“ပူတာအို”ဟု အသံကြားလိုက်ရင်
မြန်မာနိုင်ငံမြောက်ပိုင်းအကျဆုံး၊ ရေခဲတောင်ရှိသည့် နေရာဒေ သတစ်ခုမှန်း
အားလုံးအသိပင်။ ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်မှု အပြည့်အဝပေးသည့်
နယ်မြေတစ်ခုအဖြစ်လည်း တည်ရှိနေသည်။
ဟိမဝန္တာတောင်တန်းကြီး သွယ်တန်းတည်ရှိပြီး
ရှားပါးသည့် သတ္တဝါ၊ ပန်းမျိုးစုံ၊ သဘာဝ သီးနှံများဖြင့် အလှဆင်ထားသော
ပန်းချီကားတစ်ချပ်လို မြင်ကွင်းတစ်ဆုံး ကျယ်ပြောလှပေသည်။
အေးချမ်းသည့် နယ်မြေဒေသတစ်ခုဖြစ်၍ ထိုဒေသမှ
အမျိုးသမီးများသည် လှပသည့် အသားအရည်ကို ပိုင်ဆိုင်ထားကြသည်။ အသားအရည်
ဖြူဝင်းကာ မျက်နှာတွင် ပါးနီဖို့စရာမလိုအောင်ပင် ပန်းနုရောင် သန်း နေသည်။
တောင်ဇလပ်နှင့် သစ်ခွနက်မှာ ဒေသတွင်း အလှဆင်သည့်ပန်းများအဖြစ် ရှိနေကြသည်။
ထိုဒေသရှိ အမျိုးသမီးငယ်များမှာ
လှပသည့်အသားအရေ ပိုင်ဆိုင်ကြသော်လည်း သူတို့ လက်ချောင်း များမှာ အသာမာတက်
ကြမ်းတမ်းနေသည်။ ကြံ့ခိုင်သည့် ခန္ဒာကိုယ်၊ ထုံးဖွဲ့ ထားသည့် ဆံနွယ်၊
ဖျတ်လတ်သည့် ခြေထောက်တို့က သူတို့၏ မိသားစုအတွက် အားမာန်တစ်ခုလို။
သူတို့မှာ ဝမ်းစာအတွက် ရုန်းကန်နေရသဖြင့် ပညာရေးဘက်ကို ခြေဦးမတည့်နိုင်ကြ။
မိန်းကလေးများသည် အိမ်ထောင်ပြု၊ သားမွေးရမည်ဟု
အစွဲပြုကာ အလယ်တန်းကျောင်း မှ ကျောင်းရပ် နား လိုက်ကာ တောင်ယာစိုက်ခင်းသို့
ရောက်သွားသည်က များလှပေသည်။
မှောင်မည်းနေသည့် မြူအုပ်ဆိုင်းကြားတွင်
ရီသံလွင်လွင် ကြားနေရသည်။ မကြာခင်ထို လူအုပ်အရိပ်ကို စမ်း တစ်ဝါးဝါး
မြင်နေရပြီ။ အဖာ၊ အစပ်များဖြင့် ချုပ်ထားသည့် အနွေးထည်၊
ကျောင်းစိမ်း လုံခြည်အောက်တွင် ရှည်ထွက်နေသော အနွေးဘောင်းဘီရှည်များ
ဝတ်ဆင်ထား သည့် ကျောင်း သားများပင်။
သူတို့သည် ပူတာအို မြို့နယ် မာမူးလဲ
ကျေးရွာအုပ်စုမှ ကျောင်းသားများဖြစ်သည်။ ပူတာအို အ.ထ. က ကျောင်းသို့သွားရန်
မနက် (၇) နာရီခွဲမှ ရွာက ခြေကျင် ထွက်လာကြခြင်းဖြစ်သည်။ ကျောင်းမှာ ၎င်းတို့
ကျေးရွာမှ ခြေကျင်လျှောက်လျှင် (၁)နာရီခွဲခန့် ကြာကြောင်း သိရသည်။
ထိုကျောင်းသားအထဲမှ အသက်(၁၆)နှစ်ရှိ (၉) တန်း ကျောင်းသူ အေမီနာ တစ်ယောက်က သူ၏ ရည်ရွယ်ချက်ပန်းတိုင်မှာ ကျောင်းဆရာမတစ်ဦး ဖြစ်ချင်ကြောင်း ပြောသည်။
အေမီနာသည် မောင်နှမ (၅) ယောက်ထဲမှ အကြီးဆုံးတစ်ယောက်ဖြစ်သည်။ ဖခင်မှာ မျက်စိကွယ်နေ သဖြင့် မိခင် တောင်ယာလုပ်ငန်းတွင် ကျောင်းတက်ရင်း ဝိုင်းဝန်း ကူညီပေးနေသူလည်းဖြစ်သည်။
“ကျွန်မ
ကျောင်းဆရာမ အရမ်းဖြစ်ချင်တယ်။ အိမ်မှာက ပိုက်ဆံမရှိတော့ အမေက
ကျောင်း မထား ချင်တော့ဘူး။ ကျွန်မက ကျောင်းမထွက်ချင်ဘူး။ ဆရာမ လုပ်ချင်တယ်။
ဆရာမ လုပ်ရင်း ပိုက်ဆံ ရှာချင်တယ်။” ဟု သူမက ပြောသည်။
သူမ ညီမနှင့်
မောင်လေးများသည် သူငယ်တန်း၊ ပထမတန်း၊ အဋ္ဌမတန်း တက်ရောက်နေပြီး မောင်လေး
တစ်ယောက်မူ ငွေရေးကြေးရေး အခက်အခဲကြောင့် မိဘမဲ့ဂေဟာသို့ ပို့ထားကြောင်း
သိရသည်။
အေမီနာသည် မာမူးလဲ ကျေးရွာအုပ်စုမှ ဘုရားကောင်းကြီးခံစားရသည့် သူတစ်ဦးဖြစ်ကာ တနည်း အားဖြင့် ကံကောင်းသူတစ်ဦးဟု ဆိုရမည်ဖြစ်သည်။
ပူတာအို ခရိုင်တွင် စားဝတ်နေရေးအခက်အခဲကြောင့်
မိဘများက မိမိသားသမီးများအားလုံးကို ပညာရေး မှာ ထူးချွန်အောင် ပံ့ပိုးမှု
မပေးနိုင်သဖြင့် သားယောင်္ကျားများကိုသာ ကျောင်းထားရန် အဓိက ဦးစားပေးနေ ရသည်
ကို မြင်တွေ့နေရခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏
ပညာရေးအဆင့်သုံးဆင့်ရှိသည့်အနက် ပူတာအိုခရိုင်တွင် မူလတန်းအဆင့်တွင်
ကျောင်း သား များထက် ကျောင်းသူများက များပြားနေပြီး အလယ်တန်းအဆင့်တွင်
မိသားစု၏ ငွေရေးကြေးရေး အခက်အခဲ ကြောင့် အလယ်တန်းအဆင့် တက်ပြီးနောက်
ကျောင်းသူလေး များ ကျောင်းထွက်သွား သည်က များသည်။
အထက်တန်းအဆင့်တွင်မူ ကျောင်းသူမှာ (၂၀) ရာခိုင်နှုန်းသာ တွေ့မြင်ရ တော့သည်ဟု ပူတာအိုမြို့နယ် အမျိုးသားလွှတ်တော် ဦးဂျေယောဝူက ပြောသည်။
မြို့နှင့်ဝေးလံခေါင်သီသည့် အဆိုပါ ကျေးရွာများ၌ မိသားစု တစ်ခုလျှင် သားသမီး အနည်းဆုံး ၅မှ ၆ ဦး ခန့်ရှိပြီး အများဆုံး (၉)ဦးမှ (၁၀) ဦး အထက် ရှိသည်။ ထိုသို့ သားသမီး များပြားခြင်းကြောင့် မိန်းကလေး များထက် ယောင်္ကျားသားများကို ပညာရေးပိုင်းတွင် ဦးစားပေးကြသည်။
ယင်းတို့ မိန်းကလေးများ အလယ်တန်း ပညာရေးအဆင့်
ရောက်ပြီး ကျောင်းထွက်ကြကာ မိသားစု အလုပ် ဖြစ်သည့် တောင်ယာ၊ လယ်ယာ
လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီကြ ရသည်။ ကျောင်းတက် အရွယ်ဖြစ်သည့် သူတို့မှာ
အိမ်အလုပ်လုပ်ရင်း အိမ်ထောင်ပြုလိုက်ကြသည်က အများ။
အဆိုပါ ကျေးရွာများတွင် အသက် (၁၅) နှစ်မှ အသက် (၂၀) ကြားတွင် အိမ်ထောင်ပြုကြသည်က ဓလေ့တစ်ခုလို ဖြစ်လာခဲ့သည်။
“ အသက် (၂၀) ကျော် အပျိုရှိတာ မတွေ့ရသလောက်ပဲ။ အိမ်ထောင်ပြုတာ အရမ်းစောတယ်။” ဟု ဦးဂျေယောဝူက ပြောသည်။
ပူတာအို ခရိုင်သည် လမ်းပန်း ဆက်သွယ်ရေး
အခက်ခဲခြင်း၊ စားဝတ်နေရေး အကြပ်အတည်းရှိခြင်းတို့ ကြောင့် သားသမီးများကို
မိဘများက ပညာရေးပိုင်းသို့ တွန်းမပို့နိုင်ကြပေ။
အချိန်တန် အရွယ်ရောက်လျှင် အိမ်ထောင်ပြု၊
သားမွေးပြီး တောင်ယာလုပ်ငန်း၊ လယ်လုပ်ငန်း များကို တနိုင်တပိုင်
အလုပ်လုပ်ရင်း ဘဝကို ကျော်ဖြတ်နေကြသည်။
အချို့တလေ ငွေကြေးတက်နိုင်သူများမှာ မြို့သို့ ကျောင်းပို့ထားသည်မှာလည်း ရှိသည်။ သို့သော် ၎င်းမှာ အနည်းအကျဉ်းသာဖြစ်သည်။
၎င်းခရိုင်တွင်
တက္ကသိုလ်စာမေးပွဲဖြေဆိုအောင်မြင်သည့် ကျောင်းသားတစ်ဦးတစ်ယောက်မှ ဆရာ ဝန်
ကျောင်းတက်နိုင် သူ ယခုထိ မရှိသေးပေ။ ဒီအပြင် အင်ဂျီနီယာ
ကျောင်းတက်နိုင်သူလည်း တစ်ဦးမျှ မရှိကြောင်း ပြီးခဲ့သည့် လွှတ်တော်
အစည်းအဝေးတွင် ဦးဂျေယောဝူက တင်ပြဆွေးနွေးခဲ့သည်။
ပူတာအိုမြို့နယ်တွင် မချမ်းဖော့ အ.ထ.က၊
ဆွမ်ပရာဘွမ် အ.ထ.က၊ နောင်မွန်း အ.ထ.က၊ ပူတာအို အ.ထ.က (၁) နှင့် (၂)
ကျောင်းရှိပြီး တစ်နှစ်လျှင် တက္ကသိုလ် စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား
ဦးရေ (၂၀၀၀) ကျော်ရှိပြီး အောင်မြင်သူ ကျောင်းသားမှာ (၂၀၀) ခန့်
ရှိကြောင်း သိရသည်။
“ တစ်ခါတစ်လေ အောင်သူမရှိတဲ့ နှစ်တောင် ရှိတယ်။” ဟု ဦးဂျေယောဝူက က ပြောသည်။
၂၀၁၂- ၂၀၁၃ ခုနှစ် ပညာသင်နှစ် ပူတာအို
ခရိုင်တွင် ပထမဦးဆုံး (၃) ဘာသာ ဂုဏ်ထူးထွက် သည့် မောင်ငွားဂျောဆာသည်
ငွေကြေး ခက်ခဲခြင်းကြောင့် ယခုတိုင် တက္ကသိုလ်ကျောင်း တက်ရန် ကျောင်းမအပ်
နိုင်သေးပေ။
“ ယဉ်ကျေးမှုရုံးမှာ လာပြောတယ် အလုပ်ရှာပေးဖို့၊ ဒါမှ မဟုတ်ရင် ကျောင်းတက်ဖို့ ထောက်ပံ့မယ့် လူရှာပေးဖို့ လာပြောတယ်။” ဟု ပူတာအို ယာဉ်ကျေးမှုရုံးမှ အတွင်းရေးမှူး ဦးယောစီက ပြောသည်။
အဆိုပါ မြို့များတွင် ကျောင်းဆရာမ လုံလောက်မှု
မရှိခြင်း၊ ဗမာ စကား နားမလည်ခြင်း စသည်တို့ကြောင့် ကျောင်းသားများ
ကျောင်းစာ မလိုက်နိုင်ခြင်းနှင့် မိသားစု ငွေရေးကြေးရေး အခက်အ ခဲများကြောင့်
ကျောင်း သားများ ပညာရေးတွင် လွန်စွာအားနည်းနေကြောင်း ပူတာအိုမြို့ရှိ
နည်းပညာအ ထက်တန်းကျောင်းမှ ကျောင်းဆရာမ ကိုင်ဆိုင်းက ပြောသည်။
သို့သော် ပူတာအိုမှ တောင်ပေါ်သူလေးများက သူတို့ရဲ့အနာဂတ်သာယာရန် အတွက် မျှော်လင့်ချက် ကိုယ်စီနဲ့ ဘ၀ပန်းတိုင်ကိုလျှောက်လှမ်းနေကြပါတယ်။
No comments:
Post a Comment