ ရောင်းရတော့တာ၊ ပြီးတော့ မော်ဒယ်သစ်တွေ တင်သွင်းဖို့
နီးလာပြန်တဲ့ အချိန်ကပ်လာပြီဆိုတော့ ဒါတွေက Date Out လာတော့မဲ့
သဘောဖြစ်လာပြီလေ၊ ဒီတော့ ဈေးတွေ ချရောင်းရတော့တာပေါ့´´ ဟု သင်္ကန်းကျွန်း မြို့နယ် Car Show Room တစ်ခုမှ မန်နေဂျာဖြစ်သူ ကိုမင်းထက်ကိုမှ ပြောသည်။
မော်တော်ယာဉ်
တင်သွင်းသော လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၁ ခုနှစ်တွင် အနိမ့်ဆုံး ၉၅ မှ
အမြင့်ဆုံး ၂၀၀၅ အထိ မော်ဒယ် များအား တင်သွင်းခဲ့ပြုခဲ့သည်။ ၂၀၁၂
ခုနှစ်တွင်း အနိမ့်ဆုံး ၉၆ မှ အမြင့်ဆုံး ၂၀၀၆ ခုနှစ်အထိ
တင်သွင်းခွင့်ပြုခဲ့ပြီး ယခုလာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် အနိမ့်ဆုံး
၉၇ မှ အမြင့်ဆုံး ၂၀၀၇ ခုနှစ် မော်ဒယ်များ တင်သွင်းခွင့်ပြုရန်
သတ်မှတ်ထားကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ
သိရှိရသည်။
ကားဈေးကွက်အတွင်း
ယခုနောက်ပိုင်း မော်ဒယ်မြင့်ကားများထက် 1300 CC ကားများ Car Show Room
များတွင် အရောင်းအ၀ယ်ဖြစ်လျက်ရှိပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ
မော်ဒယ်မြင့် ကားများ အနည်းငယ် အရောင်းအ၀ယ်ဖြစ်လျက် ရှိသည်။
1300
CC ကားများတွင် လူငယ်ကြိုက်ဖြစ်သော Mazda(1300 CC) အမျိုးအစား
ပြိုင်ကားသည် အခြားကားများထက် စိတ်ဝင်စားမှု များပြားကြောင်း သင်္ကန်းကျွန်း
မြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုမှ ပြောသည်။
အဆိုပါကားတန်ဖိုးမှာ ၂၁၀ သိန်း ၀န်းကျင် ရှိသည်။
အဆိုပါ
ကားသည် ဂျပန်နိုင်ငံထုတ် အမျိုးအစား ဖြစ်သည်။ ကား၏
စိတ်ဝင်စားကြသည့် အချက် မှာ ပြိုင်ကားဟုဆိုသည်နှင့်
တံခါးနှစ်ပေါက်အမျိုးအစားသာ သိသော်လည်း Mazda သည်
တံခါးလေးပေါက်ပါရှိခြင်းဖြစ်ပြီး နောက်တံခါးနှစ်ပေါက်ကို အတွင်းမှ
ဖွင့်နိုင်ခြင်း၊ ထို့အပြင် 1.3 L(Rotary) အင်ဂျင်(လေယာဉ်)များတွင်သာ
အသုံးပြုသော အင်ဂျင်အမျိုးအစား အသုံးပြုထားခြင်း ကြောင့် ဖြစ် သည်။
``
အခုနောက်ပိုင်း ဂျပန်က ကားတွေကို ၀ယ်သူတွေ တော်တော်များများ
စိတ်ဝင်စား လာတာ တွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အပိုပစ္စည်း စုံလင်တာရယ်၊
လိုအပ်တဲ့ ပစ္စည်း ဆို ရင်တောင်မှ ဈေးသက်သက်သာသာနဲ့ အချိန်သိပ်ပေးစရာ မလိုတာ
ရယ်ကြောင့်ပါ၊ ရောင်းအားကတော့ ထုံးစံအတိုင်းမကောင်းပါဘူး၊ ဒါပေမဲ့
ရောင်းအားက အခုရက်ပိုင်းတော့ အရင်ကထက် စာရင် ရောင်းအား နည်းနည်း
ပြန်တက်လာတယ်၊ ဆိုင်လည်ပတ်လို့ ရရုံလောက်ပေါ့´´ ဟု သင်္ကန်းကျွန်း မြို့နယ်မှ ကိုမင်းထက်ကိုမှ ပြောသည်။
ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ
Surf ကားများနှင့် Prado ကဲ့သို့သော ကားများ ရောင်းရပြီး Land Rover
ကဲ့သို့သော ကားများ ရောင်းရကြောင်း သိရှိရသည်။
Hilux
Surf (3000CC) ကားများသည် သိန်း ၂၄၀ မှ ၂၆၀ အတွင်း ရှိကြောင်း သိရှိရသည်။
Prado (96) ထုတ်၊ အင်ဂျင်(2.7 L) အနေဖြင့် သိန်း ၃၂၀ မှ ၃၅၀ အတွင်း
ပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။
``
အခုနောက်ပိုင်း ၀င်းထဲမှာ ကားအမြင့်တွေတော့
နည်းနည်းအရောင်းအ၀ယ်ဖြစ်တယ်တော့ ကြားတယ်၊ အကိုတို့ ဘက်မှာတော့ ငြိမ်နေတယ်၊
Prado တွေကတော့ ဈေးနည်းနည်းတက်လာတယ်၊ ဘာလို့လဲ ဆိုတော့ ဒီကားတွေဘက်
စိတ်ဝင်စားတာ နည်းနည်းများ လာတော့ ဈေးတင်လာတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အ၀ယ်က
အဲလောက်လည်း မများပါဘူး၊ အရောင်း ကတော့ အစကထက်တောင် ပိုများ လာသေး တယ်´´ ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှ ပြောသည်။
ကားဈေးကွက်အတွင်း
ကားဈေးများသည် အတက်အကျ တည်ငြိမ်မှု မရှိသော်လည်း အရောင်းအ၀ယ် အနည်းငယ်
ရှိကြောင်း၊ ထို့အပြင် လူငယ်ကြိုက် ပြိုင်ကားများသည် သာမန်ကားများထက်
စိတ်ဝင် စားမှုများပြားပြီး အရောင်းအ၀ယ်ဖြစ်လျှက်ရှိသည်။
(မြစ်မခ)
by Myit Makha Mediagroup
by Myit Makha Mediagroup
No comments:
Post a Comment